News @ M-Media

Blog

  • အင်္ဂလန်၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားအဖြစ် ရူနီ ရွေးချယ်ခံရ

    အင်္ဂလန်၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားအဖြစ် ရူနီ ရွေးချယ်ခံရ

    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media

    rooney

    – အင်္ဂလန်၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို တိုက်စစ်မှူး ၀ိန်းရူနီက ရရှိခဲ့သည်ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ယနေ့တွင် ကြေငြာလိုက်သည်။

    ရူနီမှာ အင်္ဂလန်အသင်းအတွက် စုစုပေါင်း ၅၁ ဂိုး သွင်းယူပေးထားပြီး ဂန္တ၀င်တိုက်စစ်မှူး ဘော်ဘီ ချာလ်တန်တင်ထားသည့် ၄၉ ဂိုးစံချိန်ကို ချိုးဖျက်ကာ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူသည့် ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့သည်။

    England Supporters Club အဖွဲ့ဝင်များ၏ မဲပေးရွေးချယ်မှုတွင် ရူနီမှာ ၃၇ ရာခိုင်နှုန်း ရရှိခဲ့ပြီး ထိုကဲ့သို့ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ ရူနီမှာ ၂၀၀၈၊ ၂၀၀၉ နှင် ၂၀၁၄ ခုနှစ်တို့တွင်လည်း အင်္ဂလန်အသင်း၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့ပြီး ယခုအကြိမ်မှာ စတုတ္ထအကြိမ်မြောက် ဖြစ်သည်။

    ယခုနှစ်တွင် စွမ်းဆောင်ရည်ကောင်းများကို ပြသခဲ့သည့် စတုတ်အသင်း၏ ဂိုးသမား ဂျက် ဘတ်လန်ကမူ ၂၁ နှစ်အောက် အကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ ရူနီနှင့် ဘတ်လန်တို့မှာ မတ်လ ၂၆ ရက်နေ့တွင် ဂျာမနီနှင့် ကစားမည့် ခြေစမ်းပွဲတွင် မတိုင်ခင် ၎င်းတို့ရရှိသည့် ဆုများကို လက်ခံရယူကြမည်ဖြစ်သည်။

    Ref: Channelnewsasia

  • မလေးရှား အတိုက်အခံခေါင်းဆောင် နိုဘယ်ဆုရရေး ထောက်ခံသူများ ကြိုးပမ်း

    မလေးရှား အတိုက်အခံခေါင်းဆောင် နိုဘယ်ဆုရရေး ထောက်ခံသူများ ကြိုးပမ်း

    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media

    malay

    – ဓမ္မတာနှင့် ဆန့်ကျင်သော လိင်ဆက်ဆံမှုဖြင့် ထောင်ဒဏ် ၅ နှစ် ကျခံနေရသည့် မလေးရှားအတိုက်အခံခေါင်းဆောင်ဟောင်း အန်န၀ါရီ အီဗရာဟင်အား နိုဘယ်ဆုအတွက် အမည်စာရင်းပေးသွင်းရန် အန်ဂျီအိုအဖွဲ့များက ကြိုးစား နေသည်ဟု သိရသည်။

    ၎င်းအား ထောက်ခံသည့် အန်ဂျီအို ၁၅ ဖွဲ့တွင် ပါဝင်သော Otai Reformasi အဖွဲ့က ဒုတိယ၀န်ကြီးချုပ်ဟောင်း အန်ဝါရ်မှာ နိုဘယ်ဆုနှင့် ထိုက်တန်သည်ဟု ယုံကြည်နေသည်။ ထိုအဖွဲ့မှာ အန်ဝါရ်လွတ်မြောက်ရေးအတွက် တွန်းအားပေးနေသည့် အဖွဲ့လည်းဖြစ်သည်။

    “သူက ဒီအဆင့်(နိုဘယ်ဆုနဲ့ ထိုက်တန်တဲ့အဆင့်) မှာ ရှိပါတယ်။ သူ့ရဲ့ ဘ၀၊ သူ့ရဲ့ခံစားခွင့်နဲ့ သူ့ရဲ့ လွတ်လပ်မှုတွေကို စစ်မှန်တဲ့အုပ်ချုပ်ရေး၊ ခြစားမှုကင်းဝေးရေး၊ ဒီမိုကရေစီ၊ လွတ်လပ်မှုတွေနဲ့ ဆက်စပ်တဲ့ ကိစ္စတွေလို အရေးပါတဲ့ အရာတွေကို ပြန်လည်ဆောင်ကျဉ်းလာဖို့ဆိုတဲ့ အမှန်တရားအတွက် ပေးဆပ်ဖို့ဆန္ဒရှိတဲ့ လူကောင်းတစ်ယောက် ဖြစ်ပါတယ်” ဟု Otai Reformasi မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆာရီ ဆန်ဂစ်ဘ်က ပြောကြားခဲ့သည်။

    ဓမ္မတာမဟုတ်သော လိင်ဆက်ဆံမှုစွဲချက်ဖြင့် အန်ဝါရ်အား ထောင်ဒဏ် ၅ နှစ် ချမှတ်မှုကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ရှုတ်ချခဲ့ပြီး၊ နိုင်ငံရေးလုပ်ကြံမှုဟု အန်ဝါရ်ကိုယ်တိုင်က ပြောကြားခဲ့သည်။ ၁၉၉၉ ခုနှစ်ကလည်း ခြစားမှုဖြင့် ထောင်ကျဖူးပြီး နိုင်ငံရေးအကြောင်းကြောင့် မိမိအား ချောက်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ ပထမအကြိမ် အကျဉ်းကျစဉ်က အန်ဝါရ်မှာ နိုဘယ်ဆုရရှိရန် ရေပန်းစားခဲ့သည်။

    ယခုအကြိမ်တွင်မူ အန်ဝါရ်အား အချို့သူများက နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းခဲ့သည်ဟု အဖွဲ့က ပြောကြားခဲ့သော်လည်း မည်သူမည်ဝါက တင်သွင်းခဲ့သည်ဆိုသည်ကို ဖော်ပြခဲ့ခြင်းမရှိချေ။ နိုဘယ်ဆုအား ယခုနှစ် အောက်တိုဘာလတွင် ကြေငြာမည်ဖြစ်သည်။

    နိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းခြင်းအပြင် အန်ဝါရ်လွတ်မြောက်ရေးအတွက်လည်း ထိုအဖွဲ့က ဆက်လက်လုပ်ဆောင်နေပြီး ဧပြီလတွင် အန်ဝါရ်အား ထောက်ခံသည့် ဆန္ဒပြပွဲများကို နိုင်ငံတစ်ဝှမ်း ပြုလုပ်ရန် စီစဉ်ထားသည်။

    Ref: Channenewsasia

  • မန်ယူ၏ လုပ်ရပ်အတွက် မော်ရင်ဟို စိတ်ပျက်နေ

    မန်ယူ၏ လုပ်ရပ်အတွက် မော်ရင်ဟို စိတ်ပျက်နေ

    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media

    man u

    – ၎င်းအား ခေါ်ယူမည့်ကိစ္စများနှင့် ပတ်သက်၍ မန်ယူအသင်း၏ လုပ်ပုံကိုင်ပုံများကို မော်ရင်ဟိုက စိတ်မရှည်တော့ဟု ESPN သတင်းဌာနက ဖော်ပြခဲ့သည်။

    ချယ်ဆီးမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ၂၄ နာရီအတွင်းမှာပင် မော်ရင်ဟို၏ အေးဂျင့်အား မန်ယူက ဆက်သွယ်ခဲ့သည့်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး မော်ရင်ဟိုကလည်း ၎င်းမှာ အနားယူမည်မဟုတ်ဘဲ ပရီးမီးယားလိဂ်တွင် ဆက်လက် နည်းပြမည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

    သို့သော်လည်း ဖိအားဒဏ်များနှင့် ရင်ဆိုင်နေရသည့် နည်းပြ လူးဝစ်ဗန်ဂါးလ်မှာ မန်ယူတွင် ယခုအချိန်အထိ ဆက်ရှိနေသေးပြီး မော်ရင်ဟိုကမူ မန်ယူ၏ တုန့်ပြန်မှုများအတွက် စိတ်ပျက်နေသည်ဟု ဆိုသည်။ ESPN ၏ အဆိုအရ မော်ရင်ဟိုအား အင်တာနှင့် ပီအက်စ်ဂျီတို့က တရားဝင် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    Ref: Goal

  • အီရတ်တွင် စွန်နီဗလီ ၃ လုံး ဗုံးခွဲတိုက်ခိုက်ခံရ

    အီရတ်တွင် စွန်နီဗလီ ၃ လုံး ဗုံးခွဲတိုက်ခိုက်ခံရ

    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media

    Iraq

    – အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒတ်တောင်ပိုင်းရှိ ဗလီသုံးလုံး ဗုံးခွဲခံရသောကြောင့် ပျက်ဆီးမှုများ ရှိခဲ့ပြီး မည်သည့်အဖွဲ့အစည်း၏ လုပ်ရပ်ဖြစ်ကြောင်း မသိရှိရသေးပေ။

    တနင်္လာနေ့ညပိုင်းက ဟီလာမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်ရပ်အတွက် ၀န်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီကလည်း အတည်ပြုပြောကြားခဲ့သည်။ ထို့ပြင် ဘာသာရေးဂိုဏ်းဂဏ ပြဿနာများတွင် လူထုအား ဆွဲထည့်မှုများနှင့်ပတ်သက်၍လည်း သတိပေးပြောကြားခဲ့သည်။

    “IS အဖွဲ့လို အကြမ်းဖက်ဂိုဏ်းတွေနဲ့ နိုင်ငံတော်စည်းလုံးမှုကို ပြိုကွဲအောင် သွေးထိုးလှုံ့ဆော်စည်းရုံးဖို့ ဗလီတွေကို ဗုံးခွဲတိုက်ခွဲခဲ့တဲ့ အဖွဲ့တွေကို နေရာအနှံ့ ပိုက်စိပ်တိုက်ရှာဖွေဖို့ စစ်ဆင်ရေးခေါင်းဆောင်တွေကို ညွှန်ကြားထားပြီးပါပြီ” ဟု ၎င်း၏ Facebook စာမျက်နှာတွင် ၀န်ကြီးချုပ်က ရေးသားခဲ့သည်။

    အာဘာဒီက IS အဖွဲ့ကဲ့သို့ အကြမ်းဖက်သမားများကို အပြစ်တင်ပြောဆိုခဲ့သော်လည်း ဘာဘီလ်မြို့ရှိ လုံခြံရေးအဖွဲ့များများကမူ ဆော်ဒီက ရှီအာဘာသာရေးခေါင်းဆောင်ကို သေဒဏ်ပေးခဲ့ခြင်းအပေါ် ဂယက်ရိုက်မှုနှင့် ဆက်စပ်နေသည့်အတွက် လက်နက်ကိုင် ရှိအာအုပ်စုများသည် ဗုံးခွဲမှုတွင် ပါဝင်ပက်သက်မှုရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

    Ref: Al-jazeera

  • အစိုးရသစ်အတွက် ပထမဦးစားပေးမှာ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    အစိုးရသစ်အတွက် ပထမဦးစားပေးမှာ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media

    daw su

    – တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုက ယခုနှစ်ဆန်းပိုင်းတွင် တာဝန်ထမ်းဆောင်မည့် မိမိတို့အစိုးရအသစ်အတွက် ‘ပထမဦးစားပေး’ ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “အစိုးရသစ်ရဲ့ ပထမဦးစားပေးအလုပ်ဟာ ငြိမ်းချမ်းမှုတည်ဆောက်ရေး ဖြစ်မှာပါ။ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် တည်ဆောက်ဖို့ ကျွန်မတို့အားလုံး ကြိုးစားဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ယမန်နေ့က ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၆၈ နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

    အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည့် အပစ်ရပ်ရေးသဘောတူညီချက်ကို တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့မှ ၇ ဖွဲ့က လက်မခံခဲ့ပေ။ ထိုအချိန်မှစ၍ မြန်မာအမျိုးသား ဒီမိုကရေစ မဟာမိတ်တပ်မတော် MNDAA၊ တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် (AA) တို့မှာ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ထောက်ခံ့ခဲသည်။

    “နောက်နှစ် ကျွန်မတို့ လွတ်လပ်ရေးအခမ်းအနား ကျင်းပတဲ့အခါ ပိုမိုခိုင်မာတောင့်တင်းတဲ့ ပြည်ထောင်စုမျိုးကို မြင်တွေ့ချင်ပါတယ်။ ကျွန်မတို့ကို ကူညီဖို့ စိတ်ဆန္ဒရှိသူတွေ အများကြီးရှိတယ်။ ဒါပေမယ့် (ဒီကိစ္စကို) ပြီးပြတ်ဖို့ ကျွန်မတို့ ကိုယ်တိုင် ရုန်းကန်ရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

    နိုဝင်ဘာ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ လာမည့်ဖေဖော်ဝါရီလဆန်းပိုင်းတွင် အစိုးရ ဖွဲ့ရမည်ဖြစ်သည်။

    Ref: RFA