News @ M-Media

Blog

  • IS နှင့် အကြမ်းဖက်အဖွဲ့များမှာ အစ္စလာမ်ကို ကိုယ်စားမပြုဟု အိန္ဒိယ ထိပ်တန်းမွတ်စလင်ခေါင်းဆောင် ပြော

    IS နှင့် အကြမ်းဖက်အဖွဲ့များမှာ အစ္စလာမ်ကို ကိုယ်စားမပြုဟု အိန္ဒိယ ထိပ်တန်းမွတ်စလင်ခေါင်းဆောင် ပြော

    ဇန်န၀ါရီ ၇၊ ၂၀၁၆
    M-Media

    india

    – အန္ဒိယရှိ မွတ်စလင်နိုင်ငံရေးပါတီများနှင့် ဘာသာရေးအဖွဲ့အစည်းများ ပေါင်းစည်းထားသည့် Hurriyat Conference ခေါင်းဆောင် ဆယဒ် အလီ ရှားဟ် ဂီလာနီက IS နှင့် အခြားသော အကြမ်းဖက်အဖွဲ့များကို ရှုတ်ချလိုက်ပြီး ထိုအဖွဲ့များမှာ အစ္စလာမ်ကို ကိုယ်စားမပြုဟု ပြောကြားလိုက်သည်။

    “IS၊ တဟ်ရီးက်-အီ-တာလီဘန် ပါကစ္စတန်နဲ့ အခြားသော အဲဒီလိုအုပ်စုတွေဟာ အစ္စလာမ်ကို ကိုယ်စားမပြုပါဘူး။ IS ဟာ အပြစ်မဲ့သူတွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပြီး တဟ်ရီက်အလ်-အီ-တာလီဘန် ပါကစ္စတန်အဖွဲ့ကလည်း ပါကစ္စတန်ကို နိုင်ငံအတွင်းကနေ အင်အားနည်းချိနဲ့အောင် လုပ်တဲ့အဖွဲ့ပါပဲ” ဟု ဂီလာနီက ပြောကြားခဲ့သည်။ Hurriyat Conference အဖွဲ့မှာ နိုင်ငံရေး၊ လူမှုရေးနှင့် ဘာသာရေးအဖွဲ့အစည်း ၂၆ ခု ဖွဲ့စည်းထားသည့် အဖွဲ့ကြီးဖြစ်သည်။

    ပြီးခဲ့သည့် လအနည်းငယ်အတွင်း ကက်ရှ်မီးယားလူငယ်များ ပြုလုပ်သည့် ဆန္ဒပြမှုများတွင် IS အလံများ ပါဝင်ခဲ့ပြီး နောက် ဂီလာနီက ထိုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ IS အဖွဲ့အား နိုင်ငံတကာမှ မွတ်စလင်အသင်းအဖွဲ့များ၊ ပညာရှင်များနည်းတူ အိန္ဒိနှင့် ပါကစ္စတန်တို့ရှိ မွတ်စလင်များကလည်း ယခင်ကတည်းက ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။

    Ref : The Hindu

  • ယီမင်ရှိ အီရန်သံရုံးကို ဆော်ဒီ တိုက်လေယာဉ်များက တိုက်ခိုက်

    ယီမင်ရှိ အီရန်သံရုံးကို ဆော်ဒီ တိုက်လေယာဉ်များက တိုက်ခိုက်

    ဇန်န၀ါရီ ၇၊ ၂၀၁၆
    M-Media

    iran

    – ပဋိပက္ခများဖြစ်ပွားနေသော ယီမင်နိုင်ငံ မြို့တော်ဆန်နာရှိ အီရန်သံရုံးကို ဆော်ဒီတိုက်လေယာဉ်များက တိုက်ခိုက်ခဲ့ပြီး၊ အစောင့်အနည်းငယ်မှာ ဒဏ်ရာရရှိခဲ့သည်ဟု အီရန်က ပြောကြားလိုက်သည်။

