News @ M-Media

Blog

  • အစ္စလာမ့်ဘဏ္ဍာရေးကဏ္ဍ ၂၅ နှစ်အတွင်း ၂၀ ရာခိုင်နှုန်း တိုးတက်လာ

    အစ္စလာမ့်ဘဏ္ဍာရေးကဏ္ဍ ၂၅ နှစ်အတွင်း ၂၀ ရာခိုင်နှုန်း တိုးတက်လာ

    ဇန်န၀ါရီ ၁၄၊ ၂၀၁၆
    M-Media

    – အစ္စလာမ့်ဝန်ဆောင်မှုလုပ်ငန်းများနှင့် ထုတ်ကုန်များမှာ မကြာသေးမီနှစ်များအတွင် သိသိသာသာတိုးတက်လာခဲ့သည်ဟု အာရဗ်ငွေကြေးရံပုံငွေအဖွဲ့ (AMF) ၏ အထွေထွေဒါရိုက်တာနှင့် ဥက္ကဌဖြစ်သူ ဒေါက်တာ အဗ္ဗဒူလ် ရဟ်မန်အလ်-ဟာမီဒီက ပြောကြားခဲ့သည်။

    ၂၀၀၀ ခုနှစ်မှစ၍ ၂၀၁၄ အဆုံးပိုင်းအထိ အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းမှာ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး စုစုပေါင်း ကန်ဒေါ်လာ ၂ ထရီလီယံအထိ ရောက်ရှိခဲ့သည်။ ထိုသို့တိုးတက်လာခြင်းမှာ အစ္စလာမ်နည်းကျ အာမခံဝန်ဆောင်မှုလုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းများ ကျယ်ပြန့်လာခြင်းကြောင့် ဖြစ်သည်ဟု အလ်-ဟာမာဒီက ဆိုသည်။

    “ဒီဝန်ဆောင်မှုလုပ်ငန်းတွေကို တောင်းဆိုမှုမြင့်တက်လာတာ၊ အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးဝန်ဆောင်မှု ပေးဖို့ သာမန်ဘဏ်တွေက ဆန္ဒရှိလာတာတွေကြောင့် ဒီလုပ်ငန်းဟာ အလျင်အမြန်ပဲ တိုးတက်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု ၄ ရက်ကြာ ကျင်းပခဲ့သော အစ္စလာမ့်နည်းကျအာမခံလုပ်ငန်း (Takaful) အစီအစဉ် ဆွေးနွေးပွဲတွင် အလ်-ဟာမာဒီက ထည့်သွင်းပြောကြားခဲ့သည်။

    အဘူဒါဘီအခြေစိုက် AMF နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ဘဏ္ဍာရေးကျွမ်းကျင်သူ ၂၄ ဦး တက်ရောက်ခဲ့သည်။

    Ref: INNA

  • အိန္ဒိယကမ်းခြေတွင် ဝေလငါး ၈၀ ကျော်သောင်တင်

    အိန္ဒိယကမ်းခြေတွင် ဝေလငါး ၈၀ ကျော်သောင်တင်

    ဇန်န၀ါရီ ၁၄၊ ၂၀၁၆
    M-Media

    whale

    – အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ် နန်ဒူးပြည်နယ်ရှိ ကမ်းခြေပေါ်တွင် ဝေလငါး ၈၁ ကောင် အင်္ဂါနေ့က သောင်တင်ခဲ့ပြီး ထိုအထဲမှ အနည်းဆုံး ၄၅ ကောင်မှာ သေဆုံးခဲ့သည်ဟု သိရသည်။

    မွန်နားပင်လယ်ကွေ့ အဏ္ဏ၀ါသဘာဝဥယျာဉ်မှ တောရိုင်းတိရစ္ဆာန်စောင့်ရှောက်သူ ဒီပက် ဂီလီကမူ မိမိတို့မှာ အသက်ရှင်နေသည့် ဝေလငါများကို ပင်လယ်ထဲသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ကမ်းခြေသို့ ပြန်လာမှုများမှာ မရှိသလောက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဒဏ်ရာရထားတဲ့ အကောင်ကြီးတွေကတော့ ပြန်လှည့်လာပြီး အကောင်ငယ်တွေကတော့ ကောင်းကောင်းသွားနိုင်ကြပါတယ်” လို့ ဘီလ်ဂီက ပြောကြားခဲ့သည်။

    သိပ္ပံပညာရှင်များ၏ စုံစမ်းမှုများအရ ပင်လယ်ပြင်တွင် လမ်းပျောက်သွားခြင်းကြောင့် ထိုကဲ့သို့ သောင်တင်ခြင်းဖြစ်သည်ဟု ဆိုပြီးဝလငါးအသေများကို ခွဲစိတ်ကြည့်ရန် စီစဉ်နေသည်။

