News @ M-Media

Blog

  • ဖီဖာဒုဥက္ကဌ ခြစားမှုဖြင့် တရားရင်ဆိုင်ရမည်

    ဖီဖာဒုဥက္ကဌ ခြစားမှုဖြင့် တရားရင်ဆိုင်ရမည်

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    fifa

    – ဖီဖာ၏ ခြစားမှုစွဲချက်ဖြင့် တရားရင်ဆိုင်ရန်အတွက် အမေရိကန်သို့ လွှဲပြောင်းပေါ်အပ်ရေးကို ရာထူမှအနားပေးခြင်းခံထားရသည့် ဖီဖာဒုဥက္ကဌ အလ်ဖရက်ဒို ဟာဝစ်က သဘောတူခဲ့သည်ဟု သိရသည်။

    ကွန်ကာကဖ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဟောင်းဖြစ်သူ ဟာဝစ်မှာ ပြီးခဲ့သည့်နှစ်မေလက ဇူးရစ်ခ်ျရှိ ဟိုတယ်သို့ ဆွစ်ဇ်ဇာလန် ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းကာ ဖီဖာတာဝန်ရှိသူများအား ထိန်းသိမ်းမှုတွင် ပါဝင်ခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာက ဘောလုံးနှင့်ပတ်သက်သည့် လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်းမှ ရက်ပေါင်း ၉၀ ပိတ်ပင်ခံခဲ့ရသည်။

    ဟာဝစ်မှာ လက်တင်အမေရိကရှိ ဘောလုံးပြိုင်ပွဲများ၏ ဈေးကွက်လုပ်ပိုင်ခွင့်ကို အားကစား ဈေးကွက်လုပ်ငန်းများအား ရောင်းချမှုနှင့် ဆက်စပ်၍ ဒေါ်လာသန်းနှင့်ချီ လာဘ်ငွေရယူခဲ့သည်ဟု စွပ်စွဲခံထားရသည်ဟု ဆွစ်ဇာလန် ဖက်ဒရယ် တရားရေးရုံးက ဖော်ပြခဲ့သည်။

    တရားရင်ဆိုင်ရေးအတွက် အမေရိကန်သို့ လွှဲပြောင်းမှုကို စောစောပိုင်းက ဟာဝစ်က ငြင်းဆန်ခဲ့သော်လည်း ယခုအချိန်တွင် သဘောတူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လာမည့် ၁၀ ရက်အတွင်း ၎င်းကို ပို့ဆောင်သွားမည်ဖြစ်သည်။

    အသက် ၆၄ နှစ်အရွယ်ရှိ ဟာဝစ်မှာ ၎င်းအား စွပ်စွဲထားမှုများနှင့်ပတ်သက်၍ ငြင်းဆိုထားပြီး မိမိမှာ မည်သည့်အမှားမှ မလုပ်ခဲ့ဟု ပြောကြားခဲ့သည်။

    Ref: Goal

  • အီရန်နှင့် သံတမန်အဆက်အသွယ်ဖြတ်သည့်နိုင်ငံများ ထပ်တိုးလာ

    အီရန်နှင့် သံတမန်အဆက်အသွယ်ဖြတ်သည့်နိုင်ငံများ ထပ်တိုးလာ

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    saudi

    – ရှီအာ ဘာသာရေးခေါင်းဆောင်တစ်ဦးကို ဆော်ဒီက ကွပ်မျက်မှုမှ အစပြု၍ အီရန်နှင့် ဆော်ဒီတို့အကြား ဖြစ်ပွားနေသော တင်းမာမှုများတွင် ကာတာနိုင်ငံလည်း ပါဝင်လာခဲ့ပြီး ယမန်နေ့က တီဟီရန်ရှိ ၎င်းတို့၏ သံအမတ်ကို ပြန်လည် ခေါ်ယူခဲ့သည်။

