News @ M-Media
Blog
  • နတလ အနာဂတ် ဘယ်ကို ဦးတည်နေသလဲ (Investigative Report)
    နတလ အနာဂတ် ဘယ်ကို ဦးတည်နေသလဲ (Investigative Report)
    11226915_1663726133897753_4389272625639030176_n
    Root Investigative Agency ( မင်းမင်း ၊ မိုးအောင် )
    မော်လဝီ ဦးထုပ်ဆောင်းထားပြီး၊ အသက်ငါးဆယ့်ရှစ်နှစ်အရွယ်ရှိတဲ့ ရခိုင်မူဆလင် ဦးဆွေယော်ဒူလာဟာ တစ်ချိန်က သူရဲ့ပိုင်ဆိုင်မူတွေကို တုန်ယင်ယင်နဲ့ လက်ညိုး ထိုးပြနေပါတယ်။ သူညွန်ပြနေတဲ့ အရပ်ဟာ မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာ တည်ရှိတဲ့ အရပ်ဒေသတွေကိုပဲ ဖြစ်ပါတယ်။ အဲဒီရွာလေးဟာ ခြေတံတို အိမ်ငယ်လေးတွေနဲ့ ပုံစံတူ ဆောက်လုပ်ထားတာကို မြင်တွေ့ရပါတယ်။
    အဲဒီမြေတွေဟာ တစ်ချိန်က သူ ပိုင်ဆိုင်ခဲ့တဲ့ လယ်ယာမြေတွေဖြစ်ပြီး ခုချိန်ခါ မပိုင်ဆိုင်တော့ဘူးလို့ သူက နှမြောတသစွာ ဆိုပါတယ်။
    “ အဲဒီ ပုံစံတူ ဆောက်လုပ်ထားတဲ့ အိမ်တွေကို အစိုးရ တည်ဆောက်တဲ့အခါ ကျနော်ရဲ့ လယ်တွေပါ ပါသွားပါတယ်။ သိရတာက စည်းကမ်း ပျက်ယွင်းမှုနဲ့ပဲ သိမ်းတယ်လို့ လူကြီးတွေက ပြောကြပါတယ် ”
    သူ့လို လယ်ယာမြေသိမ်းဆည်းခံရမှုဟာ ဒီဒေသမှာ သူ တစ်ဦးတည်းမဟုတ်ဘဲ သူ့မိတ်ဆွေတွေရဲ့လယ်ယာမြေတွေလည်း ပါဝင်နေကြပါတယ်။ သိမ်းဆည်းခြင်းခံရတာမှာ အနေထား တူနေတာက စည်းကမ်းပျက်ယွင်းမှုဆိုတာပဲ ဖြစ်နေကြပါတယ်။ မောင်တောမြို့နယ် ဒေသဖွံဖြိုးရေး အသင်းက အတွင်းရေးမှူး ဦးမြင့်လှိုင် ကတော့ လယ်ယာမြေသိမ်းဆည်းခံရမှု အများစုဟာ မောင်တောခရိုင် မြောက်ပိုင်းမှာရော တောင်ပိုင်းမှာရော ဖြစ်ပေါ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
    အထူးသဖြင့် နိုင်ငံတော်အစိုးရက စီစဉ်တဲ့ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံဖြိုးရေးဆိုတဲ့ လုပ်ငန်းစဉ်အောက်မှာ ပါရှိသွားပါတယ်။ အဲဒီ အစီစဉ်က တည်ဆောက်ပေးတဲ့ ရွာတွေကို ဒေသခံတွေက နတလ လို့ပဲ အတိုကောက် ခေါ်ဝေါ်နေကြဆဲပဲ ဖြစ်ပါတယ်။
    #နတလ စီမံကိန်းဆိုတာ
    နယ်စပ်ဒေသ လူမျိုးများနှင့်ဖွံဖြိုးတိုးတက်ရေး စီမံကိန်းဟာ ၁၉၉၄ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။ ရည်ရွယ်ချက် ပေါ်လစီက နယ်စပ်ဒေသတွေရဲ့ လူမျိုးရောထွေးမှုနဲ့ တိုင်းရင်းသားတွေရဲ့ နယ်ရပ်စွန့်ခွာမှုတွေကို ဖြေရှင်းရအောင်လို့ပါ။
