News @ M-Media

Blog

  • ရုရှားဘောလုံးအသင်းများ နိုင်ငံတကာပြိုင်ပွဲအားလုံးမှ ပိတ်ပင်ခံရ

    ရုရှားဘောလုံးအသင်းများ နိုင်ငံတကာပြိုင်ပွဲအားလုံးမှ ပိတ်ပင်ခံရ

    မတ် ၁၊ ၂၀၂၂
    M-Media

    -ရုရှားလက်ရွေးစင်အသင်းတွေနဲ့ ကလပ်အသင်းတွေအားလုံးကို နိုင်ငံတကာပြိုင်ပွဲကစားခွင့် ပိတ်ပင်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA တို့ မနေ့က ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရုရှားက ကမ္ဘာ့ဘောလုံးအသိုင်းအ၀ိုင်းက ဒဏ်ခတ်တာ ဖြစ်ပါတယ်။ 

    ရုရှား အမျိုးသားလက်ရွေးစင်အသင်းဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်အတွက် ရှုံးထွက်ပွဲကို မတ်လအတွင်း ကစားရမှာဖြစ်ပြီး၊ အမျိုးသမီးလက်ရွေးစင်အသင်းက ဇူလိုင်လ အင်္ဂလန်မှာကျင်းပမယ့် ဥရောပ ချန်ပီယံရှစ်ပြိုင်ပွဲကို ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။

    “နိုင်ငံကိုယ်စားပြု လက်ရွေးစင်အသင်းပဲဖြစ်ဖြစ်၊ ကလပ်အသင်းပဲဖြစ်ဖြစ် ရုရှားဘောလုံးအသင်းအားလုံး နောက်ထပ် ထုတ်ပြန်ချက် တစ်စုံတစ်ရာ မထွက်ခင်အချိန်အထိ FIFA နဲ့ UEFA ကလုပ်တဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရပ်ဆိုင်းထားဖို့ FIFA နဲ့ UEFA တို့က ဆုံးဖြတ်လိုက်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ရုရှားအသင်းနဲ့ ပွဲတွေကို ကြားကွင်းမှာ ကစားပြီး၊ ရုရှားအလံ၊ နိုင်ငံတော်သီချင်း မသုံးရဆိုတဲ့ ကြေငြာချက်တစ်ခုကို FIFA က တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမယ့် ရုရှားနဲ့ ကစားရမယ့် အသင်းတွေက ဝေဖန်ပြစ်တင်မှုတွေ လုပ်လာတာကြောင့် တနင်္လာနေ့မှာ ရုရှားအသင်းတွေကို ပြိုင်ပွဲအားလုံးကနေ ဖယ်ရှားမယ့် ကြေငြာချက်အသစ်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ရုရှားနှင့် ယူကရိန်းတို့ ဘီလာရုဇ်တွင် ဆွေးနွေးမည်

    ရုရှားနှင့် ယူကရိန်းတို့ ဘီလာရုဇ်တွင် ဆွေးနွေးမည်

    ဖေဖော်၀ါရီ ၂၈၊ ၂၀၂၂
    M-Media

    ယူကရိန်းကို ရုရှားက ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံသုံးပြီး တိုက်ခိုက်နေတာ ၅ ရက်မြောက် ရှိလာပြီ ဖြစ်ပါတယ်။ ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းက မြို့အနည်းငယ်ကို ရုရှားက သိမ်းထားနိုင်ပေမယ့် အဓိကမြို့တော် ကိဗ်ကို သိမ်းဖို့ ကြိုးစားရာမှာတော့ ယူကရိန်းတပ်တွေရဲ့ ပြင်းပြင်းထန်ထန် ခုခံမှုကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

    ယူကရိန်းသမ္မတ ဇယ်လင်စကီးက လာမယ့် ၂၄ နာရီကာလဟာ ‘အရေးကြီးတဲ့အချိန်’ ဖြစ်လိမ့်မယ်လို့ ယူကေ၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ ဖုန်းပြောဆိုမှုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ရုရှားရဲ့ ကျူးကျော်မှုအတွင်း ကလေးငယ် ၁၄ ဦးအပါအ၀င် အရပ်သား ၃၅၂ ဦးသေဆုံးထားတယ်လို့ ယူကရိန်း ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    ရုရှားသမ္မတပူတင်ဟာ သူ့ရဲ့ နျူတပ်ဖွဲ့ကို မနေ့က အမြင့်ဆုံးအဆင့် တပ်လှန့်ခဲ့ပြီး နျူစစ်ပွဲဖြစ်လာမှာကို နိုင်ငံတကာအသိုင်းအ၀ိုင်းက စိုးရိမ်လာပါတယ်။