    ဂျော်ဒန်၊ ဒီဘူတီနှင့် တူရကီတို့ကလည်း ယမန်နေ့က ဆော်ဒီအား ထောက်ခံသည့် သဘောထားများကို ပြောကြားခဲ့သည်။ ရှီအာခေါင်းဆောင် နီမာရ် အလ်-နီမာရ်ကို ပြီးခဲ့သည့်တစ်ပတ်တွင် အကြမ်းဖက်မှုစွဲချက်ဖြင့် ဆော်ဒီက ကွပ်မျက်ခဲ့ပြီး နောက်ပိုင်းတွင် တီဟီရန်ရှိ ဆော်ဒီသံရုံးကို ဆန္ဒပြသူများက တိုက်ခိုက်ခဲ့ကြသည်။

    တူရကီသမ္မတ တိုင်ယစ်ပ်အာဒိုဂန်ကမူ ဆော်ဒီမှာ လူ ၄၇ ဦးကို အကြမ်းဖက်မှုစွဲချက်ဖြင့် ကွပ်မျက်မှုမှာ ပြည်တွင်းရေးကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သည်။ အာဖရိကဦးချိုဒေသမှ နိုင်ငံတစ်ခုဖြစ်သည့် ဒီဘူတီကလည်း အီရန်နှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်ခဲ့ပြီး၊ ဆော်ဒီ၊ ဘာရိန်းနှင့် ဆူဒန်တို့ပြီးနောက် အီရန်နှင့် သံအဆက်အသွယ် ဖြတ်တောက်သည့် စတုတ္ထမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။

    ကာတာ၊ ယူအေအီးနှင့် ကူဝိတ်တို့ကလည်း အီရန်ရှိ ၎င်းတို့၏ သံအဖွဲ့များကို ပြန်လည်ခေါ်ယူခဲ့သည်။ ဂျော်ဒန်ကမူ အမ်နန်ရှိ အီရန်သံအမတ်ကို ယမန်နေ့တွင် ဆင့်ခေါ်ခဲ့ပြီး ဆော်ဒီသံရုံးတိုက်ခိုက်မှုနှင့် အာရပ်နိုင်ငံများ၏အရေးကို အီရန်က ၀င်ရောက်စွက်ဖက်မှုအား ရှုတ်ချခဲ့သည်ဟု ဂျော်ဒန်နိုင်ငံပိုင် သတင်းအေဂျင်စီ Petra က ဖော်ပြခဲ့သည်။

    အီရန်သမ္မ ဟာဆန်ရူဟာနီက ဆော်ဒီသံရုံးအား တိုက်ခိုက်သူများကို အလျင်အမြန် ရှာဖွေတရားစွဲဆိုရန် နိုင်ငံ၏ တရားရေးစနစ်အား ယမန်နေ့တွင် တောင်းဆိုခဲ့သည်။

    “ဒီလိုထင်ရှားတဲ့ ပြစ်မှုကို စီစဉ်ကျူးလွန်ခဲ့တဲ့ တိုက်ခိုက်သူတွေကို အပြစ်ပေးခြင်းအားဖြင့် အီရန်ရဲ့ ဂုဏ်သိက္ခာနဲ့ အမျိုးသားလုံခြုံရေးကို ပျက်ဆီးထိခိုက်စေမှုကို အခုအချိန်နဲ့ အမြဲတမ်းအတွက် အဆုံးသတ်သင့်ပါတယ်” ဟု ရူဟာနီက ပေးပို့သောစာတွင် ရေးသားထားမှုကို ဆော်ဒီနိုင်ငံပိုင်သတင်းဌာနက IRNA က ဖော်ပြခဲ့သည်။

    Ref: Aljazeera

  • မြန်မာ့သကြားတင်ပို့မှုဈေးကွက် ပြန်လည် ဦးမော့လာ

    မြန်မာ့သကြားတင်ပို့မှုဈေးကွက် ပြန်လည် ဦးမော့လာ

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    sugar

    – ကမ္ဘာတစ်ဝှမ်း သကြားဈေးတက်မှုနှင့်အတူ တရုတ်နိုင်ငံ၏ ၀ယ်လိုအားမြင့်မားမှုက မြန်မာ့ သကြားတင်ပို့မှုကို မြင့်တက်လာခဲ့သည်ဟု သိရသည်။