    ဒီစီမံကိန်းဟာ မြန်မာနိုင်ငံထဲမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာလည်း ဖော်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ နယ်စပ်ဒေသတွေမှာ နတလ ကျေးရွာတွေအဖြစ် အထူးသဖြင့် ရခိုင်ဒေသမှာ အစ္စလာမ်ဘာ သာဝင် အများစု ရှိတဲ့ မောင်တောခရိုင်တွေမှာ ကျေးရွာတွေ တည်ဆောက်ရင်း မြန်မာပြည်အလယ်ပိုင်းက လူတွေကို ခေါ်ဆောင်လာပါတယ်။
    နတလ ကျေးရွာတွေမှာ ချပေးတဲ့ လူတွေ နေရေးထိုင်ရေး အဆင်ပြေအောင်လို့ နယ်စပ်ဒေသလူမျိုးများနှင့် ဖွံဖြိုးရေးဌာန အနေနှင့် လယ်ယာမြေတွေကို ဖန်တီးပေးထားတယ်လို့ သိရပါတယ်။ မောင်တောခရိုင်မှာရှိတဲ့ လယ်မြေတွေ သိမ်းဆည်းခံရမှုဟာ ဒီဖြစ်စဉ်က စတာလို့ အစ္စလာမ်ဘာသာဝင် တစ်ဦးက ဆိုပါတယ်။ ပြောင်းရွှေ့လာကြတဲ့ နတလ ကျေးရွာတွေအတွက် အိမ်ထောင်စု တစ်စုစီကို လယ် ၂ ဧက နွားနှစ်ကောင်၊ ဆိတ် အစရှိသည်တို့ကိုလည်း နတလရွာမှာ နေထိုင်ကြတဲ့သူတွေက လက်ခံရရှိကြပါတယ်။
    ဒါပေမယ့် အဲ့ဒီရွာသားအများစုဟာ နွား၊ လယ်ယာတွေကို အငှားခံ ရောင်းချကြပြီး သူတို့ကိုယ်တိုင် လုပ်ကိုင်မှု နည်းပါးကြတယ် ဆိုတာကို နတလရွာတွေရဲ့ လေ့လာစုံစမ်းရေး ခရီးတွေအရ သိရှိခဲ့ရပါတယ်။ နတလ ရွာတွေထဲမှာ နာမည်ကြီး ရွာတစ်ရွာဖြစ်တဲ့ မောရ၀တီရွာက ရွာသားဖြစ်သူ ကိုလှမြင့်က အခုလိုဆိုပါတယ်။
    “ အစိုးရက ပေးတဲ့ ပစ္စည်းတွေက လယ်ယာမြေအထောက်အကူပြု ပစ္စည်းတွေ။ ကျုပ်တို့က လယ်မှ မလုပ်ကြတာ။ ဒါကြောင့် ရောင်းချ ငှားရမ်းကြတာပါ။ လယ်နဲ့ မရင်းနှီးတဲ့ ဘ၀ကို လယ်သမားဖြစ်အောင် တွန်းပို့နေသလိုပဲ ”
    နတလ ကျေးရွာတွေကို ထောက်ပံ့ပေးပို့တဲ့ ပစ္စည်းတွေ အသုံးမတည့်မှုတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့လုပ်ငန်းခွင် လိုအပ်ချက်တွေကို အမြဲတမ်း ဆန်းစစ် အချက်အလက် ကောက်ခံနေတယ်လို့ မောင်တောခရိုင် ဦးသန့်ဇင်က ဆိုပါတယ်။
    “ သူတို့တွေ အထောက်အကူဖြစ်အောင် ဘာတွေလုပ်ပေးရမလဲဆိုပီးတော့ အသုံးဝင်မဲ့ အရာတွေကိုပဲ လိုက်ရှာနေပါတယ်”
    #နတလ စီမံကိန်းဘယ်လဲ
