News @ M-Media

Blog

  • ဆီးရီးယားမှ ပါလက်စတိုင်းဒုက္ခသည် ဂီတပညာရှင်တစ်ဦး ဘီသိုဘင်ဆု ရရှိ

    ဆီးရီးယားမှ ပါလက်စတိုင်းဒုက္ခသည် ဂီတပညာရှင်တစ်ဦး ဘီသိုဘင်ဆု ရရှိ

    ဒီဇင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    ples

    – ဆီးရီးယားနိုင်ငံ ဒမတ်စကပ်က ယာရ်မွတ် ဒုက္ခသည်စခန်း ဖျက်ဆီးခံရချိန်မှာ ၀ရုန်းသုန်းကားဖြစ်မှုကို အန်တုရင်း ငြိမ်သက်စွာ စန္တယားတီးနေတဲ့ ဗီဒီယို အွန်လိုင်းစာမျက်နှာမှာ ပြန့်နှံ့သွားပြီးတဲ့နောက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တဲ့ ပါလက်စတိုင်း ဒုက္ခသည်တစ်ဦးဟာ ဂျာမနီက ချီးမြှင့်တဲ့ လူ့အခွင့်အရေးဆုတစ်ခုကို ရရှိခဲ့ပါတယ်။

    အသက် ၂၇ နှစ်အရွယ် အေဟမ် အဟ်မဒ်ဆိုသူဖြစ်ပြီး လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ပူးပေါင်းပါဝင်ရေးနဲ့ ဆင်းရဲမွဲတွေမှု တိုက်ဖျက်ရေးဆိုင်ရာ ဘီသိုဗင်ဆု (Beethoven Prize) ကို ပြီးခဲ့တဲ့သောကြာနေ့က ဂျာမနီနိုင်ငံ ဘွန်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ ရရှိခဲ့တာဖြစ်ပါတယ်။

    ယာရ်မွတ်ဒုက္ခသည်စခန်းမှာ ကျန်ရှိနေတဲ့ ပါလက်စတိုင်းဒုက္ခသည်တွေရဲ့ အခြေအနေဟာ မြန်မြန်ဆန်ဆန်ဆိုးဝါးလာတဲ့အချိန် အဟ်မဒ်ရဲ့ စန္တယားတီးတဲ့ဗီဒီယိုဟာ ၂၀၁၄ ခုနှစ်အတွင်း ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။

    အဲဒီဗီဒီယိုက ပတ်ပတ်လည် ယိုယွင်းနေတဲ့ အိမ်တွေ၊ အပျက်အဆီးတွေပြန့်ကျဲနေတဲ့ လမ်းမတွေကြားမှာ အဟ်မဒ်တစ်ယောက် အိုမင်းဟောင်းနွမ်းနေတဲ့ စန္တယားတီးနေတာကို မြင်ရမှာဖြစ်ပါတယ်။ အခြားဗီဒီယိုတွေမှာတော့ တိုက်ပွဲတွေဖြစ်နေတဲ့ အဲဒီစခန်းကသူတွေဟာ သူနဲ့အတူ လာရောက်ပူးပေါင်းပြီး သီချင်းတွေဆိုတာကို မြင်တွေ့ရပါတယ်။

    စက်တင်ဘာမှတော့ အဟ်မဒ်ဟာ ယာရ်မွတ်စခန်းကို စွန့်ခွာခဲ့ပြီး အန္တရာယ်များတဲ့ ရေလမ်းကြောင်းကတစ်ဆင့် တူရကီကနေ ဂရိကို သွားရောက်ခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် နောက်ဆုံးမှာတော့ သူဟာ ဂျာမနီကို ရောက်ရှိခဲ့ပါတယ်။

    ဧပြီလမှာ IS အဖွဲ့ဟာ ယာရ်မွတ်ဒုက္ခသည်စခန်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး စခန်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ခဲ့ပါတယ်။ ရက်အနည်းငယ်မှာ သူတို့ ထွက်သွားခဲ့ပေမယ့် မထွက်သွားခင် အဟ်မဒ်ရဲ့ စန္တယားကို လမ်းပေါ်ထုတ်ပြီး မီးရှို့ဖျက်ဆီးပစ်ခဲ့ပါတယ်။