    လာမည့် ၂ နှစ်အတွင်း သကြားထုတ်လုပ်မှု ကျဆင်းမည်ဟု ခန့်မှန်းထားမှုကြောင့် သကြားဈေးက တစ်ရိပ်ရိပ်တက်လာခဲ့ခြင်းဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်တွင် နေ့စဉ် သကြားတင်ဆောင်သည့် ထရပ်ကား ၁၀၀ ခန့်မှာ တရုတ်ပြည်ဘက်သို့ သွားရောက်နေသည်ဟု ကုန်သည်များက ပြောကြားခဲ့သည်။

    သကြားဈေးကွက် မြင့်တက်လာမှုကြောင့် ဆန်ကုန်သည်များပင် ထိုဈေးကွက်အတွင်းသို့ ၀င်ရောက်လာမှုများပင် ရှိနေပြီး၊ စီးပွားရေးသမားများမှာ ထိုင်းနိုင်ငံမှ သကြားများကို ၀ယ်ယူ၍ တရုတ်သို့ တင်ပို့မှုလည်း ရှိနေသည်။

    တရုတ်နိုင်ငံ၏ ပြည်တွင်းသကြားထုတ်လုပ်မှုမှာ ကျဆင်းလာခြင်းကြောင့် တရုတ်၏ သကြားဝယ်လိုအားမှာ တိုးတက်လာခြင်းဖြစ်သည်။

    “ကုန်သည်တိုင်းဟာ တရုတ်ကို သကြားတင်ပို့ဖို့ ရောက်လာကြပါတယ်။ ဆန်ကုန်သည်တွေတောင်မှ ဒီဈေးကွက်ကို ၀င်လာကြပါတယ်။ အဆက်အသွယ်ကောင်းတဲ့ ကုန်သည်တွေဟာ သကြားတင်ပို့ခွင့်ပါမစ်တွေ ရကြပြီး ထိုင်းကနေ သကြားတင်သွင်းကာ တရုတ်ကို ပို့တဲ့အထိ လုပ်လာကြပါတယ်” ဟု မြန်မာ့သကြား၊ သကြားနှင့် ဆက်စပ်သည့် ထွက်ကုန်များဆိုင်ရာ ကုန်သည်များနှင့် ထုတ်လုပ်သူများအသင်းမှ ဒုတိယဥက္ကဌ ၀င်းဌေး၏ ပြောကြားမှုကို Myanmar Times သတင်းစာက ဖော်ပြခဲ့သည်။

    သကြားတင်ပို့မှု ပါမစ်များကို မိမိကိုယ်တိုင် မရသော်လည်း ပြည်တွင်းတွင် ထုတ်လုပ်သော သကြားများကို တရုတ်သို့ ရောင်းချနေပြီး၊ ပြီးခဲ့သည့်နှစ်အတွင်း သကြားတန်ချိန် ၇၀၀ ကို တင်ပို့ပြီးဖြစ်သည်ဟု ၀င်းဌေးက ဆိုသည်။

    မြန်မာနိုင်ငံ၏ နှစ်စဉ်သကြားထုတ်လုပ်မှုမှာ တန်ချိန် လေးသိန်းမှ၊ ငါးသိန်းခန့် ရှိသည်။ မကြာသေးမီနှစ်များအတွင်းက သကြားဈေးကျဆင်းမှုနှင့် ကြံစိုက်ပျိုးသည့် မြေဧကများ လျော့ကျမှုကြောင့် မြန်မာနိုင်ငံ၏ သကြားထုတ်လုပ်မှုမှာ ၂၅ မှ ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

    “ဒီဇင်ဘာလကစပြီး သကြားထုတ်လုပ်မှုစက်ရုံတွေဟာ လည်ပတ်နေကြပါပြီ” ဟု ၀င်းဌေးက ထည့်သွင်းပြောကြား ခဲ့သည်။

    ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံ၏ တရုတ်သို့ သကြားတင်ပို့မှုမှာ တန်ချိန် တစ်သိန်းခန့် ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံက ဗီယက်နမ်မှ တင်သွင်းသောကြာင့် မြန်မာနိုင်ငံ၏ သကြားတင်ပို့မှုမှာ ကျဆင်းခဲ့သည်။ သို့သော်လည်း ၂၀၁၅ ခုနှစ် ဧပြီလမှစ၍ မြန်မာ့သကြား တင်ပို့မှုမှာ ပြန်လည် မြင့်တက်လာခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် တန်ချိန် နှစ်သိန်းခန့်အထိ ရှိခဲ့သည်။