    ယီမင်နိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့် ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့အနေဖြင့် ထိုစွပ်စွဲမှုအား စုံစမ်းစစ်ဆေးသွားမည်ဟု မဟာမိတ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အဟ်မဒ် အက်စ်ရီက ပြောကြားခဲ့သည်။

    ထို့ပြင် မဟာမိတ်တပ်ဖွဲ့များက ယမန်နေ့က ဆန်နာတွင် လေကြောင်းမှတိုက်ခိုက်မှု ကြီးကြီးမားမားပြုလုပ်ခဲ့ပြီး ဟူသီပြည်သူ့စစ်များ အသုံးပြုသည့် လောင်ချာများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု အက်စ်ရီက ၀န်ခံပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါသူပုန်များမှာ စွန့်ပစ်ထားသော သံရုံများအပါအ၀င် အရပ်ဖက် အဆောက်အဦးများအား အသုံးပြုသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    မိမိတို့ မဟာမိတ်တပ်ဖွဲ့မှာ နိုင်ငံအားလုံးထံမှ ၎င်းတို့ သံရုံးများ၏ တည်နေရာများကို တောင်းထားသည်ဟုလည်း အက်စ်ရီက ဆိုသည်။

    ဆော်ဒီက ရှီအာဘာသာရေးခေါင်းဆောင် နီမာရ် အလ်-နီမာရ်ကို ပြီးခဲ့သည့်တစ်ပတ်က ကွပ်မျက်ခဲ့မှုကို မကျေနပ်သည့် အီရန်ပြည်သူများက တီဟီရန်ရှိ ဆော်ဒီသံရုံးကို တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းတို့နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    Ref: RT

  • အာဖရိကတွင် ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ လိင်ပိုင်ဆိုင်ရာ စော်ကားမှုအသစ်များ ထွက်ပေါ်

    အာဖရိကတွင် ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ လိင်ပိုင်ဆိုင်ရာ စော်ကားမှုအသစ်များ ထွက်ပေါ်

    ဇန်ဝါရီ ၇၊ ၂၀၁၆
    M-Media

    un

    – ဗဟိုအာဖရိကသမ္မတနိုင်ငံ (CAR) ၏ မြို့တော် ဘန်ဂွီတွင် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များက အသက်မပြည့်သေးသော မိန်းကလေးငယ်များကို လိင်ပိုင်းဆိုင်ရာစော်ကားမှုများ ကျူးလွန်ခဲ့သည့်ဟု စွပ်စွဲချက် အသစ်များ ထွက်ပေါ်လာမှုနှင့်ပတ်သက်၍ ကုလက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

    MINUSCA ဟုခေါ်သည့် CAR ရှိ ကုလသမဂ္ဂကိုယ်စားအဖွဲ့မှ အင်္ဂါနေ့က ထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် “ဘန်ဂွီရှိ ကုလငြိမ်းချမ်းရေးတပ်များနှင့် နိုင်ငံတကာတပ်ဖွဲ့ဝင်များ ကျူးလွန်ခဲ့ကြသည့် လိင်ပိုင်းဆိုင်ရာမတော်မတရားမှုများနှင့် အခြားအဓမ္မပြုမှုများကို စုံစမ်းရှာဖွေလျက်ရှိနေသည်” ဟု ဖော်ပြထားသည်။

    ကုလသမဂ္ဂသည် CAR တွင် ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ ပြဿနာများအတွက် တာဝန်ပျက်ကွက်ခဲ့ကြောင်း ၀န်ခံခဲ့သည်။

    ကုလအထွေထွေအတွင်းရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က အနိုင်ကျင့်ခံရသည့် ကလေးငယ် လေးဦးကို ဆေးဝါးနှင့် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုများ ထောက်ပံ့ပေးထားကြောင်း ပြောကြားခဲ့သည်။ သို့သော် အခင်းဖြစ်ပွားခဲ့သည့် အချိန်နှင့် ကျူးလွန်ခဲ့သည့် တပ်ဖွဲ့ဝင် မည်မျှပါဝင်ကြောင်းကို အတိအကျ မသိရသေးပေ။

