News @ M-Media

Blog

  • မိမိတို့ပြဿနာဖြေရှင်းရေး ငြိမ်းချမ်းရေးညီလာခံခေါ်ရန် ပါလက်စတိုင်းသမ္မတ တိုက်တွန်း

    မိမိတို့ပြဿနာဖြေရှင်းရေး ငြိမ်းချမ်းရေးညီလာခံခေါ်ရန် ပါလက်စတိုင်းသမ္မတ တိုက်တွန်း

    ဇန်န၀ါရီ ၉၊ ၂၀၁၆
    M-Media

    pa

    – အာရပ်ကမ္ဘာက တင်သွင်းသည့် ငြိမ်းချမ်းရေးစီမံကိန်းကို အကောင်အထည်ဖော်ရန်နှင့် ပါလက်စတိုင်းပြဿနာ ဖြေရှင်းရေး အဖွဲ့တစ်ခု ဖွဲ့စည်းနိုင်ရန်အတွက် နိုင်ငံတကာ ငြိမ်းချမ်းရေး ညီလာခံတစ်ခု ကျင်းပပေးရန် ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် ဘတ်စ်က တောင်းဆိုလိုက်သည်။

    ဘက်သလီဟမ်ရှိ သမ္မတနန်းတော်တွင် ယမန်နေ့က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပါလက်စတိုင်းများ၏ အခက်အခဲကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေသည်မှာ လက်ခံနိုင်စရာမဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ဆီးရီးယား၊ လစ်ဗျားနဲ့ အီရန်နိုင်ငံတို့မှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းနေပေမယ့် အဲဒါတွေထက် နှစ်ပေါင်းကြာနေတဲ့ ကျွန်တော်တို့ပြဿနာကို အခုထိ မဖြေရှင်းနိုင်သေးတာ ကျွန်တော်တို့ တွေ့မြင်နေရပါတယ်။ ဒီအခြေအနေတွေဟာ ရှုပ်ထွေးခက်ခဲပြီး အဖြေဆိုတာ ဒီနေ့လား မနက်ဖြန်လား မသေချာတဲ့အခြေအနေမှာ ရှိပါတယ်၊ သို့သော်လည်း ကျွန်တော်တို့ကတော့ အောင်မြင်မှုရအောင် ဆောင်ရွက်ဖို့ ၀န်ခံကတိပြုပါတယ်”

    “ဘာကြောင့်လဲဆိုတော့ ပါလက်စတိုင်းဟာ ကျွန်တော်တို့နိုင်ငံဖြစ်တယ်၊ ကျွန်တော်တို့ ကာကွယ်ရပါမယ်။ ငြိမ်းချမ်းရေးနဲ့ နှစ်နိုင်ငံအဖြေကို ရရှိဖို့ ငြိမ်းချမ်းရေးအတွက်၊ ညှိနှိုင်းဆွေးနွေးရေးအတွက် ကျွန်တော်တို့လက်တွေကို ဆန့်ထားပါတယ်။ ကျွန်တော်တို့မြေမှာ ကျွန်တော်တို့နေပါမယ်၊ အစ္စရေးတွေကို ကျူးကျော်ဖို့ ခွင့်မပြုနိုင်ပါဘူး။ ကျွန်တော်တို့ဟာ အချုပ်အခြာအာဏာ ပြည့်ဝတဲ့နိုင်ငံမျိုးကို လိုချင်ပါတယ်။ တခြားကမ္ဘာ့နိုင်ငံတွေလိုပဲ ကျွန်တော်တို့မှာလည်း အခွင့်အရေးရှိရပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ ကျွန်တော်တို့ လက်ခံနိုင်မှာ မဟုတ်ပါဘူး” ဟု အဘတ်စ်က ထည့်သွင်းပြောကြားခဲ့သည်။