    Ref: Bangkok Post

  • ဆီးရီးယားတွင် ဆာရင်းဓာတ်ငွေ့ အသုံးပြုခဲ့ဖွယ်ရှိသည်ဟု ကုလဆို

    ဆီးရီးယားတွင် ဆာရင်းဓာတ်ငွေ့ အသုံးပြုခဲ့ဖွယ်ရှိသည်ဟု ကုလဆို

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    syria

    – အာရုံကြောသေစေနိုင်သည့် ဆာရင်းအဆိပ်ဓာတ်ငွေ့ကို ဆီးရီးယားတွင် အသုံးပြုနေသည်မှာ ဖြစ်နိုင်ချေရှိကြောင်း ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေး အကြီးအကဲက ကင်ဝွန်ဆူးက လုံခြုံရေးကောင်စီသို့ ပြောကြားလိုက်သည်။

    ဓာတုလက်နက်ဟန့်တားရေးအဖွဲ့ (OPCW) မှ နောက်ဆုံးအစီရင်ခံချက်အပေါ် လုံခြုံရေးကောင်စီက တံခါးပိတ် ဆွေးနွေးခဲ့ပြီး၊ ဓာတုလက်နက် အသုံပြုသည်ဟု သတင်းထွက်ပေါ်နေသော နေရာ ၁၁ နေရာကို OPCW စုံစမ်းရေးအဖွဲ့များက သွားရောက်ကြည့်ရှုကာ သွေးနမူနာများအား စစ်ဆေးမှုအရ တစ်ဦးတစ်ယောက်ချင်းစီတွင် အဆိပ်ငွေ့ သို့မဟုတ် အဆိပ်ငွေ့ကဲ့သို့ ပစ္စည်းများပါဝင်သည့် ဓာတုလက်နက်များနှင့် ထိတွေ့မှုကို ဖော်ပြနေသည် ဟု လုံခြုံရေးကောင်စီသို့ တင်သွင်းသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    “ဒီလိုထိတွေ့မှုဟာ ဘယ်အချိန်၊ ဒါမှမဟုတ် ဘယ်လိုအခြေအနေမှာ ဖြစ်ပျက်ခဲ့သလဲဆိုတာ ဆုံးဖြတ်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ ထပ်လုပ်ဖို့ လိုအပ်ပါတယ်” ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။

    OPCW အနေဖြင့် အချက်အလက်ရှာဖွေမှုလောက်သာ ပြုလုပ်ခဲ့သော်လည်း ကုလလုံခြံရေးကောင်စီကမူ သြဂုတ်လက ဆီးရီးယားစစ်ပွဲအတွင်း ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုအတွက် အပြစ်ရှိသူများကို စုံစမ်းဖော်ထုတ်ရန်ကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သည်။

    OPCW ၏ ပြောရေးဆိုခွင့်ရှိသူ မာလစ်ခ် အီလာဟီက သွေးနမူနာများ ထပ်မံစမ်းသပ်ရန် မည်သည့်ရုပ်အလာင်းအား အသုံးပြုရမည်ကို မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့သည်။

    အတိုက်အခံ ဆီရီးယားအမျိုးသားမဟာမိတ်အဖွဲ့က ဒမတ်စကတ်မြို့ဆင်ခြေဖုံးရှိ အစိုးရတပ်များ တပ်စွဲထားသော မိုအာဒါမီယာတွင် ပြီးခဲ့သည့်လက ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုဟု သံသယရှိသည့် ကိစ္စကိုလည်း အလျင်အမြန် စုံစမ်းဖော်ထုတ်ပေးရန် တိုက်တွန်းပြောကြားလိုက်သည်။

    ဓာတုလက်နက်သုံးစွဲမှုနှင့်ပတ်သက်၍ အတိုက်အခံများက သမ္မတအာဆတ်၏တပ်ကို အပြစ်တင်စွပ်စွဲခဲ့သော်လည်း ဆီးရီးယားအစိုးရက စွပ်စွဲမှုကို ငြင်းပယ်၍ သူပုန်အဖွဲ့များနှင့် ISIS အဖွဲ့တို့ကို အပြစ်ပုံချခဲ့သည်။