    စက်တင်ဘာလအတွင်း ဂရိရဲ့ လက်စ်ဘော့စ်ကျွန်းကနေ ပြုလုပ်တဲ့ အင်တာဗျူးမှာ အဟ်မဒ်က “ယာရ်မွတ်ကိုစွန့်ခွာရတာဟာ ဆိုးရွားတဲ့အတွေ့အကြုံပါပဲ။ ကျွန်တော့်အိမ်က မီးလောင်သွားတယ်။ ဒါ့ကြောင့် မိသားစုနဲ့အတူ စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ ဒီစခန်းဟာ ဂီတသံစဉ်တွေ ဖန်တီးဖို့နေရာ ထပ်မဖြစ်နိုင်တော့ပါဘူး။ သီချင်းတွေကို ဖန်တီးနိုင်မယ့် ပိုကောင်းတဲ့နေရာတစ်ခုကို ရရှိနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    လက်ရှိအချိန်မှာတော့ အဲဒီစခန်းမှာ အလ်-နူဆရာတပ်ဦး ရှိနေပြီး ပတ်ဝန်းကျင်က ပတ်ပတ်လည်နေရာတွေကိုတော့ IS က ထိန်းချုပ်ထားပါတယ်။ ဧပြီလကစလို့ အလ်-နူဆရာတပ်ဦးရော IS အဖွဲ့ကပါ ပါလက်စတိုင်းနိုင်ငံရေးခေါင်းဆောင်တွေကို လုပ်ကြံခဲ့ကြပါတယ်။

    “ဧပြီလပထမပတ် IS က ယာရ်မွတ်စခန်းကို မသိမ်းပိုင်ခင်မှာ ကုလအတွင်းရေးမှူးချုပ်က အဲဒီဒုက္ခသည်စခန်းဟာ မရဏစခန်းဖြစ်နေပြီး ငရဲနဲ့ ဘာမှမခြားတော့ဘူးလို့ ပြောဆိုခဲ့ပါတယ်” လို့ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNRWA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခရစ် ဂန်းနက်စ်က ပြောကြားခဲ့ပါတယ်။

    အဲဒီအချိန်ကတည်းကစလို့ စခန်းထဲကို မိမိတို့ ၀င်ရောက်လို့မရတော့ဘဲ အဲဒီမှာကျန်ရှိနေတဲ့ သောကပင်လယ်ပိုင်းနေသူတွေဟာ မစဉ်းစားနိုင်လောက်တဲ့ ကျိုးယုတ်ရှက်ရမှုကို ခံစားနေရမှာအတွက် စိုးရိမ်မိတယ်လို့ ဂန်းနက်စ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    မြက်ပင်များပင် စားခဲ့ရ

    ဆီးရီးယားနိုင်ငံတစ်ဝှမ်းက ပြည်သူတွေလိုပဲ ယာရ်မွတ်အပါအ၀င် ပါလက်စတိုင်းဒုက္ခသည်စခန်းတွေဟာ အစိုးရတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်အတိုက်အခံတွေအကြား တိုက်ခိုက်မှုတွေအတွင်းမှာ ကြားညပ်ခဲ့ရပါတယ်။