    ကုလသမဂ္ဂ၏ မူဝါဒအရ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရသည့် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ၏ ဇာတိနိုင်ငံများကို ထုတ်ပြောခွင့်မရှိဟု ဒူဂျာရစ်က ဆိုသည်။

    ၂၀၁၅ အစောပိုင်းက ကုလသမဂ္ဂမှာ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နိုင်ငံများအနက် လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသည့် နိုင်ငံများစာရင်းကို ထုတ်ပြန်ခဲ့ပြီး အဆိုပါနိုင်ငံများတွင် ကွန်ဂိုသမ္မတနိုင်ငံ၊ လိုက်ဘေးရီးယား၊ ဟေတီနိုင်ငံနှင့် တောင်ဆူဒန်တို့ ပါဝင်သည်။

    CAR သို့ပို့ဆောင်ခဲ့သည့် ကုလ၏ ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် အင်အား ၁၁၀၀၀ ခန့် ရှိနေသည်။ ထို့ပြင် အာဖရိကသမဂ္ဂ တပ်ဖွဲ့ဝင် ၅၆၀၀ ခန့်၊ ပြင်သစ်ခြေလျင်တပ်သား ၂၀၀၀ မှာလည်း CAR တွင် တပ်စွဲထားသည်။

    Source: Al-jazeera

  • ကမ္ဘာ့လိုက်ဝယ်သာဝိတ်ချန်ပီယံ ကရောဖို့ဒ် ချန်ပီယံ ကာကွယ်ပွဲ ထိုးသတ်မည်

    ကမ္ဘာ့လိုက်ဝယ်သာဝိတ်ချန်ပီယံ ကရောဖို့ဒ် ချန်ပီယံ ကာကွယ်ပွဲ ထိုးသတ်မည်

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    – ပက်ကွီအိုနှင့် ထိုးသတ်ရန် အားခဲထားသော်လည်း ဖြစ်မလာခဲ့သောကြာင့် အမေရိကန် နာမည်ကြီး လက်ဝှေ့သမား တာရန့်စ် ကရောဖို့ဒ်မှာ ဟန့်လန်ဒီနှင့် လာမည့်လတွင် ချန်ပီယံဘွဲ့ ကာကွယ်ပွဲကို ထိုးသတ်သွားမည်ဟု ပြောကြားလိုက်သည်။

    ကမ္ဘာ့ လိုက်ဝယ်သာဝိတ်ချန်ပီယံ ကရောဖို့ဒ်မှာ ပက်ကွီအိုနှင့်ထိုးသတ်ရန် မျှော်လင့်ထားခဲ့သော်လည်း ဖိလစ်ပိုင်လက်ဝှေ့ကျော်မှာ ၎င်း၏ ပြိုင်ဘက်ဟောင်း တီမိုသီ ဘရက်ဒလေနှင့် ထိုးသတ်ရန် ရွေးချယ်ခဲ့သောကြောင့် ကရောဖို့ဒ်မှာ မျှော်လင့်ချက်မပြည့်ဝခဲ့ပေ။

    WBO ချန်ပီယံကာကွယ်ပွဲအဖြစ် တစ်နိုင်ငံတည်းသား ဟန့်လန်ဒီနှင့် ထိုးသတ်မည့် ကရောဖို့ဒ်၏ ထိုပွဲမှာ လာမည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် Madison Square Garden ၌ ပြုလုပ်သွားမည်ဖြစ်သည်။

    အမေရိကန်၏ တက်သစ်စ လက်ဝှေ့သမားဟု နာမည်ကြီးနေသည့် ကရောဖို့ဒ်မှာ ၀ိတ်တန်းနှစ်ခု ချန်ပီယံဖြစ်ပြီး ၂၇ ပွဲ ထိုးသတ်ပြီးရာတွင် ရှုံးပွဲမရှိဘဲ ၁၉ ပွဲကို အလဲထိုးနိုင်ခဲ့သည်။ နောက်ဆုံးပွဲမှာ နိုဝင်ဘာလတွင် ဒီယာရီ ဂျင်းနှင့် ထိုးသတ်ခဲ့သည့်ပွဲဖြစ်ပြီး ၁၀ ချီမြောက်တွင် အလဲထိုးနိုင်ခဲ့သည်။