    “ဒါဟာ ၁၉၇၃ ခုနှစ်ပြီးကတည်းက ပထမကြိမ်ကြုံတွေ့ရတာဖြစ်ပါတယ်။ အဲဒီတုန်းက ဝေလငါး အကောင် ၁၂၀ ဒီနေရာမှာပဲ သောင်တင်ခဲ့တာဖြစ်ပါတယ်” ဟု အစိုးရ တာန်ဝရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အိန္ဒိယတွင် ယခုသောင်တင်ခဲ့သည့် ဝေလငါးများမှာ ပင်လယ်အနက် တစ်ကီလိုမီတာထိ ကူးခတ်နိုင်သည့် ရေနက်ပိုင်းနေ နို့တိုက်သတ္တ၀ါများ ဖြစ်သည်ဟု ဆိုသည်။

    Ref: Al-jazeera

  • ဂျကာတာတိုက်ခိုက်မှုအဆုံးသတ်၊ IS အကြမ်းဖက်အဖွဲ့က ၎င်းတို့လက်ချက်ဟု ကြေငြာ

    ဂျကာတာတိုက်ခိုက်မှုအဆုံးသတ်၊ IS အကြမ်းဖက်အဖွဲ့က ၎င်းတို့လက်ချက်ဟု ကြေငြာ

    ဇန်န၀ါရီ ၁၄၊ ၂၀၁၆
    M-Media

    jakatar 4

    – ယနေ့မနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာမြို့လယ်ကောင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာကို ထိန်းချုပ်နိုင်ခဲ့ပြီဟု အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ယနေ့ညနေပိုင်းတွင် ကြေငြာလိုက်သည်။

    သမ္မတအိမ်တော်နှင့် ကုလရုံးခန်းတို့တည်ရှိရာ နေရာအနီးတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုတွင် စုစုပေါင်း လူ ၇ ဦးသေဆုံးခဲ့ပြီး ထိုအထဲတွင် သေနတ်သမား ၄ ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ပါဝင်သည်ဟု ရဲတပ်ဖွဲ့၏ ကြေငြာမှုအရ သိရသည်။ စောစောပိုင်းက ရဲတပ်ဖွဲ့ဝင် ၅ ဦး၊ အရပ်သား ၇ ဦးနှင့် သေနတ်သမား ၅ ဦး သေဆုံးခဲ့သည်ဟု ကြေငြာခဲ့ သော်လည်း နောက်ပိုင်းတွင် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူ များလည်း ရှိခဲ့သည်။

    ရိုင်ဖယ်များကိုင်ဆောင်ထားသည့်သေနတ်သမား ၆ ဦးမှာ ဆိုင်ကယ်ဖြင့် ၀င်ရောက်လာခဲ့ကြပြီး လူအုပ်အတွင်း ပစ်ခတ်မှုများပြုလုပ်ကာ၊ အချို့မှာ ဖောက်ခွဲရေးပစ္စည်းများကို သယ်ဆောင်လာကြသည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ အချို့သေနတ်သမားများမှာ ဆိုင်ကယ်နှစ်စီးဖြင့် ထွက်ပြေးသွားကြသည်ဟု ရဲတပ်ဖွဲ့ရင်းမြစ်တစ်ခုက ဆိုသည်။

    အခင်းဖြစ်ပွားရာအနီးတွင် ဗုံးဖောက်ခွဲမှု ၆ ခု ဖြစ်ပွားခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင်များနှင့် သေနတ်သမားများအကြား အပြန်အလှန်ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့သည်။

    သမ္မဂျိုကိုဝီကမူ တိုက်ခိုက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သူများကို ရှာဖွေနှိမ်းနင်းရန် အမိန့်ပေးခဲ့သည်။ ကမ္ဘာအပေါ်တွင် အစ္စလာမ်ဘာသာဝင်အများဆုံးရှိသည့် အင်ဒိုနီးရှားတွင် ဖြစ်ပွားခဲ့သော အဆိုပါ ထိုတိုက်ခိုက်မှုအတွက် IS အဖွဲ့က တာဝန်ယူခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံခြားသားများကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဖားကန့်တွင် မြေစာပုံ ထပ်မံပြိုကျမှုကြောင့် လူ ၄၀ ပျောက်ဆုံး

    ဖားကန့်တွင် မြေစာပုံ ထပ်မံပြိုကျမှုကြောင့် လူ ၄၀ ပျောက်ဆုံး

    ဇန်န၀ါရီ ၁၄၊ ၂၀၁၆
    M-Media

    ph

    – ကမ္ဘာ့အဆင့်မီ ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်တွင် အင်္ဂါနေ့ညပိုင်းက မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄၀ ပျောက်ဆုံးနေသည်ဟု သိရသည်။

