ဒီဇင်ဘာ ၂၉၊ ၂၀၁၅
M-Media
– အစ္စလာမ်ဘာသာဝင် အများစုရှိသည့် နိုင်ငံ ၄၀ ကျော် ပါဝင်ကာ အသစ်ဖွဲ့စည်းလိုက်သော အစ္စလာမ့်စစ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့မှာ IS အဖွဲ့ကို ချေမှုန်းနိုင်လိမ့်မည်ဟု ဆော်ဒီ မွဖ်သီချုပ် ရှိခ် အဗ္ဗဒူလ်အဇီးဇ်သည် ပြောကြားလိုက်သည်။
မွဖ်သီချုပ်မှာ IS အဖွဲ့ကို အစ္စရေးစစ်တပ်၏ လက်ခွဲတစ်ခုအဖြစ် ဝေဖန်ပြောဆိုခဲ့ပြီး IS အဖွဲ့သားများမှာ အစ္စလာမ်နှင့် မွတ်ဆလင်များအား အကြီးအကျယ် ထိခိုက်ပျက်စီးအောင် ဒုက္ခပေးနေသည်ဟု ဆိုသည်။
“ဒီလူတွေကို ဘယ်လိုနည်းနဲ့မှ အစ္စလာမ်ကို လိုက်နာကျင့်သုံးသူတွေအဖြစ် သတ်မှတ်လို့ မရပါဘူး။ ဖြစ်နိုင်တာက မွတ်ဆလင်တွေကို မိစ္ဆာဒိဌိတွေလို့ စွပ်စွဲပြီးတော့ သွေးချောင်းစီးသတ်ဖြတ်ပြီး အစ္စလာမ့် ခလီဖာတွေကို ဖြုတ်ချတော်လှန်ဖို့ ထကြွခဲ့တဲ့ ခါရာဂျိုက်စ်အဖွဲ့ရဲ့ မျိုးဆက်တစ်ခုပဲ ဖြစ်ပါလိမ့်မယ်” ဟု မွဖ်သီချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
မကြာသေးခင်က IS ခေါင်းဆောင် ဘဂ္ဂဒါဒီမှာ အစ္စရေးအား ခြိမ်းခြောက်ခဲ့သည့်ဖြစ်ရပ်ကို ရည်ညွှန်း၍လည်း “အစ္စရေးကို ခြိမ်းခြောက်ပြောဆိုမှုဟာ လိမ်ညာမှုသက်သက်ပဲ ဖြစ်ပါတယ်၊ တကယ်တော့ IS ဆိုတာ အစ္စရေးစစ်သားတွေပါပဲ” ဟု ပြောကြားခဲ့သည်။
Ref: IINA


Leave a Reply
You must be logged in to post a comment.