ဇန်န၀ါရီ ၁၆၊ ၂၀၁၆
M-Media
– ခန္ဓာကိုယ်တစ်ခုလုံး၏ သွေးလည်ပတ်စီးဆင်းမှုကို အသားနှင့် ထိတွေ့စရာမလိုပဲ စောင့်ကြည့်နိုင်မည့် ကိရိယာတစ်မျိုးကို ကနေဒါသုတေသီများက တီထွင်လိုက်ပြီး နှလုံးသွေးကြော လည်ပတ်စီးဆင်းမှုဖြစ်စဉ်များကို ကြိုတင်ခန့်မှန်းနိုင်၍ ရောဂါများကာကွယ်ရာတွင် ဆရာဝန်များအတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည်။
ဆင်ဆာနှင့် ကင်မရာကို အသုံးပြုထားသည့် အဆိုပါကိရိယာကို Coded Hemodynamic Imaging ဟု ခေါ်ဆိုပြီး အလွယ်တကူ သယ်ဆောင်သွားနိုင်ကာ အရေပြားနှင့်ထိတွေ့စရာမလိုဘဲ သွေးကြောပေါင်းများစွာကို စောင့်ကြည့်နိုင်မည်ဖြစ်သည်။ ယင်းကိရိယာမှာ ထိခိုက်ရှနာကဲ့သို့ လူနာတစ်ဦးချင်းစီနှင့် ကူးစက်ရောဂါကဲ့သို့ လူနာအုပ်စုလိုက်တွင်လည်း အသုံးပြုနိုင်မှာဖြစ်ကာ နာတာရှည်အိမ်တွင်းလူနာများ၊ အရေးပေါ်အခြေအနေဖြစ်နေသော လူနာများတွင်လည်း အသုံးပြုနိုင်မည်ဟု သုတေသီများက ပြောကြားခဲ့သည်။
၁၉၃၀ ပြည့်နှစ်များကတည်းက ဆရာဝန်များမှာ PPG ဟုခေါ်ဆိုသည့် စနစ်ကိုသုံး၍ သွေးလှည့်ပတ်မှုကို စောင့်ကြည့်ခဲ့ကြပြီး ဆင်ဆာဖြင့်ကြည့်ရှုသည့် နေရာတစ်နေရာအတွက်သာ သွေးလှည့်ပတ်မှုကို စစ်ဆေးနိုင်သည်။
“ဒီကိရိယာလေးက ခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုးမှာ သွေးစီးဆင်းပုံကို တိုင်းတာနိုင်မယ့် အာရုံခံပစ္စည်းအတုအယောင်တွေလို မျိုးဆောင်ရွက်ပေးပါတယ်၊ သွေးခုန်နှုန်းကို အဆက်မပြတ်စောင့်ကြည့်ပေးပြီး ကွန်ပြူတာပေါ်ကို သတင်းအချက်အလက်တွေ ပို့ဆောင်ပေးပါတယ်၊ နှိုင်းယှဉ်ပြောရမယ်ဆိုရင် မြို့တစ်မြို့မှာ ကားပိတ်တဲ့နေရာတစ်ခုကို ကြည့်နေတာထက် တစ်မြို့လုံးမှာရှိတဲ့ ကားသွားလာနေမှု အခြေအနေကို လိုက်ကြည့်တာမျိုးနဲ့ အတူတူပါပဲ” ဟု သုတေသနပြုလုပ်ခဲ့သည့် ကနေဒါရှိ ၀ါတာလူးတက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာ ရောဘတ်အေမီ လာ့ဒ်က ပြောကြားခဲ့သည်။
လေ့လာမှုပြုလုပ်စဉ်အတွင်း အကွာအဝေး နှစ်မျိုးထားကာ စမ်းသပ်မှုပြုလုပ်ခဲ့ပြီး နှစ်မျိုးစလုံးတွင် အောင်မြင်ခဲ့သည်ဟုဆိုသည်။ ပထမတစ်ကြိမ်တွင် စင်တီမီတာ ၂၀ အကွာတွင် ထိုကိရိယာကို ထားရှိခဲ့ခြင်းဖြစ်ပြီး၊ ဒုတိယတစ်ကြိမ်တွင်မူ ၁.၅ မီတာအကွယ်အဝေးတွင် ထားရှိခဲ့ခြင်းဖြစ်သည်။
Ref: IINA
Leave a Reply
You must be logged in to post a comment.