    Ref: Al-jazeera

  • ဒေါ်နယ်ထရမ့်အား ပြည်ဝင်ခွင့်မပေးရေး ယူကေပြည်သူများ၏ တောင်းဆိုမှုကို လွှတ်တော်တွင် ဆွေးနွေးမည်

    ဒေါ်နယ်ထရမ့်အား ပြည်ဝင်ခွင့်မပေးရေး ယူကေပြည်သူများ၏ တောင်းဆိုမှုကို လွှတ်တော်တွင် ဆွေးနွေးမည်

    ဇန်န၀ါရီ ၆၊ ၂၀၁၆
    M-Media

    trump

    – မွတ်စလင်များအား အမေရိကသို့ ၀င်ရောက်ခွင့် ပိတ်ပင်ရမည်ဟု ပြောကြားခဲ့သည့် အမေရိကန် ရီပက်ဘလစ်ကန် နိုင်ငံရေးသမား ဒေါ်နယ် ထရမ့်အား ယူကေသို့ ပြည်ဝင်ခွင့်မပေးရန် ဗြိတိန်ပြည်သူ သန်းဝက်ကျော်က လက်မှတ်ရေးထိုး တောင်းဆိုမှုကိစ္စအား ဗြိတိန်လွှတ်တော်အမတ်များက ဆွေးနွေးသွားမည်ဟု သိရသည်။

    ထိုကဲ့သို့ ဆွေးနွေးမှုပြုလုပ်ရန်အတွက် အောက်လွှတ်တော်ရှိ အသနားခံစာ ကော်မတီက ဆော်သြခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၁၈ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ သို့သော်လည်း မဲခွဲဆုံးဖြတ်မှု ပါဝင်မည်မဟုတ်ပေ။ ဒေါ်နယ်ထရမ့်မှာ ယခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ကိုယ်စားပြု သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြို င်မည်ဟု ရေပန်းစားနေသည်။

    ၎င်းမှာ မက္ကဆီကိုများ၊ လူမည်းများ၊ မသန်စွမ်းသူများနှင့် မွတ်စလင်များကို လူမျိုးရေးခွဲခြားမှုများ၊ စော်ကားပြောဆိုမှုများနှင့် လှောင်ပြောင်မှုများ ပြုလုပ်ခဲ့သူ ဖြစ်သည်။ မွတ်စလင်များအား အမေရိကန်သို့ ၀င်ရောက်ခွင့် မပေးသင့်ဟု ၎င်းက ပြောကြားခဲ့ပြီးနောက် ဗြိတိန်ပြည်သူများမှာ ထရမ့်အား ယူကေသို့ ၀င်ရောက်ခွင့်မပေးရေး လှုပ်ရှားခဲ့ကြသည်။

    ပြည်သူ လူထူ ၁ သိန်းကျော်က လက်မှတ်ရေးထိုးတောင်းဆိုသော ကိစ္စရပ်များကို ဗြိတိန်အစိုးရက တုန့်ပြန် ဖြေရှင်းပေးလေ့ရှိပြီး ကိစ္စရပ်အလိုက် လွှတ်တော်တွင် ဆွေးနွေးမှုများကို ပြုလုပ်လေ့ရှိသည်။

    “ဆွေးနွေးမှုပြုလုပ်ခြင်းဟာ အစိုးရအနေနဲ့ ဒေါ်နယ်ထရမ့်ကို ယူကေ၀င်ရောက်ခွင့်ပိတ်ပင်သင့်လား မပိတ်ပင်သင့်ဘူးလားဆိုတဲ့အမြင်ကို ကော်မတီက ပြသတာမျိုးတော့ မဟုတ်ပါဘူး” ဟု အသနားခံစာ ကော်မတီ၏ ဥက္ကဌ ဟဲလင်ဂျုန်းစ်က ပြောဆိုခဲ့သည်။

    ထို့ပြင် အဆိုပါဆွေးနွေးမှုမှာ အလွှတ်တော်အမတ်များ၏ အမြင်များကို ဖော်ပြခွင့်ပြုမည့် ဆွေးနွေးမှုလည်း ဖြစ်လာမည်ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Japantimes