    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ AP ၏ သံတမန်ရေးရာ ကြိုးပမ်းမှုများနှင့်ပတ်သက်၍ အဘတ်စ်က “ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံမှာ ကျွန်တော်တို့ပြည်သူတွေ နိုင်ငံတကာအကူအညီရအောင်၊ အခြေချနေထိုင်မှုတွေကို ရပ်တန့်နိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းအားထုတ်သွားမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုက်နက်များတွင် အစ္စရေးက ကျူးကျော်အိမ်ယာများ ဆောက်လုပ်ခြင်းမှာ ၁၉၆၇ ကတည်းက အခုထိ လုံးဝ တရားမ၀င်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

    “ဒါ ကျွန်တော်တို့ပိုင်တဲ့မြေပါ၊ ကျူးကျော်နေထိုင်သူတွေ ထွက်ကိုထွက်ပေးရပါမယ်၊ ဂါဇာကမ်းမြောင်မှာ ဖြစ်ခဲ့တဲ့နည်းတူ သူတို့အားလုံး ထွက်သွားပေးရပါမယ်”

    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ပြိုလဲမည်ဆိုသည့် ကောလဟာလများကိုလည်း အဘတ်စ်က ငြင်းဆိုခဲ့ပြီး ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့မှာ ပါလက်စတိုင်းပြည်သူများ၏ အောင်မြင်မှုဖြစ်ကာ မည်သည့်အချိန်တွင်မှ စွန့်လွှတ်သွားမည်မဟုတ်ကြောင်း၊ မည်သူမှ ထိုအဖြစ်မျိုးဖြစ်ရန် အိပ်မက်မက်၍ ရမည်မဟုတ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

    ပါလက်စတိုင်း-အစ္စရေး နှစ်နိုင်ငံ ယှဉ်တွဲနေထိုင်ရေးကိုလည်း အဘတ်စ်က ထပ်မံပြောကြားခဲ့သည်။

    “ကျွန်တော်တို့ကတော့ အစ္စရေးကို ဆက်လက်ပြီး လက်ကမ်းပေးမှာပါ။ ကြေကွဲဖွယ်ရာတွေရှိခဲ့ပေမယ့် ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးညှိနှိုင်းရေးမှအပ ကျွန်တော်တို့မှာ အခြားရွေးစရာ ဘာမှမရှိပါဘူး၊။ အစ္စရေးပြည်သူတွေအနေနဲ့ ကျွန်တော်တို့ကို နားလည်ပေးဖို့ တောင်းဆိုပါတယ်၊ ဘာလို့လဲဆို ကျွန်တော်တို့ဟာ ကိုယ့်အမိမြေ ကိုယ့်တိုင်းပြည် ဖြစ်တဲ့ ဒီမှာ နေနေကြလို့ပါပဲ”

    Ref : IINA

  • ရန်သူများမှာ မိမိတို့နိုင်ငံ ပျက်ဆီးရန် ကြိုးပမ်းနေသည်ဟု အီရန်အဓိပတိပြော

    ရန်သူများမှာ မိမိတို့နိုင်ငံ ပျက်ဆီးရန် ကြိုးပမ်းနေသည်ဟု အီရန်အဓိပတိပြော

    ဇန်န၀ါရီ ၉၊ ၂၀၁၆
    M-Media

    chameni

    – လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ရန်သူများက အီရန်၏ ၁၉၇၉ ခုနှစ် အစ္စလာမ့်မစ်တော်လှန်ရေးကို ဖျက်ဆီးရန် ကြိုးပမ်းမှုမှာ ယနေ့အချိန်အထိ ရှိနေဆဲဟု အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီ ခါမေနီက ပြောကြားလိုက်သည်။

