News @ M-Media

Blog

  • သမ္မတပူတင် စစ်ရာဇ၀တ်ကောင်အဖြစ် ကန်သမ္မတ သမုတ်

    သမ္မတပူတင် စစ်ရာဇ၀တ်ကောင်အဖြစ် ကန်သမ္မတ သမုတ်

    မတ် ၁၇၊ ၂၀၂၂

    M-Media 

    -ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမီပူတင်ကို စစ်ရာဇ၀တ်ကောင်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ခေါ်၀ေါ်သမုတ်လိုက်ပါတယ်။ 

    ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှု စတုတ္တပတ်ထဲကို ၀င်လာတဲ့အချိန် ကမ္ဘာခေါင်းဆောင်တစ်ဦးက ပူတင်ကို အပြင်းထန်ဆုံး ၀ေဖန်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ 

    မနေ့က အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒန်က ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာသန်း ၈၀၀  ဖိုး  ထပ်ပေးမှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ 

    ၃ ပတ်အတွင်း ယူကရိန်းကို အမေရိကန်ကပေးတဲ့ စစ်ရေးအကူအညီဟာ အနည်းဆုံး ဒေါ်လာ ၁.၄ ဘီလီယံဖိုးရှိလာပြီး ဒါဟာ သမိုင်းတစ်လျှောက် နိုင်ငံတစ်နိုင်ငံကို အမေရိကန်က အချိန်တိုတိုအတွင်း စစ်ဖက်ဆိုင်ရာ ထောက်ပံ့မှုမှာ အများဆုံး ဖြစ်ပါတယ်။ 

    သတင်းထောက်တွေက  သမ္မတပူတင်ကို စစ်ရာဇ၀တ်ကောင်လို့ သတ်မှတ်လားဆိုတဲ့ မေးခွန်းကို ကန်သမ္မတက မဖြေဘဲ လှည့်ထွက်သွားပြီးမှ ပြန်လာကာ စစ်ရာဇ၀တ်ကောင်လို့ ထင်ကြောင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။

    ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က သမ္မတဘိုင်ဒန်ရဲ့ ဒီမှတ်ချက်ဟာ လက်မခံနိုင်စရာ၊ ခွင့်မလွှတ်နိုင်စရာ ပြောဆိုမှုဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ 

    Ref: Reuters 

  • မွတ်စလင်ကျောင်းသူများ ပု၀ါမဆောင်းရအမိန့်ကို အိန္ဒိယတရားရုံး ထပ်မံ အတည်ပြု

    မွတ်စလင်ကျောင်းသူများ ပု၀ါမဆောင်းရအမိန့်ကို အိန္ဒိယတရားရုံး ထပ်မံ အတည်ပြု

    မတ် ၁၆၊ ၂၀၂၂

    M-Media 


    -အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်အစိုးရရဲ့ မွတ်စလင်ကျောင်းသူတွေ ပု၀ါမဆောင်းရအမိန့်ကို ပြည်နယ် တရားရုံးချုပ်က ထပ်မံအတည်ပြုလိုက်ပါတယ်။ 

    ဒီအတည်ပြုချက်ကြောင့် တစ်ခြားပြည်နယ်တွေမှာပါ ဒီလိုအမိန့်တွေ ထုတ်ပြန်လာမယ့်အနေအထား ဖြစ်လာပါတယ်။ 

    ကာနာတာကာ ပြည်နယ်အစိုးရဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက စာသင်ကျောင်းတွေမှာ ဘာသာရေးဆိုင်ရာ အ၀တ်အစားတွေ မ၀တ်ရဆိုတဲ့အမိန့် ထုတ်ပြန်ခဲ့ပြီး အခုနှစ်အစောပိုင်းမှာ စတင် ကျင့်သုံးခဲ့တာပါ။ 

    မွတ်စလင်ကျောင်းသူတွေ ပု၀ါဆောင်းတာကို အဓိက ပစ်မှတ်ထားခဲ့ပြီး ဆရာတွေက ကျောင်းထဲ၀င်ခွင့်မပေးတာ၊ အိမ်ပြန်ခိုင်းတာတွေ ရှိခဲ့သလို၊ ဟိန္ဒူ လက်ယာစွန်းရောက်တွေကလည်း ပု၀ါဆောင်းထားတဲ့ မွတ်စလင်ကျောင်းသူတွေကို နှောက်ယှက်တာတွေ ရှိခဲ့ပါတယ်။ 

