News @ M-Media

Blog

  • လင်းနို့မှ ကူးစက်သည့် ဗိုင်းရပ်စ်ပိုးမှာ အာဖရိကအနောက်ပိုင်းတွင် ပျံ့နှံ့မှုအမြင့်ဆုံး ဖြစ်နေ

    လင်းနို့မှ ကူးစက်သည့် ဗိုင်းရပ်စ်ပိုးမှာ အာဖရိကအနောက်ပိုင်းတွင် ပျံ့နှံ့မှုအမြင့်ဆုံး ဖြစ်နေ

    ဇန်န၀ါရီ ၆၊ ၂၀၁၅
    M-Media

    bat

    – အာဖရိကနှင့် အရှေ့တောင်အာရှတို့တွင် လင်းနို့မှလူသို့ကူးစက်တတ်သည့် ဗိုင်းရပ်စ်ပိုးကူးစက်မှု အန္တရာယ်အမြင့်မားဆုံးဖြစ်နေပြီး သေစေနိုင်လောက်သည့် ရောဂါအသစ်များ ပေါ်ထွက်လာနိုင်သည်ဟု သိပ္ပံပညာရှင်များက ယမန်နေ့တွင် သတိပေးပြောကြားလိုက်သည်။

    အဆိုပါဗိုင်းရပ်စ်မှ ဖြစ်ပွားသည့် ရောဂါများ၏ ၆၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းခန့်ကို zoonotic events ဟု ခေါ်ဆိုကာ တိရစ္ဆာန်များမှ တဆင့် လူသို့ကူးစက်တတ်ပြီး အထူးသဖြင့် လင်းနို့များသည် zoonotic ဗိုင်းရပ်စ်အများအပြား သယ်ဆောင်နိုင်သည်ဟု သိရသည်။

    ခွေးရူးပြန်ရောဂါ၊ အီဘိုလာ၊ ဆားစ်၊ မားစ် စသည့်ရောဂါတို့မှာ အလွန်သေးငယ်သော သတ္တ၀ါများမှ မြစ်ဖျားခံလာသည်ဟု သံသယရှိနေကြပြီး အာနာဂတ်တွင် မခန့်မှန်းနိုင်သည့် ကပ်ရောဂါများလည်း ထပ်မံ ဖြစ်ပွားနိုင်သည်။

    လန်ဒန်သိပ္ပံဆိုင်ရာ တက္ကသိုလ် (UCL)၊ လန်ဒန်နှင့် အီဒင်ဘာ့ဂ်တက္ကသိုလ်၏ သတ္တဗေဒအဖွဲ့အစည်းရှိ သိပ္ပံပညာရှင်များက ကူးစက်မှုမြင့်မားသည့် ဒေသများအတွင်း ဖြန့်ကျက်သုတေသနပြုရန် ရည်ရွယ်ထားပြီး ဒေသအတွင်းတွေ့ရှိရသည့် လင်းနို့ဗိုင်းရပ်စ်အမြောက်အများအပါအ၀င် လူဦးရေတိုးပွားလာခြင်းနှင့် အသားစားရန်အတွက် လင်းနို့များဖမ်းယူခြင်း စသည့်အချက်အလက်များအပေါ် လေ့လာသုံးသပ်သွားမည်ဖြစ်သည်။

    UCL ၏ ဂေဟဗေဒနှင့် ဇီဝမျိုးကွဲမှုဆိုင်ရာ ဥက္ကဌဖြစ်သူ ကိတ်ဂျုန်းစ်က သူမ၏ အဖွဲ့မှာ ပထမဦးဆုံးအနေဖြင့် ရောဂါပြန့်ပွားသည့်ဒေသများကို မြေပုံဖြင့် ချပြခဲ့ပြီး ထိုမြေပုံအရ လူနှင့် လင်းနို့ထိတွေ့မှုများသည့် နေရာများကို ဖော်ထုတ်ခဲ့သည်။ အာဖရိကမှာ လင်းနို့ဗိုင်းရပ်စ်မျိုးကွဲများအတွက် ပြန့်နှံ့ရာရင်းမြစ်တစ်ခု ဖြစ်ကာ တောင်အမေရိကသည် ကူးစက်မှုအများဆုံး ခံစားရသည့် နေရာများ ဖြစ်နေသည်။