    Ref: Dailymail

  • တရုတ် ကြက်ငှက်တုပ်ကွေးသတင်းကြောင့် ဟောင်ကောင်တွင် အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်

    တရုတ် ကြက်ငှက်တုပ်ကွေးသတင်းကြောင့် ဟောင်ကောင်တွင် အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်

    ဇန်န၀ါရီ ၇၊ ၂၀၁၆
    M-Meedia

    hong kong

    – အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ အလွန်ကူးစက်မြန်သည့် ကြက်ငှက်တုပ်ကွေးကြောင့် တရုတ်နိုင်ငံတွင် သေဆုံးခဲ့ပြီးနောက် ဟောင်ကောင်နယ်စပ် စစ်ဆေးရေးဂိတ်များတွင် အမြင့်ဆုံးသတိပေးချက်များ ထုတ်ပြန်ထားသည်ဟု သိရသည်။

    တရုတ်နိုင်ငံတောင်ဘက် ကွမ်းတုံပြည်နယ် ရှန်ဇန်းမြို့၌ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် H5N6 တုပ်ကွေး ကူးစက်မှုကို ပထမဆုံးတွေ့ရှိခဲ့ရခြင်းဖြစ်ပြီ၊ ကူးစက်ခံရသည့်အမျိုးသမီးကို ဆေးရုံတွင် ကုသမှုပေးခဲ့သော်လည်း ထိုနေ့တွင်ပင် သေဆုံးသွားခဲ့သည်။

    ရှန်ဇန်း မြူနီစီပယ် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနက အဆိုပါအမျိုးသမီးသည် ကြက်၊ ဘဲဈေးသွားရာမှ သို့မဟုတ် ကြက်ငှက်အရှင်များနှင့် ထိတွေ့ရာမှ ကူးစက်ခံခဲ့ရခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။ ယင်းဒေသတွင် နောက်ထပ်ကူးစက်ခံရသူ အသက် ၄၀ နှစ်ရှိ အမျိုးသမီးတစ်ဦးမှာလည်း စိုးရိမ်ဖွယ်ရာအခြေအနေတွင် ရှိနေကြောင်း သိရသည်။

    H5N6 ဗိုင်းရပ်စ်သည် ကြက်များ၊ ဘဲများတွင် ဖြစ်ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ကာ၊ ကြက်၊ ဘဲများ မွေးမြူရေးခြံများမှတစ်ဆင့် အလွန်လျင်မြန်စွာ ပျံ့နှံ့လွယ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အဆိုပါ ဗိုင်းရပ်စ်ပိုးမှ လူအနည်းငယ်ကိုသာ ကူးစက်ခဲ့သော်လည်း လူလူချင်းကူးစက်ခံရမှု များလာပါက တစ်နိုင်ငံလုံးအထိ ကူးစက်ပျံ့နှံ့ လာနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သတိပေးပြောကြားခဲ့သည်။

    လူသန်းပေါင်းများစွာ ခရီးသွားကြသည့် တရုတ်နှစ်ကူးမှာ ဖေဖော်ဝါရီလာတွင် ကျရောက်မည့်အချိန်တွင် ယခုကဲ့သို့ ကြက်ငှက်တုပ်ကွေးပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်သည်။

    ရှန်ဇန်းမြို့နှင့် ဟောင်ကောင်နယ်စပ်အကြား နယ်စပ်မြို့များတွင် အန္တရာယ်ရှိသဖြင့် သတိပေးချက်များ ထုတ်ပြန်ထားသည်။ တရုတ်ကုန်းတွင်းပိုင်းတွင် ကူးစက်ပြန့်ပွားခဲ့သော ကြက်ငှက်တုပ်ကွေးသည် ကြက်ထောင်ပေါင်းများစွာ တင်ပို့နေသည့် ဟောင်ကောင်သို့ ဦးတည်လျက် ရှိနေသည်။

    Ref: RT