    Ref: Reuters

  • ရုရှားလက်ချက်ကြောင့် ယူကရိန်းရှိ ကမ္ဘာ့အကြီးဆုံး ဧရာမ​လေယာဉ် ပျက်ဆီး

    ရုရှားလက်ချက်ကြောင့် ယူကရိန်းရှိ ကမ္ဘာ့အကြီးဆုံး ဧရာမ​လေယာဉ် ပျက်ဆီး

    ဖေဖော်ဝါရီ ၂၈၊ ၂၀၂၂
    M-Media

    -ကမ္ဘာ့အကြီးဆုံးလေယာဉ်ဖြစ်တဲ့ ယူကရိန်းနိုင်ငံက Antonov-225 ကုန်တင်လေယာဉ်ဟာ ရုရှားရဲ့ လေကြောင်းက တိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားခဲ့ပါတယ်။

    မြို့တော်ကိဗ်က Antonov လေယာဉ်ကွင်းမှာ အဲဒီလေယာဉ်ကို ရပ်ထားတာပါ။ လေယာဉ်ဟာ ၈၄ မီတာရှည်ပြီး ကုန်တန်ချိန် ၂၅၀ ကို တင်ဆောင်ကာ တစ်နာရီ ကီလိုမီတာ ၈၅၀ ကီလိုမီတာနှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ ယူကရိန်းဘာသာစကားနဲ့ Mriya လို့ အမည်ပေးထားပြီး အိပ်မက်လို့ အဓိပ္ပါယ်ရပါတယ်။

    “AN-225 ဟာ ကမ္ဘာ့အကြီးဆုံး လေယာဉ်ပါ။ ကျွန်တော်တို့ရဲ့ Mriya ကို ရုရှားက ဖျက်ဆီးနိုင်ကောင်း ဖျက်ဆီးနိုင်လိမ့်မယ်။ ဒါပေမယ့် အင်အားတောင့်တင်းပြီး လွတ်လပ်တဲ့ ဒီမိုကရေစီ ဥရောပနိုင်ငံတစ်ခု ဖြစ်လာရေး ကျွန်တော်တို့ရဲ့ အိပ်မက်ကိုတော့ ဘယ်တော့မှ ဖျက်ဆီးလို့ရမှာ မဟုတ်ပါဘူး။ ဒီအိပ်မက်ကို ကျွန်တော်တို့ အကောင်အထည်ဖော်မှာပါ” လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ရုရှားဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာ ၄ ရက်မြောက် ရှိလာပါပြီ။ မြို့တော်ကိဗ်ကို သိမ်းပိုက်ဖို့ ကြိုးစားနေပြီး ယူကရိန်းတပ်တွေက ခုခံထားနိုင်ပါတယ်။

    Antonov-225 ကို ပိုင်ဆိုင်တဲ့ Ukroboronprom ကုမ္ပဏီက လေယာဉ်ကို ပြန်လည်ပြင်ဆင်ဖို့အတွက် ကန်ဒေါ်လာ ၃ ဘီလီယံလောက်ကုန်ကျပြီး၊ ၅ နှစ်ကြာမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    AN-225 ကို ယခင် ဆိုဗီယက်ပြည်ထောင်စုရဲ့ လေကြောင်းစီမံကိန်းအောက်မှာ အကောင်အထည်ဖော်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ ပထမဆုံး စတင် ပျံသန်းခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် အဲဒီလောယာဉ်ဟာ ယူကရိန်းမှာသာ တစ်စီးတည်းရှိတော့ပြီး ၂၀၀၁ ခုနှစ်မှာ စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့ပါတယ်။

    Ref: Reuters

  • ဘီလီယံနာအေလွန်မက်စ်က Starlink အင်တာနက်စနစ်ကို ယူကရိန်းပြည်သူများသုံးနိုင်အောင် စီစဉ်ပေး

    ဘီလီယံနာအေလွန်မက်စ်က Starlink အင်တာနက်စနစ်ကို ယူကရိန်းပြည်သူများသုံးနိုင်အောင် စီစဉ်ပေး

    ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂

    M-Media 

    -အင်တာနက်ပြတ်တောက်မှုတွေရှိနေတဲ့ ယူကရိန်းနိုင်ငံမှာ ဂြိုဟ်တုအခြေပြု အင်တာနက် ဆက်သွယ်ရေးစနစ် Starlink အသုံးပြုနိုင်အောင် စီစဥ်ပေးထားတယ်လို့ SpaceX ပိုင်ရှင် အေလွန်မက်စ်က ထုတ်ပြန်ပါတယ်။

    ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံအတွင်း အထူးသဖြင့် နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေမှာ အင်တာနက်ပြတ်တောက်မှုတွေကို ကြုံတွေ့နေရတာပါ။ 

    ဒီအခက်အခဲကို ပြေလည်အောင် ဖြေရှင်းပေးဖို့ ယူကရိန်းသမ္မတ ဇယ်လင်စကီးက အေလွန်မက်စ်ကို Twitter စာမျက်နှာကတစ်ဆင့် တောင်းဆိုခဲ့ပြီးတဲ့နောက် Starlink အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးလိုက်တယ်လို့ အေလွန်မက််စ်က ထုတ်ပြန်ခဲ့ပါတယ်။

     “Starlink ကို အခု ယူကရိန်းမှာ စသုံးလို့ ရပါပြီ။ နောက်ထပ် ဂြိုဟ်တုတွေလည်း လာတော့မှာပါ” လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

    ဂြိုဟ်တုကို အခြေပြုတဲ့ အင်တာနက် ဆက်သွယ်ရေးစနစ်ဟာ ကုန်ကျစားရိတ် ကြီးပေမယ့် တာ၀ါတိုင်ခြေပြုစနစ်၊ ဖိုက်ဘာကေဘယ်ကြိုးအခြေပြု ဆက်သွယ်ရေးစနစ်ထက် ပိုမိုကောင်းမွန်ပါတယ်။

    တာ၀ါတိုင်၊ ကေဘယ်ကြိုးမရောက်နိုင်တဲ့ ၀ေးလံခေါင်းဖျားဒေသတွေမှာ အင်တာနက်၀န်ဆောင်မှု ပေးနိုင်သလို၊ သဘာ၀ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါမှာလည်း ဂြိုဟ်တုအခြေပြု အင်တာနက်စနစ်က ဆက်သွယ်မှု ပြတ်တောက်မှာ မစိုးရိမ်ရတော့ပါဘူး။

    ဘီလီယံနာ အေလွန်မက်စ်တဲ့ Starlink အင်တာနက်ဆက်သွယ်ရေးစနစ်အတွက် ဂြိုဟ်တု ၁၄၆၉ လုံး လည်ပတ်အလုပ်လုပ်နေပြီး နောက်ထပ်၂၇၂ လုံး လွှတ်တင်ဖို့ ရှိပါတယ်။

    Ref: Reuters

  • ရုရှား၏ ကျူးကျော်မှု ၃ ရက်အတွင်း ယူကရိန်းအရပ်သား ၂၄၀ ကျော် ထိခိုက်သေဆုံး

    ရုရှား၏ ကျူးကျော်မှု ၃ ရက်အတွင်း ယူကရိန်းအရပ်သား ၂၄၀ ကျော် ထိခိုက်သေဆုံး

    ဖေဖော်၀ါရီ ၂၇၊ ၂၀၂၂
    M-Media

    -ရုရှား ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှု ၃ ရက်အတွင်း အရပ်သား ထိခိုက်ဒဏ်ရာရသူ ဦးရေ ၂၄၀ လောက်ရှိနေပြီး မြေပြင်အရေအတွက်ဟာ အခုထက်ပိုများနိုင်တယ်လို့ ကုလသမဂ္ဂက စနေနေ့မှာ ထုတ်ပြန်ပါတယ်။

    အရပ်ဖက်နေရာတွေကို မတိုက်ခိုက်ဘဲ စစ်ဖက်ပစ်မှတ်တွေကိုသာ တိုက်ခိုက်တာလို့ ရုရှားက ထုတ်ပြန်ထားပေမယ့် လူနေအိမ်တွေ ဒုံးကျည်နဲ့ ပစ်ခံရတာ၊လမ်းတံတားတွေ ဖျက်ဆီးခံရတာ၊ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းတွေ တိုက်ခိုက်ခံရတာတွေ ရှိနေပါတယ်။

    ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာရုံးရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ တိုက်ခိုက်မှုအတွင်း ယူကရိန်းအရပ်သား ၂၄၀ ကျော် ထိခိုက်ခဲ့ပြီး သေဆုံးသူ ၆၄ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

    အချက်အလက် ကောက်ယူရရှိသလောက်ပဲဖြစ်ပြီး မြေပြင်မှာ ထိခိုက်သေဆုံးမှု အရေအတွက် သိသိသာသာ များနိုင်တယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    စစ်ပွဲကြောင့် ယူကရိန်းနိုင်ငံအတွင်း လူပေါင်း ၁၆၀၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို၊ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်က ၁၁၆၀၀၀ လောက် ရှိနေပါတယ်။

    Ref : Reuters