    “မြေပုံတစ်ခုချင်းစီကို ပေါင်းစပ်ခြင်းအားဖြင့် ဒေသအသီးသီးမှာ လင်းနို့ကနေ ဗိုင်းရပ်စ်ပိုးတွေ လူသို့ကူးစက်မှုတွေကို အလုံးစုံဖော်ပြနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ရုပ်ပုံကားချပ်တစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်” ဟု သူမက ပြောသည်။

    ဂျုန်းနှင့် လက်တွဲလုပ်ကိုင်သူ PhD ကျောင်းသားတစ်ဦးဖြစ်သည့် လိုင်ယမ်ဘရီယာလီက လင်းနို့မှလူသို့ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းမှာ လူဦးရေ အဆမတန် များပြားလာခြင်းနှင့် တောရိုင်းတိရစ္ဆာန်များရှိသည့် သစ်တောများတွင် မွေးမြူရေးလုပ်ငန်းများ ကျယ်ပြန့်လာခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

    “အဲ့ဒီဒေသတွေမှာရှိတဲ့ လူတွေဟာ လင်းနို့တွေကို အသားစားဖို့ အမဲလိုက်လေ့ရှိပြီး ကိုယ်တွင်းအရည်တွေနဲ့ထိတွေ့ခြင်း၊ လင်းနို့သားကို မကျက်တကျက် စားသုံးခြင်းကနေ ရောဂါကူးစက်နိုင်တယ်ဆိုတာကိုလည်း သတိမပြုမိကြပါဘူး” ဟု ၎င်းက ပြောသည်။

    Ref: Reuters

  • ဆုဖလားရပြီးမှ အထုတ်ခံရခြင်းကို ပိုကြိုက်သည်ဟု မန်စီးတီးနည်းပြ ပြော

    ဆုဖလားရပြီးမှ အထုတ်ခံရခြင်းကို ပိုကြိုက်သည်ဟု မန်စီးတီးနည်းပြ ပြော

    ဇန်န၀ါရီ ၆၊ ၂၀၁၆
    M-Media

    mancity

    – ယခုနှစ်တွင် အောင်မြင်မှုရရှိပါကလည်း ထိုအောင်မြင်မှုမှာ မိမိ၏ အနာဂတ်အတွက် အသုံးကျမည် မဟုတ်ဟု မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ပြောကြားလိုက်ပြီး၊ မိမိအနေဖြင့် ဆုဖလားရကာ အထုတ်ခံရခြင်းကို ပိုမိုလိုလားသည်ဟု ဆိုသည်။

    ပယ်လီဂရီနီမှာ ရာသီကုန်လျှင် မန်စီးတီးနှင့် လမ်းခွဲရတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ပြီး ဘိုင်ယန်မှ ထွက်ခွာတော့မည့် ပက်ပ် ဂွါဒီယိုလာမှာ မန်စီးနည်းပြသစ်ဖြစ်လာရန် ရေပန်းစားနေသည်။ ယမန်နေ့ကလည်း ဂွါဒီယိုလာက မိမိ၏ နောက်ထပ် သွားရောက်မည့်နေရာမှာ ပရီးမီးယားလိဂ်ဖြစ်သည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

