News @ M-Media

အိုဇေးလ် Ballon d’Or ရသည်ကို ကြည့်ချင်သည်ဟု ၀င်းဂါးပြော

ဇန်န၀ါရီ ၁၁၊ ၂၀၁၆
M-Media

misut

– မိမိအနေဖြင့် တစ်ဦးချင်းဆုများကို အားမပေးသော်လည်း လာမည့်နှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or အား ကွင်းလယ်လူ မီဆုအိုဇေးလ်ဆွတ်ခူးသည်ကို ကြည့်ချင်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

၂၀၁၅ ခုနှစ်အတွက် Ballon d’Or ဆုကို ယနေ့တွင် ရွေးချယ်ပေးအပ်သွားမည်ဖြစ်ပြီး မက်ဆီ၊ ရော်နယ်ဒိုနှင့် နေးမာတို့က ဇကာတင်စာရင်းတွင် ရှိနေသည်။ ၀င်းဂါးကမူ မက်ဆီရသင့်သည်ဟုဆိုပြီး လာမည့်နှစ်ဆုအတွက် အိုဇေးလ်ရနိုင်လားဟု မေးမြန်းရာ

“ရမယ်လို့ မျှော်လင့်ပါတယ်။ အရင်ကပြောသလိုပဲ ကျွန်တော်ဟာ ဒီဆုတွေကို သိပ်ကြိုက်လှတာ မဟုတ်ပါဘူး။ အရေးကြီးတာက ကျွန်တော်တို့ဟာ အသင်းလိုက်ကစားရတဲ့ အားကစားပါ။ တစ်ဦးကောင်း တစ်ယောက်ကောင်း ထွန်းတောက်ဖို့ အားပေးတာကို ကျွန်တော် မနှစ်မြို့ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဝင်းဂါးက တစ်ဦးချင်းအကောင်းဆုံးဆုများကို ယခင်ကတည်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူဖြစ်ပြီး အဆိုပါဆုများမှာ ကစားသမား၏ ဘ၀တက်လမ်းကို ပျက်ဆီးစေသည်ဟု ပြောကြားခဲ့ဖူးသည်။ အိုဇေးလ်မှာ ပရီးမီးယားလိဂ်ကို ဦးဆောင်နေသည့် အာဆင်နယ်အသင်းတွင် အားထားရသည့် ကစားသမားတစ်ဦး ဖြစ်သည်။

Ref: Goal

Comments

Leave a Reply