ဇန်န၀ါရီ ၁၁၊ ၂၀၁၅
M-Media
– မိမိမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကဲ့သို့ တစ်ဦးချင်းဆုများအတွက် စဉ်းစားခြင်းမရှိဘဲ အသင်း၏ ကောင်းရာကောင်းကြောင်းကိုသာ လိုလားသည်ဟု ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်သည်။
ရော်နယ်ဒို၊ မက်ဆီနှင့် နေးမားတို့ ၃ ဦး ယှဉ်ပြိုင်နေရသည့် Ballon d’Or ဆုကို ယနေ့တွင် ကြေငြာမည်ဖြစ်ပြီး၊ ဘေးလ်၏ အေးဂျင့်ဖြစ်သူက အနာဂတ်တွင် ထိုဆုအတွက် ဘေးလ်လည်း ပါဝင်လာမည်ဖြစ်ကာ၊ ကာယကံရှင်ကလည်း ထိုဆုအား လိုချင်နေသည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဝေးလ်တိုက်စစ်မှူးက ထိုမှတ်ချက်အား ငြင်းဆိုခဲ့သည်။
“တစ်ဦးချင်းဆုတွေလား – ကျွန်တော် ဒါတွေကို လုံးဝ မစဉ်းစားပါဘူး။ အဲဒါတွေက ကျွန်တော်စဉ်းစားရမယ့် ကိစ္စလည်း မဟုတ်ပါဘူး။ အခြားသူတွေအတွက် ဖြစ်ချင်ဖြစ်မှာပါ။ ကျွန်တော့်အတွက်ကတော့ အသင်းအတွက် ပြင်းပြင်းထန်ထန် လုပ်ပေးချင်တယ်။ ပြီးတော့ တတ်နိုင်သလောက် အသင်းနဲ့ ဆုဖလားတွေအများကြီး ရချင်ပါတယ်” ဟု ဘေးလ်က ထည့်သွင်းပြောကြားခဲ့သည်။
စပါးမှ ရီးယဲလ်သို့ ယူရို သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့လာခဲ့သည့် ဂါရက်ဘေးလ်မှာ စနေနေ့က ဒီပို့တီဗိုနှင့်ပွဲတွင် ဟက်ထရစ်သွင်းနိုင်ခြင်းနှင့်အတူ ယခုရာသီတွင် လာလီဂါ ၁၄ ပွဲကစား ၁၂ ဂိုး သွင်းယူပေးထားနိုင်သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.