    “ကျွန်တော့်ရဲ့အနာဂတ်ဟာ ဆုဖလားတွေနဲ့ ဆက်စပ်နေတယ်လို့ ကျွန်တော် မထင်ပါဘူး။ နည်းပြတစ်ယောက်အဖြစ် ကျွန်တော့်အတွက် ဆုဖလားရဖို့သာ အရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာ ကျွန်တော့်အလုပ် ဖြစ်နေလို့ပါပဲ။ ကျွန်တော့်ရဲ့ စဉ်းစားပုံစဉ်းစားနည်းကတော့ – တကယ်လို့များ ကျွန်တော် ဆုဖလားမရဘဲ ငါးနှစ်သက်တမ်းတိုးရမယ်၊ ဒါမှမဟုတ် ဆုဖလားရပြီး အထုတ်ခံရမယ်ဆိုရင် ဆုဖလားယူပြီး အထုတ်ခံရတာကို ပိုကြိုက်ပါတယ်။ နည်းပြတစ်ယောက်အတွက် အလုပ်က ဆုဖလားရဖို့ပါ။ အခြား ဘာတွေဖြစ်ဖြစ် ကိစ္စမရှိပါဘူး” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    Ref: Goal

  • ကမ္ဘာ့အကောင်းဆုံး ကျွန်းများစာရင်းတွင် အင်ဒိုနီးရှားမှ ဘာလီကျွန်း ရွေးချယ်ခံရ

    ကမ္ဘာ့အကောင်းဆုံး ကျွန်းများစာရင်းတွင် အင်ဒိုနီးရှားမှ ဘာလီကျွန်း ရွေးချယ်ခံရ

    ဇန်န၀ါရီ ၆၊ ၂၀၁၅
    M-Media

    bali

    – အမေရိကန် ခရီးသွားလာရေး မဂ္ဂဇင်းဖြစ်သော Travel +Leisure မှ ရွေးချယ်ခဲ့သည့် ကမ္ဘာ့အကောင်းဆုံးကျွန်းများစာရင်းတွင် မိမိတို့နိုင်ငံမှ ဘာလီကျွန်း ပါဝင်ခဲ့သည်အတွက် ဂုဏ်ယူဝမ်းမြောက်မိသည်ဟု အင်ဒိုနီးရှားခရီးသွားလာရေးဝန်ကြီး အရီးဖ်ယဟ်ယာက ပြောကြားခဲ့သည်။

    နယူးယောက်အခြေစိုက် အဆိုပါမဂ္ဂဇင်းက ကမ္ဘာ့အကောင်းဆုံးကျွန်းများကို အဆင့်သတ်မှတ်ခဲ့ရာ အီကွေဒေါမှ ဂါလာပါဂို့စ်ကျွန်းက ၉၀.၈၂ မှတ်၊ အင်ဒိုနီးရှား ဘာလီကျွန်းက ၈၇.၉၈ မှတ်၊ မော်လ်ဒိုက်ကျွန်းက ၈၈.၅၃ မှတ်၊ သြစတေးလျမှ တပ်စ်မဲနီးယားကျွန်းက ၈၈.၃၂ မှတ်၊ ဂရိနိုင်ငံ ဆန်တိုရီနီကျွန်းက ၈၇.၉၃ မှတ်၊ ပြင်သစ်ပိုလီနီးရှား၏ မူးရီယာကျွန်းက ၈၇.၉၀ မှတ်၊ ဟာဝိုင်ရီရှိ မွိုင်ကျွန်းက ၈၇.၈၉ မှတ်၊ ဟာဝိုင်ရီ ကွေကျွန်းက ၈၇.၈၈ မှတ်၊ သြစတေးလျရှိ ဂရိတ်ဘယ်ရီယာ သန္တကျောက်တန်းက ၈၇.၃၁ မှတ်နှင့် မော်လ်တာကျွန်းက ၈၆.၉၀ မှတ်တို့ဖြင့် အသီးသီး ရှိခဲ့ကြသည်။

    အင်ဒိုနီးရှားသတင်းဌာန အန်တာရာသို့ပေးပို့ခဲ့သော ကြေငြာချက်တွင် ၀န်ကြီး ယဟ်ယာက ၎င်းအနေဖြင့် ဘာလီကျွန်းသားများ၏ ယဉ်ကျေးပျုငှာမှု၊ ဘာလီကျွန်း၏ ပြိုင်စံရှား ယဉ်ကျေးမှုအစဉ်အလာများနှင့် သဘာဝအလှအပများကို ကမ္ဘာက အသိအမှတ်ပြု ချီးကျုးလာစေရမည်ဟု ပေးထားသောကတိကို တည်နိုင်ခဲ့သည့်အတွက် ၀မ်းမြောက်ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