    မြင့်မြတ်သော ကွမ်မြို့တွင် ပြည်သူများနှင့် ယနေ့တွေ့ဆုံမှုအတွင်း ခါမေနီက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အမေရိကန်၊ အစ္စရေးနှင့် IS အပါအ၀င် Takfiri အုပ်စုတို့ ပူးပေါင်းထားသည့် ရန်သူများကိုလည်း အီရန်အစ္စလာမ့်မစ် သမ္မတနိုင်ငံက ရင်ဆိုင်နေရသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “စိုပြေကြီးထွားလာတဲ့ အစ္စလာမ့်မစ်တော်လှန်ရေး သစ်ပင်ကို အမြစ်ဖြုတ်ဖို့ ရန်သူတွေဟာ ကြိုးပမ်းမှုအားလုံးကို အာရုံစိုက် လုပ်ဆောင်နေပါတယ်” ဟု ခါမေနီကဆိုပြီး ထိုလုပ်ကြံမှုများအား တားဆီးရန်အတွက် မိမိတို့တိုင်းပြည်က အစွမ်းကုန် ကြိုးစားသွားမည်ဟု ဆိုသည်။

    ထိုပြင် မကြာမီပြုလုပ်တော့မည့် ပါလီမန်ရွေးကောက်ပွဲတွင် အီရန်နိုင်ငံ၏ လုံခြုံရေးကို အာမခံပေးနိုင်ရန်အတွက် မဲပေးခွင့်ရှိသူ ပြည်သူများအားလုံး မဲပေးကြရန်လည်း ခါမေနီက တိုက်တွန်းခဲ့သည်။

    ပြင်သစ်နှင့် ရုရှားတို့၏ တော်လှန်ရေးများမှာ လမ်းချော်၊ ပြိုလဲခဲ့သော်လည်း အီရန်၏ အစ္စလာမ့်မစ်တော်လှန်ရေးကို စည်းမျဉ်းစည်းကမ်းများအတိုင်း ရှင်သန်နေရန် စီစဉ်နိုင်ခဲ့သည်ဟု ခါမေနီက ထည့်သွင်းပြောကြားခဲ့သည်။

    “အီရန်ရဲ့ အစ္စလာမ့်မစ်တော်လှန်ရေးဟာ အခြေခံ စည်းမျဉ်းစည်းကမ်းတွေ၊ အယူအဆတွေအပေါ်မှာ ခိုင်မြဲအောင် ထိန်းသိမ်းထားနိုင်တဲ့ တစ်ခုတည်းသော တော်လှန်ရေးဖြစ်ပါတယ်”

    Ref: PressTV

  • ရီးယဲလ်နည်းပြသစ်အတွက် လူတိုင်းက စိတ်လှုပ်ရှားနေသည်ဟု အလွန်ဆိုပြော

    ရီးယဲလ်နည်းပြသစ်အတွက် လူတိုင်းက စိတ်လှုပ်ရှားနေသည်ဟု အလွန်ဆိုပြော

    ဇန်န၀ါရီ ၉၊ ၂၀၁၆
    M-Media

    xavi

    – အရန်အသင်းနည်းပြဖြစ်သူ ဇီဒိန်းကို ရီးယဲလ်က အသင်းကြီးနည်းပြအဖြစ် ခန့်အပ်လိုက်ခြင်းမှာ လူတိုင်းကို စိတ်လှုပ်ရှားစေသည်ဟု ဘိုင်ယန်အသင်း၏ ရီးယဲလ်ကွင်းလယ်လူဟောင်း ဇာဘီ အလွန်ဆိုက ပြောကြားလိုက်သည်။

    ဘင်နီတက်ဇ်အား အသင်းဥက္ကဌ ပီရက်ဇ်က ထုတ်ပယ်ခဲ့ပြီးနောက် ရီးယဲလ်ကစားသမားဟောင်းဖြစ်သူ ဇီဒိန်းက နည်းပြသစ် ဖြစ်လာခြင်းဖြစ်ပြီး ထောက်ခံမှုများရှိသကဲ့သို့ ဝေဖန်မှုများလည်း ရှိနေသည်။ ရီးယဲလ်တွင် ၅ ရာသီကြာ ကစားခဲ့သည့် အလွန်ဆိုကမူ ဇီဒိန်အား ကံကောင်းစေရန် ဆုတောင်းပေးခဲ့သည်။