    ဒေသစံတော်ချိန် ည ၁၀ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလက မြေစာပုံပြိုကျမှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့သည့် နေရာနှင့် မနီးမဝေးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    “၄၀ လောက်ပျောက်ဆုံးတယ်လို့ ကျွန်မကြားပါတယ်။ ဒါပေမယ့် ပျောက်ဆုံးနေသူတွေထဲက ၃ ဦးရဲ့ အမည်တွေကိုသာ ကျွန်မတို့ ရရှိပါသေးတယ်။ ထိခိုက်သူတွေကို ကူညီဖို့ ကျွန်မတို့သွားပေမယ့် နောက်ထပ် မြေစာပုံပြိုကျမယ့် အန္တရာယ်ကြောင့် သိပ်များများစားစား မလုပ်နိုင်ပါဘူး” ဟု ကချင် အမျိုးသားလူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ အတွင်းရေးမှူးဖြစ်သူ နော်လောက ပြောကြားခဲ့သည်။

    နိုဝင်ဘာလအတွင်းက ပေ ၂၀၀ ခန့်ရှိသည့် မြေစာပုံပြိုကျမှုကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ပြီးခဲ့သည့်လကလည်း ထပ်မံပြိုကျမှုကြောင့် လူအချို့သေဆုံးခဲ့သည်။ အစိုးရကမူ ထိုဒေသအန္တရာယ်ကင်းရှင်းရေးအတွက် ယခုအချိန်အထိ မည်သည့်ဆောင်ရွက်မှုမှ ပြုလုပ်ခြင်း မရှိသေးပေ။

    Ref: RFA

  • မန်ယူနည်းပြဗန်ဂါးလ် မီဒီယာနှင့် ပြဿနာဖြစ်ပြန်

    မန်ယူနည်းပြဗန်ဂါးလ် မီဒီယာနှင့် ပြဿနာဖြစ်ပြန်

    ဇန်န၀ါရီ ၁၄၊ ၂၀၁၆
    M-Media

    van

    – အင်္ဂလိပ်မီဒီယာများနှင့် သဟဇာတဖြစ်အောင် မဆက်ဆံတတ်ဟု ဝေဖန်ခံနေရသည့် မန်ယူနည်းပြ ဗန်ဂါးလ်မှာ အသင်း၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးအား ကြိမ်မောင်းပြောဆိုခဲ့သည်ဟု သိရသည်။

    နယူးကာဆယ်အား ၃ ဂိုးစီသရေကျခဲ့သည့်ပွဲပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီဒီယာများက တိုက်စစ်မှူးရူနီအား “လူဝကြီး” ဟု ဝေဖန်ပြောဆိုမှုကို မကျေနပ်၍ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

    “ခင်ဗျားတို့ပဲ သူ့ကို ဝေဖန်နေတာလေ။ ကျွန်တော်က ဝေဖန်တာမဟုတ်ဘူး” ဟု ဂျာနယ်လစ်တစ်ယောက်ကို လက်ညှိုးထိုး၍ ပြောကြားခဲ့ပြီး “ခင်ဗျားလည်း ဘာထူးလဲ။ လူဝကြီးပဲ” ဟု ကြိမ်းမောင်းပြောဆိုကာ သတင်းစာရှင်းလင်းပွဲမှ ထွက်သွားခဲ့သည်။

    The Sun သတင်းစာ၏ ဂျာနယ်လစ်ဖြစ်သူ နီးလ် ကက်စ်တစ်က ဗန်ဂါးလ်လက်ညှိုးထိုး၍ ပြောခဲ့သူမှာ မိမိဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီး ဆိုရှယ်စာမျက်နှာမှတစ်ဆင့် ပြန်လည်တုန့်ပြန်ခဲ့သည်။

    “ခင်ဗျားမှန်တယ် လူးဝစ်။ ကျွန်တော်က ဖက်တီးဖြစ်နေတယ်။ လွန်ခဲ့တဲ့လေးလလောက်က ကျွန်တော် ဒူးခေါင်းခွဲစိပ်လိုက်ရတယ်။ ဒါက ပြေးဖို့၊ ဂျင်မ်သွားကစားဖို့ ကျွန်တော့်ကို အဟန့်အတားဖြစ်စေခဲ့တယ်။ ရလဒ်ကတော့ နှစ်စတုံလောက် ၀ိတ်တက်လာတာပါပဲ။ အနည်းဆုံးတော့ ကျွန်တော့်အားနည်းချက်ကို ထုတ်ပြောနိုင်တယ်လေ။ ထုတ်မပြောနိုင်တဲ့ အခြားလူတွေကတော့ ရှက်စရာပေါ့ဗျာ”

    ဗန်ဂါးမှာ အင်္ဂလိပ်မီဒီယာများနှင့် ဆက်ဆံရေး အဆင်မပြေဟု ယခင်က သတင်းများထွက်ပေါ်ခဲ့ပြီး၊ မန်ယူအသင်း၏ ကျဆင်းမှုကို အကြောင်းခံကာ မီဒီယာများကလည်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဗန်ဂါးလ်အား ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့သည်။

    Ref: Goal