    ယဟ်ယာက ထပ်မံ၍ ၎င်း၏ဌာနအနေဖြင့် နိုင်ငံအတွင်းရှိ ဘာလီထက်မလျော့သော နေရာများကိုလည်း လူသိများလာစေရန် မြှင့်တင်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    Travel +Leisure သည် လစဉ်ထုတ်မဂ္ဂဇင်းတစ်စောင်ဖြစ်ပြီး နယူးယောက်တွင်အခြေစိုက်ကာ ပုံမှန်ဖတ်ရှုသူ ၄.၈ သန်း ရှိသည်။ ထိုမဂ္ဂဇင်းမှာ ဟိုတယ်နှင့် အပန်းဖြေခရီးသွားလာရေးဆိုင်ရာ အကြီးဆုံး မဂ္ဂဇင်းတစ်စောင်ဖြစ်သည်။ ဘာလီခရီးသွားလာရေးဌာနကမူ ၂၀၁၆ ခုနှစ်တွင် ဘာလီကျွန်းသို့ ခရီးသွားလာသူ ၄.၂ သန်းရှိရမည်ဟု မျှော်မှန်းထားသည်။

    Ref: IINA

  • ဘရက်ဒလေနှင့်ပွဲပြီးလျှင် အနားယူတော့မည်ဟု လက်ဝှေ့ကျော် ပက်ကွီအို ပြော

    ဘရက်ဒလေနှင့်ပွဲပြီးလျှင် အနားယူတော့မည်ဟု လက်ဝှေ့ကျော် ပက်ကွီအို ပြော

    ဇန်န၀ါရီ ၆၊ ၂၀၁၆
    M-Media

    paq

    – ဧပြီ ၉ ရက်နေ့တွင် တီမိုသီ ဘရက်ဒလေနှင့် ထိုးသတ်ပြီးနောက် မိမိမှာ လက်ဝှေ့လောကမှ အနားယူတော့မည်ဟု ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီ ပက်ကွီအိုက ပြောကြားလိုက်သည်။

    လက်စ်ဗီးဂက်စ်တွင် ထိုးသတ်မည့် ထိုပွဲမှာ ပက်ကွီအိုနှင့် ဘရက်ဒလေတို့၏ တတိယအကြိမ်မြောက် တွေ့ဆုံမှု ဖြစ်မည်ဖြစ်သည်။ ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းကမူ ပက်ကွီအိုနှင့် ထိုးသတ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ပက်ကွီအိုက ယခုကဲ့သို့ ကြေငြာမှုကြောင့် ၎င်းတို့နှစ်ဦး တွေ့ဆုံရန် မျှော်လင့်ချက်မှာ ပျက်ပြယ်သွားပြီဖြစ်သည်။

    ပက်ကွီအို၏ ပွဲစီစဉ်သူ ဘော့ဘ်အာရမ်ကမူ ပက်ကွီအိုမှာ ဘရက်ဒလေနှင့် ထိုးသတ်ပြီးနောက်ပိုင်း ကြိုးဝိုင်းအတွင်းတွင် ဆက်ရှိနေဦးမည်ဟု စောစောပိုင်းက ပြောကြားခဲ့သော်လည်း ပက်ကွီအိုက ငြင်းပယ်ခဲ့သည်။

    “ကျွန်တော့်ရဲ့ နိုင်ငံရေးနယ်ပယ်မှာ အာရုံစိုက်ဖို့အတွက် လက်ဝှေ့ကနေ အနားယူတော့မှာပါ။ တီမိုသီ ဘရက်ဒလေနဲ့ ထိုးသတ်မှုဟာ နောက်ဆုံးဖြစ်မှာပါ။ အရင်က ဒီလို ကျွန်တော် မပြောခဲ့ဖူးပါဘူး။ ဘယ်သူကမှလည်း ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်ကို မဗျူးခဲ့ဘူးလေ။ ဧပြီ ၉ ရက်နေ့ပွဲ ပြီးတဲ့နောက်မှာ ကျွန်တော် အနားယူသွားမှာပါ” ဟု ပက်ကွီအိုက ပြောကြားခဲ့သည်။