    ဒီအမိန့်ဟာ အခြေခံဥပဒေက အာမခံပေးထားတဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်တာဖြစ်တယ်လို့ မွတ်စလင်ကျောင်းသားတွေက ပြည်နယ်တရားရုံးချုပ်ကို တိုင်တန်းခဲ့တာပါ။ 

    မနေ့က တရားရုံးချုပ်ရဲ့ အမိန့်မှာ ပု၀ါဆောင်းတာဟာ အစ္စလာမ်ဘာသာရဲ့ အဓိကကျင့်၀တ် မဟုတ်တာကို တွေ့ရတဲ့အတွက် ကျောင်းသူတွေ ပု၀ါမဆောင်းရဆိုတဲ့အမိန့်ကို ထပ်မံအတည်ပြုဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ 

    ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တရားရုံးကိုလျှောက်ထားတဲ့ မွတ်စလင်ကျောင်းသားတွေဖက်က ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် ပြည်ထောင်စု တရားရုံးချုပ်ကို အယူခံတင်ဖို့ ရှိနေပါတယ်။ 

    ကာနာတာကာ ပြည်နယ်ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ကြီးစိုးတဲ့ ဒေသဖြစ်ပြီး သူတို့ကြီးစိုးတဲ့ တစ်ခြားပြည်နယ်တွေမှာပါ လုပ်ဆောင်လာမှာကို မွတ်စလင်တွေက စိုးရိမ်နေကြပါတယ်။ 

    Ref: The Guardian 

  • ရုရှား-ယူကရိန်းဆွေးနွေးပွဲ တိုးတက်မှုအနည်းငယ်ရှိလာ

    ရုရှား-ယူကရိန်းဆွေးနွေးပွဲ တိုးတက်မှုအနည်းငယ်ရှိလာ

    မတ် ၁၆၊ ၂၀၂၂

    M-Media 

    -စစ်ပွဲရပ်ရေး ယူကရိန်းနဲ့ ရုရှားတို့ရဲ့ ဆွေးနွးမှုတွေမှာ တိုးတက်မှု အနည်းငယ်ရှိလာတာကို တွေ့လာရပါတယ်။ 

    ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဟာ ၃ ပတ်အတွင်း ရောက်လာပြီ ဖြစ်ပြီး တိုက်ခိုက်မှုတွေကလည်း ပိုမို ပြင်းထန်လာပါတယ်။ 

    မြို့ကြီးတစ်ချို့ကို သိမ်းပိုက်နိုင်ပြီလို့ ရုရှားဖက်က ပြောဆိုထားပါတယ်။ စစ်ပွဲကြောင့် ယူကရိန်းအရပ်သား သေဆုံးမှုအရေအတွက် မြင့်တက်လာပြီး၊ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်ကလည်း သန်းချီ ရှိလာပါတယ်။ 

    ယူကရိန်းသမ္မတ ဇယ်လင်စကီးက ဆွေးနွေးပွဲမှာ ရုရှားရဲ့ တောင်းဆိုမှုတွေက ပိုပြီး လက်တွေ့ကျလာတာကို တွေ့ရကြောင်း၊ ဆွေးနွေးပွဲ အောင်မြင်ဖို့အတွက် အချိန်ယူရမှာဖြစ်ကြောင်း အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ကို ၀င်ရောက်လို့မရဘူးဆိုတဲ့ အချက်ကို တိုင်းပြည်က နားလည်ရမယ်လို့လည်း ဇယ်လင်စကီးက ပြောပါတယ်။ ကျူးကျော်မှုအတွက် ရုရှားရဲ့ အကြောင်းပြချက်တွေထဲမှာ ယူကရိန်းကို နေတိုးအဖွဲ့၀င်မဖြစ်စေဖို့ အချက်လည်း ပါ၀င်ပါတယ်။ 

    ရုရှားနိုင်ငံခြားရေး၀န်ကြီး ဆာဂျီလာဗရော့က ညှိနှိုင်းဖို့အတွက် မျှော်လင့်ချက်ရှိနေတယ်လို့ မနေ့က ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးရဖို့ မလွယ်သေးဘူးလို့ ဆိုပါတယ်။ 

    Ref: BBC 

  • အာဆီယံ ၃ နိုင်ငံမှ အလုပ်သမားများကို ထိုင်းက သက်တမ်း ၂ နှစ် ထပ်တိုးခွင့်ပြု

    အာဆီယံ ၃ နိုင်ငံမှ အလုပ်သမားများကို ထိုင်းက သက်တမ်း ၂ နှစ် ထပ်တိုးခွင့်ပြု

    မတ် ၁၆၊ ၂၀၂၂

    M-Media

    -လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အလုပ်လုပ်ခွင့်ပါမစ်ကို နောက်ထပ် ၂ နှစ် သက်တမ်းတိုးခွင့်ပြုဖို့ ထိုင်းအစိုးရက အင်္ဂါနေ့မှာ အတည်ပြုလိုက်ပါတယ်။ 

    ထိုင်းနိုင်ငံမှာ အနည်းဆုံး ၄ နှစ် တရား၀င် နေထိုင်အလုပ်လုပ်ကိုင်ခဲ့တဲ့သူတွေသာ ဒီအခွင့်အရေးကို ခံစားရမှာပါ။ သက်တမ်းကုန်ရင် မိခင်နိုင်ငံ ပြန်စရာမလိုဘဲ ၆ လအတွင်း နောက်ထပ် ၂ နှစ် သက်တမ်းတိုးနိုင်မှာ ဖြစ်ပါတယ်။ 

    ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ သာနာကွန် ၀မ်ဘွန် ကွန်ချနာက  ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားလာလို့ မရတဲ့ နိုင်ငံခြား အလုပ်သမားတွေ အဆင်ပြေဖို့ လုပ်ဆောင်ပေးတာဖြစ်ပြီး၊  တစ်ချိန်တည်းမှာပဲ နိုင်ငံခြားသားအလုပ်သမား လိုအပ်ချက်ကို ဖြေရှင်းပြီးသားဖြစ်ကာ စီးပွားရေးလုပ်ငန်းတွေ ရှေ့ဆက်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ 

    ထိုင်းနိုင်ငံမှာ တရား၀င်ရော၊ တရားမ၀င်ပါ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား သန်းချီရှိနေပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းဖက်ကို တရားမ၀င်သွားရောက် အလုပ်ရှာဖွေတဲ့ မြန်မာနိုင်ငံသားအရေအတွက် ပိုများလာပြီး ထိုင်းအာဏာပိုင်တွေကလည်း ဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာပါတယ်။ 

    Ref : The Star 

  • ယူကရိန်းကိစ္စနှင့်ပတ်သက်၍ ထိုင်၀မ်ကို တရုတ်က အပြစ်ရှာ

    ယူကရိန်းကိစ္စနှင့်ပတ်သက်၍ ထိုင်၀မ်ကို တရုတ်က အပြစ်ရှာ

    မတ် ၁၆၊ ၂၀၂၂

    M-Media

    -ထိုင်၀မ်ဟာ ယူကရိန်းကိစ္စကို အမြတ်ထုတ်နေတယ်လို့ တရုတ်က လူသိရှင်ကြား ၀ေဖန်လိုက်ပါတယ်။ 

    ရုရှားလိုပဲ တရုတ်ကလည်း ထိုင်၀မ်ကို ဒီလို ကျူးကျော် တိုက်ခိုက်နိုင်တယ်လို့ ထိုင်၀မ်ပြည်သူတွေက ရှုမြင်နေပြီး၊ ဒုက္ခရောက်နေတဲ့ ယူကရိန်းနိုင်ငံသားတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း ပေးပို့နေတာ ဖြစ်ပါတယ်။ 

    ထိုင်၀မ်က လွတ်လပ်တဲ့ ဒီမိုကရက်တစ် နိုင်ငံအဖြစ် ရပ်တည်နေပေမယ့် တရုတ်က ထိုင်၀မ်ဟာ သူတို့ပိုင်နက်ဖြစ်ပြီး ပြန်လည် ပေါင်းစည်းဖို့အတွက် လိုအပ်ရင် အင်အားသုံးသွားမယ်လို့ အရင်ကတည်းက ပြောထားပါတယ်။

    ယူကရိန်းကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ထိုင်၀မ်က ပေးပို့တာ၊ ရုရှားအပေါ် ထိုင်၀မ်က စီးပွားရေးပိတ်ဆို့မှုတွေဟာ ယူကရိန်းကိစ္စကို  အသုံးချပြီး သူတို့ရဲ့တည်ရှိမှုကို တရား၀င်အောင် လုပ်နေတာဖြစ်ပြီး၊ ဓားခုတ်ရာ လက်၀င်လျှိုနေတာလို့ တရုတ်အစိုးရ ထိုင်၀မ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်က မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

    Ref: Reuters