    “လူတိုင်းက ဒါနဲ့ပတ်သက်ပြီး အရမ်းစိတ်လှုပ်ရှားနေကြပါတယ်။ ကျွန်တော် သူ့ကို သိတယ်။ သူနဲ့လည်း ရင်ဆိုင်ကစားခဲ့ဖူးပါတယ်။ လက်ထောက်နည်းပြအဖြစ် သူနဲ့ဆုံခဲ့ပြီး ခရီးလမ်းအသစ်မှာ ကြီးကျယ်တဲ့အောင်မြင်မှု ရရှိပါစေလို့ ဆုတောင်းပါတယ်” ဟု အလွန်ဆိုက ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းမှာ ဘိုင်ယန်နှင့်အတူ ချန်ပီယံလိဂ်ကို ရရှိချင်နေသည်။

    “ဘိုင်ယန်နဲ့အတူ ချန်ပီယံလိဂ်ကို ကျွန်တော်ရချင်ပါတယ်။ အသင်းရဲ့လူစာရင်းမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ရတာကို နှစ်သက်ပါတယ်”

    Ref : Goal

  • အမေရိကန်တွင် အစ္စလာမ့်အသိပညာပေး Billboard လှုပ်ရှားမှု အောင်မြင်

    အမေရိကန်တွင် အစ္စလာမ့်အသိပညာပေး Billboard လှုပ်ရှားမှု အောင်မြင်

    ဇန်န၀ါရီ ၉၊ ၂၀၁၆
    M-Media

    ICNA

    – အစ္စလာမ်နဲ့ ပတ်သက်လို့ နားလည်မှုလွဲမှားနေတာတွေကို ဖယ်ရှားဖို့အတွက် မြောက်အမေရိက အစ္စလာမ့်အ၀န်းအ၀ိုင်းအဖွဲ့ ICNA ရဲ့ ကြော်ငြာဆိုင်းဘုတ်(Billboard ) လှုပ်ရှားမှုဟာ အောင်မြင်လာတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့လအတွင်းမှာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က တမ်ပါဘေးမြို့မှာ ICNA ဟာ သူတို့ရုံးခန်းရဲ့ ဖုန်းနံပါတ်တွေပါဝင်ပြီး အစ္စလာမ့်အကြောင်းကို လေ့လာမေးမြန်းနိုင်တယ်လို့ ရေးသားထားတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတွေကို စိုက်ထူခဲ့ပါတယ်။

    ဒါဟာ နိုင်ငံတစ်ဝှမ်း အဝေးပြေးလမ်းမကြီးတွေမှာ ဒီလို ကြော်ငြာဆိုင်းဘုတ် ၁၃၅ ခု စိုက်ထူရေး လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပြီး သည်းခံခွင့်လွှတ်မှုနဲ့ အသိပညာပေးမှုတို့ကနေတစ်ဆင့် အစ္စလာမ်သာသနာနဲ့ပတ်သက်တာကို တင်ပြဖို့၊ အမုန်းတရားတွေ၊ နားလည်မှုလွဲမှားတာတွေကို ဖြေရှင်းဖို့အတွက် မွတ်စလင်ခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှုပါပဲ။

    တမ်ပါဘေးမှာ အဲဒီဆိုင်းဘုတ်ကြီးတွေ စိုက်ထူခဲ့ပြီးနောက်ပိုင်း ICNA ကို 877WHYISLAM နံပါတ်ကနေတစ်ဆင့် အစ္စလာမ်နဲ့ ပတ်သက်လို့ ဖုန်းဆက်မေးမြန်းမှုတွေဟာ ၃၀၀ ရာခိုင်နှုန်းလောက်ကို တိုးတက်လာတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    မေးလာတဲ့ မေးခွန်းတွေထဲမှာ ‘ယေရူခရစ်တော်ကို မွတ်စလင်တွေက ဘယ်လိုယူဆလဲ’၊ ‘အစ္စလာမ်ဘာသာတရားမှာ အမျိုးသမီးအခွင့်အရေးရှိလား’ စတဲ့မေးခွန်းတွေလည်း ပါဝင်ပါတယ်။

