ဇန်န၀ါရီ ၁၅၊ ၂၀၁၆
M-Media
– ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပြတ်သားသည့်ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသည့်အတွက် စိုးရိမ်သည်ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဌ ဒုတိယဗိုလ်ချုပ် ရွက်စစ်က ပြောကြားလိုက်ပြီး၊ သမ္မဦသိန်းစိန်နှင့် မိမိတို့လက်မှတ်ထိုးထားသည့် အပစ်ရပ်ရေး သဘောတူညီချက်ကို ဖျက်သိမ်းခြင်းမပြုရန် တိုက်တွန်းလိုက်သည်။
လာမည့်လတွင် အစိုးရသစ်ဖွဲ့စည်းရန် ပြင်ဆင်နေသည့် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ရယူရန်မှာ အစိုးရသစ်၏ ပထမဦးစားပေးလုပ်ငန်း ဖြစ်မည်ဟု ဖွင့်ဟပြောကြားထားသည်။
တနင်္လာနေ့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က RFA သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပိုမိုပြည့်ဝသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သတ်၍ ပြောကြားခဲ့ပြီး သမ္မတဦးသိန်းစိန်၏ ကြိုးပမ်းမှုကို ဝေဖန်ခဲ့သည်။
“နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးသဘောတူညီချက် ရရှိမှု အမှတ်သင်္ကေတအဖြစ် ဒီငြိမ်းချမ်းရေးညီလာခံ လုပ်တယ်လို့ ကျွန်မနားလည်ပါတယ်။ တကယ့် ငြိမ်းချမ်းရေးညီလာခံက နောက်အစိုးရတက်မှ ဆက်ပြီးလုပ်ရမှာပါ” ဟု ပြောကြားခဲ့ပြီး အစိုးရသစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်စဉ် မည်ကဲ့သို့ဆောင်ရွက်မည်ဆိုခြင်းနှင့် ပတ်သက်၍ အနည်းငယ်သာပြောကြားခဲ့သည်။
သို့သော်လည်း ရွက်စစ်ကမူ “သူ့(ဒေါ်အောင်ဆန်းစုကြည်)ရဲ့ ပေါ်လစီကို ကျွန်တော်တို့ သိဖို့လိုပါတယ်။ ဘယ်လိုပေါ်လစီချမှတ်မယ်ဆိုတာကို ကျွန်တော်တို့ မတွေ့ရသေးပါဘူး။ ဒါ့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သူ ဘယ်လိုဆောင်ရွက်မလဲဆိုတာ ခန့်မှန်းဖို့ ခက်ခဲပါတယ်” ဟု ယမန်နေ့ညတွင် Reuters သတင်းဌာသို့ ပြောကြားခဲ့သည်။
RCSS နှင့် ၎င်း၏လက်နက်ကိုင်အဖွဲ့ ရှမ်းပြည်တပ်မတော်-တောင်ပိုင်း (SSA-S) တို့မှာ အောက်တိုဘာလအတွင်း အစိုးရနှင့် အပစ်ရပ်ရေး လက်မှတ်ရေးထိုးခဲ့သည့် လက်နက်ကိုင် ၈ ဖွဲ့တွင် ပါဝင်ခဲ့သည်။ RCSS မှာ တပ်သား ၆၀၀၀ ၀န်းကျင်ရှိပြီး ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်လှုပ်ရှားနေသည်ဟု မြန်မာငြိမ်ချမ်းစောင့်ကြည့်အဖွဲ့၏ အဆိုအရ သိရသည်။
မြန်မာအစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့တွင် ၇ ဖွဲ့က လက်မှတ်ရေးထိုးခဲ့ခြင်းမရှိပေ။
ကာကွယ်ရေးဦစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တနင်္လာနေ့က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးညီလာခံ၌ နိုင်ငံတွင် တပ်မတော်တစ်ခုတည်းသာ ရှိရမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။ သို့သော်လည်း ဆယ်စုနှစ်များစွာကြာ တိုက်ခိုက်လာခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား လက်ရှိ စစ်တပ်တွင် ထည့်သွင်းမည်လား၊ သို့မဟုတ် မည်ကဲ့သို့ ဆောင်ရွက်မည်ဆိုသည့်ကိစ္စမှာ အခြေအတင်ဆွေးနွေးရမည့် ပြဿနာဖြစ်နေသည်။
SSA-S အနေဖြင့် လက်နက်စွန့်လွှတ်မည်လားဟု မေးမြန်းရာ ရွက်စစ်က “ဘယ်တော့မှ မစွန့်လွှတ်ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။
Ref: Channelnewsasia
Leave a Reply
You must be logged in to post a comment.