    ၂၀၁၂ ခုနှစ်က ဘရက်ဒလေနှင့်တွေ့ဆုံမှုတွင် ဒိုင်လူကြီး၏ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ဖြင့် ပက်ကွီအိုက ရှုံးနိမ့်ခဲ့ပြီး နောက်ထပ် ၂ နှစ်အကြာတွင် ဘရက်ဒလေအား ပက်ကွီအိုက အလွယ်တကူပင် အနိုင်ရခဲ့သည်။

    Ref: Dailymail

  • မြေမြှုပ်မိုင်းကြောင့် တရုတ်နိုင်ငံသားတစ်ဦး ဒဏ်ရာရမှုကို ဆန့်ကျင်ကြောင်း တရုတ်က မြန်မာကိုပြောဆို

    မြေမြှုပ်မိုင်းကြောင့် တရုတ်နိုင်ငံသားတစ်ဦး ဒဏ်ရာရမှုကို ဆန့်ကျင်ကြောင်း တရုတ်က မြန်မာကိုပြောဆို

    ဇန်န၀ါရီ ၆၊ ၂၀၁၆
    M-Media

    မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA မှ တပ်သားများ

    – နှစ်နိုင်ငံငယ်နယ်စပ်တွင် တရုတ်နိုင်ငံသားတစ်ဦး မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရရှိပြီးနောက် ထိုကိစ္စနှင့် ပတ်သက်၍ ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ပြောကြားလိုက်သည်ဟု သိရသည်။

    ယမန်နေ့တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချန်ယင်းက လူတစ်ဦးမှာ တနင်္ဂနွေနေ့က မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း မည်သည့်နေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ကို အတိအကျ ထည့်သွင်းမပြောကြားခဲ့ပေ။

    “အခြေအနေကို ထပ်မံ စုံစမ်းစစ်ဆေးနေတုန်းပါပဲ။ ဒီကိစ္စနဲ့ပတ်သက်လို့ အလွန်အမင်းစိုးရိမ်မိပါတယ်။ တရုတ်နိုင်ငံဘက်က လုပ်ထုံးလုပ်နည်းအတိုင်း တင်ပြပြောကြားမှုတွေ ပြုလုပ်ခဲ့ပြီး နောက်ထပ် ဒါမျိုးမဖြစ်စေဖို့နဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခတွေဟာ တရုတ်ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစမ်းကို အန္တရာယ်ရှိမှုကနေ တားဆီးဖို့အတွက် မြန်မာနိုင်ငံကို တောင်းဆိုထားပါတယ်” ဟု ဟွာက ပြောကြားခဲ့သည်။

    နယ်စပ်တစ်လျှောက်တွင် မြန်မာစစ်တပ်နှင့် လူနည်းစု တိုင်းရင်သား လက်နက်ကိုင်များအကြား တိုက်ခိုက်မှုများကို ရှောင်ကြဉ်ရေး မြန်မာအစိုးရကို တရုတ်က အကြိမ်ကြိမ် တောင်းဆိုထားသည်။

    ဟွာကမူ တရုတ်-မြန်မာ နယ်ခြားသေတွင် ငြိမ်ချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံအား တိုက်တွန်းခဲ့သည်။ Reuters မှ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်အား ထိုကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

    ပြီးခဲ့သည့်မတ်လက ရှမ်းပြည်နယ်တွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း လမ်းကြောင်းပြောင်းသွားသော ဗုံးဆံများမှာ ယူနန်ပြည်နယ်ထဲသို့ ကျရောက်ကာ တရုတ်ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး တရုတ်နိုင်ငံ ထိုကိစ္စအတွက် ဒေါသထွက်ခဲ့သည်။

    Ref: Channelnewsasia