    “ဖုန်းဆက်လာရင်တော့ များသောအားဖြင့် ကျွန်တော်တို့ဟာ ဂူးလ်ဂဲလ်မှာရှာဖတ်ဖို့ တိုက်တွန်းမှုတွေလည်း လုပ်ပါတယ်” ဟု ICNA ရဲ့ စေတနာ့ဝန်ထမ်းဖြစ်ပြီး၊ ဒီလှုပ်ရှားမှုကို စီမံခန့်ခွဲနေသူ ဖာရ်ဟန် ပါဗိုက်ဇ်က ပြောခဲ့ပါတယ်။

    မွတ်စလင်ခေါင်းဆောင်တွေဟာ ပဲရစ်နဲ့ ကယ်လီဖိုးနီးယားမှာ IS အကြမ်းဖက်အဖွဲ့က ပြုလုပ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရှုတ်ချတာကို ဖုန်းခေါ်ဆိုသူတွေက တွေ့ခဲ့ရပါတယ်။

    “အဓိကရည်ရွယ်ချက်ကတော့ ပညာရေးအစိတ်အပိုင်း ဖြစ်ပို့ပါပဲ။ အစ္စလာမ်ကြောက်ရောဂါကြောင့် အဓိက မီဒီယာတွေမှာ ကျွန်တော်တို့ဟာ ပြောစရာတွေဖြစ်နေပါတယ်” လို့ ပါဗိုက်ဇ်က ပြောကြားခဲ့ပါတယ်။

    ICNA ရဲ့ ဥက္ကဌဖြစ်သူ နအီမ်း ဘာအစ်ဂ်က အမေရိကန်နိုင်ငံရေးသမားအချို့ရဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုမှာ ပြောဆိုနေတဲ့ စကားတွေဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး နားလည်မှုလွဲမှားနေတာတွေကို ဖြေရှင်းနေတဲ့ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

    သူတို့ဆီကို ဖုန်းခေါ်ဆိုသူတွေထဲက ၆ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်သာ အဖျက်ဘက်ကဖြစ်ပြီး လူပေါင်း ၅ သောင်းလောက်ဟာ ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်ကို တောင်းခံခဲ့တယ်လို့ ဘာအစ်ဂ်က ထပ်လောင်ပြောကြားခဲ့ပါတယ်။

    ICNA ဟာ ဒီကြောငြာဆိုင်းဘုတ်လှုပ်ရှားမှု ပြန့်နှံ့ရေးအတွက် အခြားဒေသက မွတ်စလင်လူ့အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်နေပါတယ်။

    အထူးသဖြင့် တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) အကြောင်းကို အာရုံစိုက်ဆောင်ရွက်တဲ့ ဒီလှုပ်ရှားမှုကို လွန်ခဲ့တဲ့ တစ်နှစ်လောက်က စတင်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ICNA ဟာ ကုရ်အာန်နဲ့ ပတ်သက်ပြီး လူတွေကို အသိပညာပေးမှုဘက်မှာ ပိုမို လုပ်ဆောင်သွားဖို့ ရည်ရွယ်နေပါတယ်။

