ဒီဇင်ဘာ ၂၂၊ ၂၀၁၅
M-Media
– အမေရိကန် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော SpaceX မှာ ၎င်းတို့၏ Falcon 9 ဒုံးပျံအား လွှတ်တင်ပြီးနောက် ပြန်လည်ဆင်းသက်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး အာကာသခရီးစဉ်များတွင် ဒုံးပျံများအား ပြန်လည်အသုံးပြုနိုင်ရန်အတွက် သမိုင်းဝင်အောင်မြင်မှုတစ်ခု ဖြစ်ခဲ့သည်။
အဆိုပါ ဒုံးပျံမှာ ORBCOMM ဂြိုဟ်တု ၁၁ ခုကို တင်ဆောင်ကာ ဖလော်ရီဒါရှိ ကိပ် ကာနာဗီရဲလ် အာကာသစခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ဂြိုဟ်တုများအား ကမ္ဘာပတ်လမ်းကြောင်းထဲသို့ ပို့ဆောင်ခဲ့ပြီးနောက်ပိုင်း ဒုံးပျံမှာ ဒေါင်လိုက်အနေအထားအတိုင်း အာကာသစခန်းသို့ ပြန်လည်ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။
“Falcon ရဲ့ပထမအဆင့်ဆင်းသက်မှုကို အတည်ပြုပါတယ်။ ORBCOMM ဂြိုဟ်တု ၁၁ ခုစလုံး သတ်မှတ်ထားတဲ့ ပတ်လမ်းတွေကို ရောက်ရှိခဲ့ပါပြီ” ဟု SpaceX က ၎င်းတို့၏ Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
အမေရိကန်အာကသအေဂျင်စီ နာဆာကလည်း ထိုအောင်မြင်မှုအား ချီးကျူးခဲ့သည်။
“ကမ္ဘာကို ပထမဆင့် ဒေါင်လိုက် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တဲ့အတွက် SpaceX ကို ဂုဏ်ပြုပါတယ်” ဟု နာဆာက Twitter စာမျက်နှာတွင် ရေးသားဂုဏ်ပြုခဲ့သည်။
လက်ရှိအချိန်တွင် ဒုံးပျံလုပ်ငန်း၌ နောက်ဆုံးပေါ်နည်းပညာများကို တီထွင်စမ်းသပ်အသုံးပြုနေသော်လည်း တစ်ကြိမ်လွှတ်တင်ပြီးပါက ဖျက်ဆီးပစ်ရသောကြောင့် ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးနေပြီး ယခုကဲ့သို့ ပြန်လည်အသုံးပြုနိုင်သည့်စနစ်က ကုန်ကျစားရိတ်များကို လျော့ချနိုင်မည်ဖြစ်ကာ အာကာသစူးစမ်းရှာဖွေရေးနယ်ပယ်အတွက် ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်ခဲ့သည်။
Falcon 9 ဒုံးပျံအား ထိုကဲ့သို့ ပြန်လည်ဆင်းသက်နိုင်ရန်အတွက် အင်တာနက်ကုမ္ပဏီတစ်ခုဖြစ်သော Elon Musk ဦးဆောင်သည့် SpaceX ကုမ္ပဏီမှာ အကြိမ်ကြိမ်ကြိုးစားခဲ့ရသည်။
Ref: Channelnewsasia