    (ဒီဇင်ဘာ ၂၃ ရက်နေ့) ဗုဒ္ဓဟူးနေ့မှာတော့ ယာရ်မွတ်စခန်းကို ဆီးရီးယားအစိုးရက ပိတ်ဆို့မှုဟာ ၃ နှစ်တင်းတင်း ပြည့်ပြီ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ပြည်သူအများအပြားသေဆုံးခဲ့တဲ့ ဗုံးကြဲမှုတွေအပြီးမှာ ဆီးရီးယားစစ်တပ်ဟာ စခန်းတစ်ခုလုံးမှာ စစ်ဆေးရေးဂိတ်တွေ ချခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်မှာတော့ ဆီးရီးယားစစ်သားတွေက အစားသောက်၊ ရေနဲ့ ဆေးဝါးတွေဝင်ရောက်မှုကို တင်းတင်းကျပ်ကျပ် ကန့်သတ်ခဲ့တဲ့အတွက် စခန်းက ပြည်သူတွေဟာ အလွန်အမင်းအဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး အသက်ရှင်ဖို့အတွက် မျက်စိလည်လမ်းမှားလာတဲ့ တိရစ္ဆာန်တွေနဲ့ မြက်ပင်တွေကိုတောင် စားသုံးနေရတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

    ဂန်းနက်စ်ကတော့ ယာရ်မွတ်ဟာ ဆေးဝါးတွေမရှိတာကြောင့် အမျိုးသမီးတွေ မီးဖွားရင်းသေဆုံးတဲ့နေရာ၊ ကလေးငယ်တွေအပါအ၀င် လူ့အဖွဲ့အစည်းတွေဟာ မြက်ပင်တွေကို စားသောက်ခဲ့ရတဲ့နေရာလို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ချက်ခြင်းဝင်ရောက်ဖို့ တိုက်တွန်းဆော်သြခဲ့ပါတယ်။ ဒီလို အင်မတန်ဆိုးဝါးတဲ့ အခြေအနေက ဘယ်တုန်းကမှနဲ့မတူတဲ့ အကူအညီကို တောင်းဆိုနေပါတယ်” လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ကုလဟာ ဇူလိုင်လမှာ ယာရ်မွတ်အခြေအနေကို ပိတ်ဆို့ခံထားရတဲ့အခြေအနေအဖြစ် သတ်မှတ်ခဲ့ပေမယ့် နေထိုင်သူတွေကတော့ စခန်းကထွက်ဖို့ ငြင်းဆိုခဲ့ပြီး စခန်းထဲကအခြေအနေကလည်း ဆိုးရွားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    တစ်ချိန်က လူပေါင်း ၂ သိန်းလောက် နေထိုင်ရာနေရာဖြစ်တဲ့တဲ့ ယာရ်မွတ်ဒုက္ခသည်စခန်းဟာ အခုအချိန်မှာတော့ လူ ၅၀၀၀ ကနေ ၈၀၀၀ လောက်အထိသာ ရှိနေတယ်လို့ ယာရ်မွတ်ဒုက္ခသည်စခန်းမှာ အလုပ်လုပ်နေတဲ့ လူငယ်အဖွဲ့အစည်း Jafra ဖောင်ဒေးရှင်းက ဆိုပါတယ်။

    သြဂုတ်လနဲ့ စက်တင်ဘာလတွင်း အဲဒီဒုက္ခသည်စခန်းမှာ တိုက်ဖိုက်ရောဂါ ပြန့်နှံ့ဖြစ်ပွားခဲ့ပါသေးတယ်။ ဆီးရီးယားနိုင်ငံ မတည်မငြိမ်စဖြစ်ကတည်းက သေဆုံးခဲ့သူ ဆီးရီးယားက ပါလက်စတိုင်းအရေအတွက်ဟာ အနည်းဆုံး ၃၀၈၃ ဦး ရှိခဲ့ပြီလို့ ယူကေအခြေစိုက် Action Group for Palestinians of Syria အဖွဲ့က ပြောကြားခဲ့ပါတယ်။

    အစိုးရအကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်းအရေအတွက်ဟာ ၁၀၁၈ ဦး ရှိပြီး၊ ၂၈၂ ဦးကိုတော့ ဘယ်သူဘယ်ဝါမှန်း ဖော်ထုတ်လို့မရသေးဘူးလို့ ဒီအဖွဲ့က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    ဆီးရီးယားက ပဋိပက္ခဟာ ၂၀၁၁ ခုနှစ်မှာ ငြိမ်းချမ်းစွာ စတင်ခဲ့ပေမယ့် လက်နက်ကိုင်ပဋိပက္ခအဖြစ် ပြောင်းလဲခဲ့ပြီး လူပေါင်း ၂၅၀၀၀၀ လောက် သေဆုံးခဲ့ပြီလို့ ကုလကထုတ်ပြန်တဲ့ အချက်အလက်တွေထဲမှာ ဖော်ပြထားပါတယ်။

    (Aljazeera တွင်ဖော်ပြသည့် Palestinian refugee pianist given Beethoven Prize သတင်းဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • တမန်တော်မုဟမ္မဒ်သခင် ဖွားမြင်ခြင်း အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များ ကျင်းပ

    တမန်တော်မုဟမ္မဒ်သခင် ဖွားမြင်ခြင်း အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များ ကျင်းပ

    ဒီဇင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    Prophet

    – အစ္စလာမ်သာသနာကို စတင်ဟောကြားခဲ့သည့် တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ဖွားမြင်တော်မူခြင်း အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များက ယမန်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစ္စလာမ်၏ အမည်နာမကို ခုတုံးလုပ်နေသည့် အကြမ်းဖက်အဖွဲ့များကိုလည်း ရှုတ်ချခဲ့ကြသည်။

    လကို အခြေပြုသော အစ္စလာမ်ပြက္ခဒိန်၏ တတိယမြောက်ဖြစ်သည့် ရဗီအွလ်အောင်ဝလ်လ ၁၂ ရက်နေ့မှာ မုဟမ္မဒ်သခင် ဖွားမြင်သန့်စင်သည့် နေ့ဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ကျရောက်ခဲ့ခြင်းဖြစ်သည်။ အစ္စလာမ်ဘာသာဝင်အများစုရှိရာ နိုင်ငံ ၄၇ နိုင်ငံတွင် မုဟမ္မဒ်သခင် ဖွားမြင်သန့်စင်သည့်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။

    အီဂျစ်
    ——–
    အစ္စလာမ်ဓမ္မရေးရာကဏ္ဍတွင် သြဇာအကြီးဆုံး အသင်းအဖွဲ့ဖြစ်သော အလ်-အဇ်ဟာရ်တက္ကသိုလ်တည်ရှိရာ အီဂျစ်နိုင်ငံတွင်လည်း တမန်တော်မုဟမ္မဒ်သခင် ဖွားမြင်ခြင်းအထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့်သီတင်းပတ်များကတည်းက ဗလီဝတ်ကျောင်းတော်များ၊ အိမ်များ၊ လမ်းများတွင် မီးအလှများ ထွန်းညှိခြင်း၊ မုန့်အချိုများ ဝေငှခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

    မလေးရှား
    ———-
    မလေးရှားနိုင်ငံတွင် တမန်တော်ဖွားမြင်ရာ အထိမ်းမှတ်အဖြစ် နိုင်ငံတော်အဆင့် အခမ်းအနားများ၊ ဟောပြောပွဲများ၊ အလှူဒါနများ ပြလုပ်ခဲ့ကြပြီး ဒုတိယမြို့တော် ပီနန်တွင် ချီတက်လမ်းလျှောက်မှု ပြုလုပ်ခဲ့ကြသည်။

    အိန္ဒိယ
    ——-
    အစ္စလာမ်ဘာသာဝင် ဒုတိယအများဆုံးရှိရာ အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် မွတ်စလင်များမှာ တရားဒေသနာဟောကြားမှုများ၊ ချီတက်မှုများလမ်းလျှောက်မှုများနှင့် စတုဒီသာကျွေးမွေးခြင်း၊ အစားသောက်များ ဝေငှခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အကြမ်းဖက်ဝါဒနှင့် IS ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်များကို ရှုတ်ချခဲ့ကြသည်။

    ထို့ပြင် အိန္ဒိယမွတ်စလင်များ၏ မုဟမ္မဒ်သခင်ဖွားမြင်သည့် အထိမ်းအမှတ်အခမ်းအနားများတွင် မုဟမ္မဒ်သခင် အသုံးပြုခဲ့သည့် ပစ္စည်းများ၏ ဓာတ်ပုံများကို ပြသသည့် ပြပွဲများလည်း ပါဝင်ခဲ့ပြီး အချို့မွတ်စလင်အဖွဲ့အစည်းများမှာ သွေးလှူဒါန်းမှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။

    ယူကေ
    ——-
    ယူကေရှိ မွတ်စလင်များကမူ တမန်တော် မုဟမ္မဒ်သခင် ဖွားမြင်သည့်အထိမ်းအမှတ် ချီတက်လမ်းလျှောက်မှုများကို ဘာမင်ဂမ်မြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့ကြပြီး လူထောင်ပေါင်းများစွာ ပါဝင်ခဲ့သည်။

    မုဟမ္မဒ်သခင်၏ သည်းခံခွင့်လွှတ်မှု၊ ရောင့်ရဲတင်းတိမ်မှု၊ နူးညံ့သိမ်မွေ့မှုနှင့် အနစ်နာခံမှုတို့ကို အစ္စလာမ်ဘာသာဝင်များ နှလုံးသွင်းနိုင်ရေးအတွက် တမန်တော်၏ ထေရုပ္ပတ္တိကို ဟောကြားသည့် တရားပွဲများကိုလည်း ယူကေမွတ်စလင်များက ကျင်းပပြုလုပ်ခဲ့သည်။

    အခြားသောနိုင်ငံများမှ မွတ်စလင်များကလည်း တမန်တော်မုဟမ္မဒ်သခင် ဖွားမြင်သန့်စင်သည့် အထိမ်းအမှတ်အခမ်းအနားများကို အလှူဒါနများ၊ ဟောပြောပွဲမှာ၊ လူမှုရေးလုပ်ငန်းများ ပြုလုပ်ကာ ကျင်းပခဲ့ကြသည်။

    Ref: Mirror, The Hindu, Dailynewsegypt, Asiaone

  • အမေရိကန်တွင် လူမည်းများက Black Christmas ဆန္ဒပြမှု ပြုလုပ်

    အမေရိကန်တွင် လူမည်းများက Black Christmas ဆန္ဒပြမှု ပြုလုပ်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    american

    – အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့တွင် လူမည်းများမှာ ခရစ္စမတ်ကာလ နောက်ဆုံးအချိန်တွင် ကုန်တိုက်များ၌ ဈေးဝယ်မည့်သူများအား ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြပြီး ပြီးခဲ့သည့်နှစ်က လူမည်းလူငယ်တစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုနှင့်ပတ်သက်၍ မြို့တော်ဝန်အား နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။

    ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ဆယ်ကျော်သက်လူမည်းလူငယ် လက်ကွမ် မက်ဒေါ်နယ်အား ချီကာဂို ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျေဆန် ဗန် ဒိုက်ကီက သေနတ်ဖြင့် ၁၆ ချက် ပစ်သတ်ခဲ့သည်။ ထိုအဖြစ်အပျက်အား မှတ်တမ်းတင်ထားသည့် ဗီဒီယိုကို ရဲတပ်ဖွဲ့က ပြီးခဲ့သည့်လတွင် ထုတ်ပြန်ခဲ့ပြီး ရဲအရာရှိ ဒိုက်ကီကိုလည်း ပထမအဆင့် လူသတ်မှုဖြင့် တရားစွဲဆိုထားသည်။ သို့သော်လည်း ပြည်သူများကမူ ထိုအရေးယူမှုမှာ နည်းလွန်းသည်ဟု ယူဆနေကြသည်။

    ယခုဆန္ဒပြမှုမှာ Thanksgiving ပိတ်ရက်နောက်ပိုင်း Black Friday ဟု အမည်ပေးထားသည့် လူမည်းများ၏ ဆန္ဒပြမှု
    နောက်ဆက်တွဲဖြစ်ပြီး ယခုဆန္ဒပြမှုကို Black Christmas ဟု အမည်ပေးထားသည်။ ဆန္ဒပြမှုမှာ ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှု အနည်းငယ် ဖြစ်ခဲ့ကာ လူ ၂ ဦးကို ထိန်းသိမ်းခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ဆန္ဒပြသူအချို့မှာ “မြို့တော်ဝန်အသစ်အတွက် ဈေးဝယ်ခြင်း” ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြပြီး ချီကာဂို မြို့တော်ဝန် ရမ် အီမန်နျူယဲလ်နှင့် ပြည်နယ်တရားသူကြီးချုပ် အန်နီတာ အလ်ဗာရက်ဇ်တို့ နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။

    ဗုဒ္ဓဟူးနေ့ကလည်း မက်ဒေါ်နယ်အား သတ်ဖြတ်မှုကိစ္စနှင့်ပတ်သက်၍ မင်နီဆိုတာပြည်နယ် မင်နီယာပိုလစ်မြို့ရှိ Mall of America တွင် ထိုကဲ့သို့ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့ရသည်။

    Ref: RT

  • အိန္ဒိယ၀န်ကြီးချုပ် မိုဒီ ပါကစ္စတန်သို့ သွားရောက်

    အိန္ဒိယ၀န်ကြီးချုပ် မိုဒီ ပါကစ္စတန်သို့ သွားရောက်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီမှာ ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့သို့ ယနေ့တွင် ရောက်ရှိခဲ့ပြီး ကြေငြာခြင်းမရှိဘဲ သွားရောက်ခဲ့သောကြောင့် အံ့အားသင့်ဖွယ် လည်ပတ်မှုလည်း ဖြစ်သည်။

    ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကွာဇီ ခလီလွလ္လာဟ်ကမူ မိုဒီရောက်ရှိလာခြင်းကို အတည်ပြုခဲ့ပြီး ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရစ်ဖ်နှင့် တွေ့ဆုံသွားမည်ဖြစ်ကာ ကိစ္စအများအပြားကို ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။ ယနေ့မှာ နာဝဇ်ရရှစ်ဖ်၏ မွေးနေ့လည်းဖြစ်သည်။

    ပြီးခဲ့သည်မေလက ဒေလီမြို့တွင်ပြုလုပ်ခဲ့သည့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ရန် မိုဒီက နာဝဇ်ရှရစ်ဖ်အား ဖိတ်ကြားခဲ့ပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦး၏ သံတမန်ဆက်ဆံရေးမှာ ရင်းနှီးလာခဲ့ပြီး ရှရစ်ဖ်ကလည်း ပြီးခဲ့သည့် ၂ လအရင်က ကက်ရှ်မီးယားဒေသကိစ္စ အပါအ၀င် နှစ်နိုင်ငံပြဿနာများကိုဆွေးနွေးရန်အတွက် မိုဒီအား တိုက်တွန်းဆော်သြခဲ့သည်။

    Ref: PressTV

  • ပါလက်စတိုင်းသယံဇာတများအား အစ္စရေးက အမြတ်ထုတ်ခြင်းကို ဟန့်တားသည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလ အတည်ပြု

    ပါလက်စတိုင်းသယံဇာတများအား အစ္စရေးက အမြတ်ထုတ်ခြင်းကို ဟန့်တားသည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလ အတည်ပြု

    ဒီဇင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    un

    – ပါလက်စတိုင်းရှိ သဘာဝသယံဇာတများမှာ ပါလက်စတိုင်းပြည်သူများသာ အမြဲတမ်းအတွက် သုံးစွဲပိုင်ခွင့် အချုပ်အခြာအာဏာ ရှိသည်ဆိုသော အခွင့်အရေးကို သေချာစေသည့် ဆုံးဖြတ်ချက်တစ်ခုကို ကုသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုလိုက်သည်ဟု သိရသည်။

    ယခုသီတင်းပတ်အတွင်း အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဆုံးဖြတ်ချက်တွင် “အရှေ့ဂျေရုစလင် အပါအ၀င် အစ္စရေးက ပိတ်ဆို့ထားသော နယ်နမိတ်များ၊ ဆီးရီးယားရှိ အစ္စရေးက သိမ်းယူထားသော ဂိုလန်တောင်ကုန်း၊ စသည်တို့မှ ပြည်သူများမှာ ၎င်းတို့နယ်မြေတွင်ရှိသည့် သဘာဝ သယံဇာတများအပေါ် သုံးစွဲပိုင်ခွင့် အချုပ်အခြာရှိသည်” ဟု ဖော်ပြထားသည်။ ထိုဆုံးဖြတ်ချက်အား အဖွဲ့ဝင် ၁၆၄ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ၅ နိုင်ငံက ကန့်ကွက်မဲပေးခဲ့ကြသည်။

    မြေနှင့် ရေအရင်းအမြစ်များ အပါအ၀င် ပါလက်စတိုင်းတို့သာပိုင်ဆိုင်ပြီး မည်သူ့ကိုမှ လွှဲပြောင်းပေး၍မရသော သဘာဝသယံဇာတအခွင့်အရေးများကို အဆိုပါဆုံးဖြတ်ချက်က ဖြေရှင်းပေးလိုက်ခြင်းဖြစ်ပြီး အစ္စရေးအာဏာပိုင်များက တရားမ၀င်ဆောင်ရွက်မှုများကြောင့် သယံဇာတများ အမြတ်ထုတ်ခံရခြင်း၊ ဆုံးရှုံးခြင်းတို့ မရှိစေရေးအတွက် စီမံခန့်ခွဲမှုများပြုလုပ်ရန် ပါလက်စတိုင်းအာဏာပိုင်များကိုလည်း တာဝန်များ အပ်နှင်းခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းပိုင်နက်များရှိ သဘာဝ သယံဇာတများအား အစ္စရေးက အမြတ်ထုတ်ခြင်း၊ ဖျက်ဆီးခြင်း၊ ဆုံးရှုံးစေခြင်း သို့မဟုတ် လျော့ပါးအောင်ပြုလုပ်ခြင်းနှင့် ထိုသယံဇာတများကို အန္တရာယ်ဖြစ်လာအောင် ဆောင်ရွက်ခြင်းတို့ကိုလည်း ရပ်တန့်ရန် ထိုဆုံးဖြတ်ချက်တွင် တောင်းဆိုထားသည်။

    ဆုံးဖြတ်ချက်အား အတည်ပြုရေးအတွက် တင်သွင်းသော အကြံပြုချက် အစီရင်ခံစာတွင် အစ္စရေးက ပါလက်စတိုင်းတို့၏ လယ်ယာမြေများ၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်များအား သိသိသာသာ ဖျက်ဆီးနေမှုများကို ဖော်ပြထားသည်။ ပါလက်စတိုင်း၏ သောက်သုံးရေပိုက်လိုင်းများ၊ ရေဆိုးမြောင်းများ၊ လျှပ်စစ်ဓာတ်အားလိုင်းများကို အစ္စရေးက ဖျက်ဆီးနေခြင်းကိုလည်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားပြီး ၂၀၁၄ ခုနှစ်က ဂါဇာအား အစ္စရေးမှ ဗုံးကြဲမှုအတွင်း ထိုကဲ့သို့ အရေးပါသည့် အခြေခံ အဆောက်အဦးများအား ဖျက်ဆီးခဲ့ခြင်းကိုလည်း ထောက်ပြရေးသားထားသည်။

    ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည့်အချိန်တွင် အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်နှင့် ဂိုလန်တောင်ကုန်းများတွင် အစ္စရေးက အခြေချအိမ်ယာ ဆောက်လုပ်မှုများမှာ တရားမ၀င်ဟုလည်း ကုလက ထပ်မံပြောကြားခဲ့သည်။

    Ref: Ma’an News