    “ကျွန်တော်တို့ဟာ ဒီလူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းဖြစ်တယ်။ ပြီးတော့ ပိုကြီးတဲ့ လူ့အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ အမေရိကန်မွတ်စလင်တွေမှာ ဆရာဝန်၊ အားကစားသမားတွေလို ပရော်ဖက်ရှင်နယ်တွေရှိပြီး သူတို့ဟာ အမေရိကန် အသိုင်းအ၀ိုင်းရဲ့ အစိတ်အပိုင်းတွေလည်း ဖြစ်ကြပါတယ်။ အမေရိကန်ရဲ့ လူ့အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုတွေကို သူတို့က အရောင်ဖြည့်ပေးကြတာ ဖြစ်ပါတယ်” လို့ ဘာအစ်ဂ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref: Tempabay.com

  • ထောင်ဖောက်ပြေးသည့် မူးယစ်ရာဇာကို မက္ကဆီကို ပြန်မိ

    ထောင်ဖောက်ပြေးသည့် မူးယစ်ရာဇာကို မက္ကဆီကို ပြန်မိ

    ဇန်န၀ါရီ ၉၊ ၂၀၁၆
    M-Media

    mex

    – ပြီးခဲ့သည့် ၆ လအရင်က လုံခြုံရေးအထူထပ်ဆုံးသော ထောင်ကို ဖောက်ပြေးသွားသည့် မူးယစ်ရာဇာကို ပြန်လည်ဖမ်းဆီးမိခဲ့ပြီဟု မက္ကဆီကို ရဲတပ်ဖွဲ့က ကြေငြာလိုက်သည်။

    Sinaloa မူးယစ်ဂိုဏ်း၏ ဘုရင်ဖြစ်သူ ဂူဇ်မန်ဖြစ်ပြီး နိုင်ငံ၏ အလိုအရှိဆုံး ၀ရမ်ပြေးလည်းဖြစ်သည်။ မက္ကဆီကိုသမ္မတ အန်းရစ် ပီနာ နီယက်တိုကမူ စစ်ဆင်ရေး ပြီးဆုံးသွားပြီဖြစ်ပြီး မိမိတို့က ဂူဇ်မန်ကို ပြန်လည်ဖမ်းဆီးမိခဲ့ပြီဟု ယမန်နေ့က Twitter စာမျက်နှာတွင် ဖော်ပြခဲ့သည်။

    အလ်ချာပိုဟု အမည်ရသည့် ဂူဇ်မန်ကို ၎င်း၏ ဇာတိပြည်နယ်ဖြစ်သော ဆီနာလိုအာရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။ အာဏာပိုင်များကမူ ဂူဇ်မန်ကို အရှင်ဖမ်းဆီးမိခဲ့ပြီး ဒဏ်ရာရရှိခြင်းမရှိဟု ပြောကြားခဲ့သည်။ ပစ်ခတ်မှုအတွင်း လူ ၅ ဦးသေဆုံးခဲ့ကာ မက္ကဆီကို မရိန်းတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

    မရိန်းတပ်ဖွဲ့ဝင်များမှာ လက်နက်တပ်ဆင်ထားသည့် ယာဉ် ၂ စီး၊ ရိုင်ဖယ် ၈ လက်၊ ပစ္စတိုတစ်လက်နှင့် လောင်ချာတစ်လက်တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု မက္ကဆီကိုရေတပ်က ထုတ်ပြန်ပြောကြားခဲ့သည်။

    ဂူဇ်မန်ကို ၁၃ နှစ်ကြာ ရှာဖွေခဲ့ပြီးနောက် မက္ကဆီကို အာဏာပိုင်များက ဖမ်းဆီးနိုင်ခဲ့သော်လည်း အကျဉ်းထောင်အတွင်း ၁၇ လသာ နေခဲ့ရကာ ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် မြေအောက်လှိုဏ်ခေါင်းမှတစ်ဆင့် ထောင်ဖောက် ထွက်ပြေးသွားခြင်းဖြစ်သည်။

    ဂူဇ်မန်ကို အမေရိကန်ကလည်း အလိုရှိနေပြီး သမ္မတနီယက်တိုကမူ လွှဲပြောင်းပေးအပ်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera