News @ M-Media

Blog

  • ဥရောပနိုင်ငံတစ်ချို့ ယူကရိန်းကို စစ်လက်နက်များ ထောက်ပံ့လာ

    ဥရောပနိုင်ငံတစ်ချို့ ယူကရိန်းကို စစ်လက်နက်များ ထောက်ပံ့လာ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂
    M-Media

    Stinger မြေပြင်ကဝေဟင်ပစ် ဒုံးကျည်

    -ရုရှားရဲ့ ကျူးကျော်မှုကို ခံနေရတဲ့ ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေက​ လက်နက်ထောက်ပံ့မှုတွေ တိုးမြှင့်ပြုလုပ်လာပါတယ်။

    ဂျာမနီနိုင်ငံက ကြည်းတပ်ကနေ တင့်ဖျက်ဒုံးကျည် ၁၀၀၀၊ Stinger မြေပြင်ကဝေဟင်ပစ် ဒုံးကျည် ၅၀၀ ထောက်ပံ့ပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။ ပဋိပက္ခဖြစ်ပွားရာ နေရာတွေကို လက်နက်ထောက်ပံ့ခြင်းမပြုဖို့ ဂျာမနီရဲ့ စစ်ဖက်ဆိုင်ရာ အဓိကမူ၀ါဒတစ်ခု ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

    “ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဟာ အလှည့်အပြောင်းတစ်ခု ဖြစ်သွားပါတယ်။ ပူတင်ရဲ့ ကျူးကျော်စစ်ရန်ကနေ ကာကွယ်ရေးမှာ ယူကရိန်းကို အကောင်းဆုံး ကူညီထောက်ပံ့ပေးသွားဖို့ဟာ ကျွန်တော်တို့ရဲ့ တာဝန်ပါ” လို့ ဂျာမနီအဓိပတိ Olaf Scholz က စနေနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ဂျာမနီရဲ့ ဒီထုတ်ပြန်ချက်ကို ယူကရိန်းသမ္မတ Volodymyr Zelenskyy က ကြိုဆိုခဲ့ပါတယ်။

    နယ်သာလန် ကာကွယ်ရေးဝန်ကြီးဌာနကလည်း ယူကရိန်းကို တင့်ဖျက်လက်နက် ၅၀၊ ဒုံးကျည် ၄၀၀ ပေးပို့သွားမယ်လို့ ထုတ်ပြန်ပါတယ်။ နယ်သာလန်နဲ့ ဂျာမနီတို့ဟာ ဆလိုဗက်ကီးယားမှာရှိတဲ့ နေတိုးရဲ့ တိုက်ခိုက်ရေးအဖွဲ့ကို Patriot လေကြောင်းရန် ကာကွယ်ရေးစနစ် ပေးပို့သွားဖို့ စီစဉ်နေပါတယ်။

    အမေရိကန်ဟာ ယူကရိန်းကို ကန်ဒေါ်လာ သန်း ၃၅၀ တန်ဖိုးရှိတဲ့ စစ်ရေးအကူအညီတွေ ချက်ခြင်းပေးပို့သွားမယ်လို့ သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပြီး နောက်ထပ်လည်း ပေးပို့ဖို့ စီစဉ်နေပါတယ်။

    ကွန်မန်ဒိုလွှတ်မည်

    နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူး Jens Stoltenberg က ယူကရိန်းပတ်ဝန်းကျင်မှာရှိတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ တိုက်ပွဲဝင်နိုင်မယ့် ကွန်မန်ဒိုတွေ ထောင်နဲ့ချီ ချထားသွားမယ်လို့ သောကြာနေ့မှာ ထုတ်ပြန်ပါတယ်။

    အဖွဲ့ဝင်နိုင်ငံအားလုံးမှာ ကြည်း၊ ရေ၊​ လေနဲ့ မရိန်းတပ်ဖွဲ့တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ တန်ပြန်တိုက်ခိုက်ရေး အထူးတပ်ဖွဲ့တွေကို ချထားနေကြောင်း၊ လေကြောင်းရန် ကာကွယ်ရေးစနစ် အပါအဝင် လက်နက်တွေကို အဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းဆီ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း Stoltenberg က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နေတိုးရဲ့ တန်ပြန်တိုက်ခိုက်ရေးအဖွဲ့ Response Force ဟာ တပ်ဖွဲ့ဝင် လေးသောင်းရှိပြီး ယူကရိန်းရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ အင်အားပြည့်ချထားမှာမဟုတ်ဘဲ၊ အဲဒီအဖွဲ့ထဲက ထိပ်တန်း အထူးတပ်ဖွဲ့ဝင်တွေကိုသာ ချထားသွားမယ်လို့လည်း Stoltenberg က ပြောပါတယ်။

    Ref: Reuters

  • မြန်မာပြဿနာကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက မဖြေရှင်းနိုင်ဟု မလေးရှားဝန်ကြီးချုပ် ပြော

    မြန်မာပြဿနာကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက မဖြေရှင်းနိုင်ဟု မလေးရှားဝန်ကြီးချုပ် ပြော

    ဖေဖော်ဝါရီ ၂၆၊ ၂၀၂၂
    M-Media

    -မြန်မာနိုင်ငံကိုယ်တိုင်က ပြဿနာဖြေရှင်းဖို့ ဆန္ဒမရှိဘူးဆိုရင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဖြေရှင်းပေးလို့ မရဘူးလို့ မလေးရှားဝန်ကြီးချုပ် အစ္စမာအီလ် ဆာဘရီက ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

    ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး အခင်အမင်မပြတ်ဘဲ၊ ဘက်ပေါင်းစုံ စဉ်းစားဖြေရှင်းသင့်တယ်လို့ ဆာဘရီက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ရရှိခဲ့တဲ့​ သဘောတူညီချက် ၅ ချက်ကို ချက်ခြင်း အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “မြန်မာနိုင်ငံကိုယ်တိုင်က ငြိမ်းချမ်းရေးကို မလိုလားဘူးဆိုရင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ဘာမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်ပေးလို့ မရပါဘူး။ အာဆီယံမှာ ကြားဝင်မစွက်ရေး မူဝါဒရှိတယ်။ နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို တစ်ခြားနိုင်ငံတွေက ဝင်စွက်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ပြည်တွင်းက ပြဿနာကို ကိုယ်တိုင်ဖြေရှင်းရမယ်ဆိုတဲ့ စိတ်ဆန္ဒမျိုး မြန်မာနိုင်ငံမှာရှိဖို့ အရေးကြီးပါတယ်”

    ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ တွေ့ဆုံမှုမှာလည်း မြန်မာ့အရေး ဆွေးနွေးခဲ့တယ်လို့ ဆာဘရီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ဆာဘရီဟာ ရိုဟင်ဂျာအရေးကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရိုဟင်ဂျာကိစ္စဟာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စတစ်ခုဖြစ်ပြီး အတူတကွ ၀ိုင်းဝန်းဖြေရှင်းဖို့ လိုအပ်ကြောင်း၊ မလေးရှားဟာ ရိုဟင်ဂျာ ဒုက္ခသည် ၂ သိန်းလောက်ကို လက်ခံထားရကာ ဒီကိစ္စမှာ အထိခိုက်ဆုံး တိုင်းပြည်တွေထဲက တစ်ခုဖြစ်ကြောင်း ဆာဘရီက ပြောပါတယ်။

    “ဒီပြဿနာကို မလေးရှားလို တစ်နိုင်ငံတည်းက ကိုင်တွယ်ဖြေရှင်းလို့ မရဘူးလို့ ကျွန်တော် အရင်ကတည်း ပြောဖူးပါတယ်။ မြန်မာနိုင်ငံက သူတို့ရဲ့ တိုင်းရင်းသားလူမျိုးပြဿနာကို ကိုယ်တိုင်ဖြေရှင်းမှ ရိုဟင်ဂျာကိစ္စကို ဖြေရှင်းလို့ရမှာပါ”

    Ref: Malay Mail

  • အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီ ချက်ခြင်းပေးမည်

    အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီ ချက်ခြင်းပေးမည်

    ဖေဖော်ဝါရီ ၂၆၊ ၂၀၂၂
    M-Media

    -ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုဒဏ်ကို ခံနေရတဲ့ ယူကရိန်းကို စစ်ရေးအပါအ၀င် ဒေါ်လာ သန်း ၆၀၀ ဖိုး အကူအညီတွေ ချက်ခြင်းပေးအပ်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုး အမိန့်ပေးလိုက်ပါတယ်။

    ကန်ဒေါ်လာ သန်း ၃၅၀ တန်ဖိုးရှိမယ့် စစ်ရေးအကူအညီ၊ သန်း ၂၅၀ တန်ဖိုးရှိမယ့် အခြားအကူအညီတွေ ပေးအပ်နိုင်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တာပါ။

    အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း သူတို့အစိုးရဟာ ယူကရိန်းကို ကန်ဒေါ်လာ သန်း ၃၅၀ တန်ဖိုးရှိမယ့် စစ်ရေးအကူအညီတွေ ချက်ခြင်ပေးအပ်သွားမယ်လို့ ဒီကနေ့မှာ ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

    ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဟာ ၃ ရက်မြောက် ရှိလာပြီဖြစ်ပြီး ရုရှားတပ်တွေ မြို့တော် ကိဗ်အထိ ရောက်လာပေမယ့် မြို့တော်မကျအောင် ယူကရိန်းတပ်တွေက ခုခံထားနိုင်ပါတယ်။

    နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မိမိတို့ကို ထိထိရောက်ရောက် အကူအညီပေးကြဖို့ ယူကရိန်းသမ္မတ ဇယ်လင်စကီးက တောင်းဆိုအပြီးမှာ အမေရိကန်ရဲ့ ဒီအကူအညီ ပေါ်ထွက်လာတာဖြစ်ပါတယ်။

    Ref: Wall Street

  • ရုရှားသဘောဆန္ဒအတိုင်းဖြစ်ရန် ဆွေးနွေးလိုသည်ဟု ယူကရိန်းထုန်ပြန်

    ရုရှားသဘောဆန္ဒအတိုင်းဖြစ်ရန် ဆွေးနွေးလိုသည်ဟု ယူကရိန်းထုန်ပြန်

    ဖေဖော်ဝါရီ ၂၅၊ ၂၀၂၂
    M-Media

    မြို့တော်ကိဗ်မှ ယူကရိန်းစစ်သားများ

    -ရုရှားရဲ့ သဘောဆန္ဒအတိုင်း လိုက်လျောနိုင်ရေး ဆွေးနွေးဖို့အသင့်ရှိတယ်လို့ ယူကရိန်းက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ရုရှားက ယူကရိန်းကို အင်အားပြည့် ကျူးကျော်တိုက်ခိုက်မှု နှစ်ရက်မြောက်တဲ့နေမှာ ယူကရိန်းဖက်က အခုလို သဘောထားပြောင်းတဲ့ ကြေငြာချက်မျိုး ပေါ်ထွက်လာတာပါ။

    ယူကရိန်းသမ္မတ အကြံပေး Mykhailo Podolyak က ယူကရိန်းဟာ ငြိမ်းချမ်းရေးကို လိုချင်တဲ့အတွက် နေတိုးအဖွဲ့ဝင်ရေးကိစ္စအပါအဝင် ရုရှားရဲ့ သဘောဆန္ဒအတိုင်းဖြစ်ဖို့ ဆွေးနွေးလိုတယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    “ဖြစ်နိုင်ရင် ဆွေးနွေးမှုတွေ လုပ်လိုပါတယ်။ မော်စကိုက (နေတိုးအဖွဲ့နဲ့) မပတ်သက်တဲ့နိုင်ငံဖြစ်ရေး အပါအဝင် ကိစ္စတော်တော်များများကို ဆွေးနွေးချင်တယ်လို့ပြောတယ်။ ဒီအတွက် ကျွန်တော်တို့ မတွန့်ဆုတ်တော့ပါဘူး။ ကျွန်တော်တို့နဲ့ ဆွေးနွေးလို့ရပါတယ်။ ငြိမ်းချမ်းရေးကို လိုလားတဲ့အတွက် ဒီလိုဆွေးနွေးဖို့ အသင့်ရှိနေတာပါ”

    ကြာသာပတေးနေ့ကစပြီး ကြည်း၊ ရေ၊ လေ အင်အားအလုံးအရင်းနဲ့ ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားတပ်တွေဟာ သောကြာနေ့မှာတော့ မြို့တော်ကိဗ်နားအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

    ရုရှားရဲ့ကျူးကျော်မှုကို တွန်းလှန်သွားမယ်လို့ ပြောဆိုထားတဲ့ ယူကရိန်းသမ္မတ ဇယ်လင်စကီးက နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ထိထိရောက်ရောက် ကူညီကာကွယ်ပေးဖို့ ဒီကနေ့မနက်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ယူကရိန်းဟာ နေတိုးအဖွဲ့နဲ့ ဥရောပသမဂ္ဂအဖွဲ့တို့ကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး၊ ရုရှားကတော့ ဒါဟာ သူ့ရဲ့လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ယူဆထားတာ ဖြစ်ပါတယ်။

    ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် လွတ်လပ်ရေးရလာတဲ့ ယူကရိန်းဟာ နျူလက်နက်ကို စွန့်လွှတ်ခဲ့ပြီး အပြန်အလှန်အားဖြင့် ဥရောပနိုင်ငံတွေက ယူကရိန်းရဲ့လုံခြုံရေးကို တာဝန်ယူပေးမယ်လို့ အာမခံပေးထားတာပါ။

    ဒါပေမယ့် လက်ရှိ ရုရှားရဲ့ ကျူးကျော်မှုမှာ ဘယ်ဥရောပနိုင်ငံကမှာ ထိထိရောက်ရောက် ကာကွယ်ပေးခြင်း မရှိပါဘူး

    Ref: Reuters

  • ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းကို ဥရောပ၏ပိတ်ဆို့မှု မဖြုံဟု စစ်ကောင်စီပြော

    ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းကို ဥရောပ၏ပိတ်ဆို့မှု မဖြုံဟု စစ်ကောင်စီပြော

    ဖေဖော်၀ါရီ ၂၂၊ ၂၀၂၂
    M-Media

    ပိတ်ဆို့အရေးယူခံရတဲ့ စာရင်းထဲမှာ စစ်ကောင်စီ၀န်ကြီးတွေနဲ့ မြန်မာစစ်တပ် ထိပ်တန်းအရာရှိ စုစုပေါင်း ၂၂ ဦး၊ စစ်တပ်ကို အဓိက ထောက်ပံ့ပေးနေတဲ့ လုပ်ငန်း ၄ ခု တို့ ပါ၀င်ပါတယ်။

    မြန်မာနိုင်ငံရဲ့ နိုင်ငံခြား၀င်ငွေ ၅၀ ရာခိုင်နှုန်းလောက်ဟာ သဘာ၀ဓာတ်ငွေ့ရောင်းချမှုကနေ ရရှိတာဖြစ်ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း မြန်မာ့ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်းက နိုင်ငံခြား၀င်ငွေ ကန်ဒေါ်လာ ၁.၅ ဘီလီယံလောက် ရရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

    MOGE ဟာ မြန်မာနိုင်ငံက ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ လုပ်ကွက်တွေကို ထိန်းချုပ်ကာ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေနဲ့ ဆက်လက်လုပ်ကိုင်တာ၊ လုပ်ကွက်ချပေးပြီး အခွန်ကောက်တာတွေကို လုပ်ဆောင်ပါတယ်။

    “စစ်တပ်က ထိန်းချုပ်ထားပြီး အကျိုးအမြတ် ရယူနေတဲ့အတွက် MOGE ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးမှု ပျက်ဆီးအောင် လုပ်ဆောင်နေတဲ့ စစ်တပ်ကို ကူညီပံ့ပိုးပေးသလို ဖြစ်နေပါတယ်” လို့ ဥရောပသမဂ္ဂက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီလိုပိတ်ဆို့မှုဟာ လုပ်ငန်းအပေါ် ထိရောက်မှုရှိမှာမဟုတ်ဘဲ အရင်ကလည်း ပိတ်ဆို့မှုတွေကြားထဲက ရှင်သန်အောင် လုပ်ဆောင်ခဲ့တယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    စစ်ကောင်စီ အဓိက၀င်ငွေရနေတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတာတွေ ရုပ်သိမ်းဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းဆော်သြခဲ့ပြီးတဲ့နောက် အမေရိကန်၊ ပြင်သစ်၊ ဂျပန်နဲ့ မလေးရှားတို့က ထိပ်တန်း ကုမ္ပဏီ ၄ ခုလောက်ဟာ မြန်မာနိုင်ငံက ကမ်းလွန်သဘာ၀ဓာတ်ငွေ့လုပ်ငန်း ၂ ခုကနေ နှုတ်ထွက်တော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ကြေငြာခဲ့ပါတယ်။

    ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထွက်သွားတဲ့ကုမ္ပဏီတွေနေရာမှာ အစား၀င်လာမယ့် နိုင်ငံခြားကုမ္ပဏီတွေ အဆင်သင့်ရှိနေပြီး အမည်တွေကို ထုတ်မပြောလိုဘူးလို့ ပြောကြားခဲ့ပါတယ်။


    Ref: South China Morning Post