    နတလ ကျေးရွာတွေကို စုစည်း ကျေးရွာတွေနဲ့ ရွှေ့ပြောင်းကျေးရွာတွေ ဆိုပြီးတော့ သတ်မှတ်ထားပါတယ်။ စုစည်းကျေးရွာတွေဟာ အထက် မြန်မာပြည်က လူတွေကို စုစည်းပြီး နေရာချပေးထားတာဖြစ်ပြီး ရွှေးပြောင်းကျေးရွာတွေကျတော့ ဘင်္ဂလားဒေ့ခ်ျက စိုးရိမ်ကြောင့်ကြမှုကြောင့် ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေလို့ မြန်မာနိုင်ငံအစိုးရက ခေါ်ဆိုပါတယ်။
    နတလ ကျေးရွာမှာ ပြန်လည်စုစည်းပေးတဲ့သူတွေဟာ ဗုဒ္ဓဘာသာဝင်တွေ အများစုဖြစ်နေပြီး အစဉ်အလာ ကိုးကွယ်တဲ့သူတွေများတဲ့ မြောက်ပိုင်း ရခိုင်ဒေသမှာ နေထိုင်ရတာ မပျော်ကြတော့ဘူးလို့ ၁၉၉၅ ကတည်းကနေ မောင်တောခရိုင်ဒေသမှာ ရောက်ရှိနေကြတဲ့ နတလ ရွာသားတွေက ဆိုကြပါတယ်။
    တချို့ဆိုရင်လည်း ပြန်လည် ပြောင်းရွှေ့သွားကြပြီး ရှိတဲ့ဟာတွေကို ရောင်းချပြီးရင် ပြန်လည်ဝင်လာကြတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ ဦးသန့်ဇင်က အတည်ပြု ပြောဆိုပါတယ်။
    “ ကျွန်တော်တို့ကျတော့ ရန်ကုန်ဘက်က သူတွေကို စုတာ မဟုတ်ဘူးလေ ဒီဒေသကို ရောက်ရှိလာတဲ့ လူတွေကိုပဲ ထောက်ပံ့နေရာ ချပေးတာ ဆိုတော့ ဒီကို ပြန်ပြီးတော့ ၀င်ရောက်လာကြတဲ့ သူတွေ အပိုင်းကျတော့ စာရင်းကောက်ခံတဲ့သူတွေနဲ့ပဲ သက်ဆိုင်တယ်။ ”
    ယဉ်ကျေးမှု အနေအထားမတူလို့ ပြန်လည်ထွက်ခွာသွားတဲ့သူများလည်း ရှိကြပါတယ်။ ၂၀၁၂ အရေးအခင်းတုန်းက ဖြစ်စဉ်တချို့မှာ နတလ ရွာတွေပါ ပါဝင်ခဲ့ရပြီး အဲ့ဒီလိုဖြစ်စဉ်မျိုး ပြန်လည်ပေါ်ပေါက်လာမှာကိုလည်း စိုးရိမ်နေတဲ့ နတလ ရွာသားတွေရှိကြပါတယ်။ ဒါပေမယ့် ၂၀၁၂ အပြီးမှာ အစိုးရက ဘင်္ဂလားဒေ့ရှ်က ဗုဒ္ဓဘာသာဝင်တွေ ရခိုင်မျိုးနွယ်စုတွေကို နတလ ကျေးရွာတွေအဖြစ် လက်ခံဆောက်ပေးလိုက်ကြပါတယ်။
    ဒီလိုရွာတွေ တည်ဆောက်ပေးမှုဟာ မောင်တောခရိုင်ဒေသမှာ အစ္စလာမ် ကိုးကွယ်တဲ့သူ အများစုရှိတာကို ဘာသာရေးပါဝါ မျှတာအောင်ဆိုပြီးတော့ ဗုဒ္ဓဘာသာဝင်တွေကို ပိုပြီးအခွင့်အရေးပေးကြတာလားလို့ စဉ်းစားနိုင်ဖွယ်ရှိပါတယ်။
    #နတလ ကျေးရွာသားများပြောသော သူတို့ ဘ၀အကြောင်း
    မောင်တောကနေ သွားရင် ၂၁ မိုင်ခန့် ဝေးပြီး ရှေ့ကို ဆက်သွားရင် တောင်ပြိုမြို့ကို လွန်မြောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်သွားနိုင်တဲ့ လမ်းကြားထဲက ရန်အောင်မြင်ဆိုတဲ့ နတလ ကျေးရွာငယ်ဟာ အိုးအိမ်ဆိုင်ရာ ဖွံ့ဖြိုးမှုအနေအထားတွေ အားနည်းနေတာ တွေ့ရပါတယ်။ ဒီကျေးရွာမှာ ၂၀၁၂နှစ် နောက်ပိုင်းနဲ့ အဲ့ဒီမတိုင်ခင်က ပြောင်းရွေ့လာကြတဲ့ ဘင်္ဂလားဒေ့ခ်ျမှ ရခိုင်မျိုးနွယ်စုတွေရှိကြပါတယ်။ မတ်စောက်တဲ့ ချိုင့်ဝှမ်းတွေနဲ့ တောင်ကုန်းငယ်တစ်ခုမှာ အိမ်တည်ဆောက်ထားတဲ့ မြိုလူမျိုး ဦးယာလုဟာ ဘင်္ဂလားဒေ့ခ်ျဘာသာစကားပဲ ပြောတတ်ပါတယ်။ သူ့လိုပဲ အများစုဟာ ရခိုင်စကားပြောဆိုတတ်မှု နည်းပါးလွန်းပြီး ဘင်္ဂလားဒေ့ရှ် ဘာသာစကားပဲ ပြောဆိုကြပါတယ်။
    သူ ဒီဒေသကို ပြောင်းရွှေ့လာတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေက သူ့ကို အနှောင့်အယှက်ပေးကြလို့ ပြောင်းရွှေ့လာတာလို့ ပြောပါတယ်။
    “ စိုက်ခင်းတွေကို လာပြီးတော့ ဖျက်ဆီးကြပါတယ်။ အိမ်မှာဆိုရင်လည်း ရှိတဲ့ဟာတွေကို တောင်းရမ်း ငှားယူပြီးရင် ပြန်မပေးကြဘူး။”
    မြိုလူမျိုး ဦးယာလုဟာ ဒီကို ပြောင်းရွှေ့လာတာမှာ သူ့အနေနဲ့ အစိုးရဆီကိုလည်း အသိမပေးရသေးပါဘူး။ သူ့လိုပြောင်းရွှေ့လာတဲ့သူတွေက ဒီနိုင်ငံ အစိုးရဆီက လက်ဆောင်ရတယ်လို့ နတလရဲ့ထောက်ပံ့မှုတွေကို သူ နားလည်သလောက် ဆိုပါတယ်။ သူဟာ အခုဆိုရင် အသက် ငါးဆယ်ကျော်ပြီဖြစ်ပြီး သူငယ်စဉ်တုန်းက ရခိုင်ပြည်နယ်ကို ကြားသာကြားဖူးပြီး ရောက်ရှိခဲ့ခြင်းမရှိခဲ့ပါ။ အခုရောက်ရှိလာတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေနဲ့ ပြောက်ကျားတွေရဲ့ အနိုင်ကျင့်မှုတွေကြောင့် ၀င်ရောက်လာတယ်လို့ဆိုပါတယ်။
    သူ့မှာကျန်ခဲ့တဲ့ လယ်ယာမြေတွေကိုလည်း ဘင်္ဂလားက အစ္စလာမ်ဘာသာဝင်တွေက သိမ်းပိုက်လိုက်ကြပြီလို့ ဆိုပါတယ်။ သူနဲ့ ရင်းနှီးတဲ့ တချို့ မိတ်ဆွေတွေ ဆိုရင်လည်း လယ်တွေကို ရောင်းချပြီး လာလိုပေမဲ့ လူတွေရဲ့အခက်အခဲတွေကို သိပြီး ဈေးနှိမ်မှာစိုးလို့ အချိန်အနည်းငယ် စောင့်ဆိုင်းပြီး ရောင်းမယ်လို့ ပြင်ဆင်နေတယ် ဆိုတာကို သိရပါတယ်။
    သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း ခရိုင်အတွင်းက ကျေးရွာလေးတစ်ရွာကလို့ ဆိုပါတယ်။ သူနှင့် သမီးငယ်နှစ်ဦးအနက် တစ်ဦးဖြစ်တဲ့ ဆူနင်မာလာ ကလည်း ဖခင်နည်းတူ မြန်မာစကား မပြောတတ်ပါဘူး။ အင်္ဂလိပ်ဘာသာစကားကိုတော့ အနည်းငယ် ဖတ်တတ်ပြီး ဒုတိယတန်းအထိ သင်ယူခဲ့တယ်လို့ သိရပါတယ်။ အသက် ၁၂ နှစ်အရွယ်ရှိတဲ့ ဆူနင်မာလာက ဘင်္ဂလားဒေ့ရှ်ဘာသာစကားနဲ့ “ကျောင်းတော့ ဆက်တက်ချင်ပါသေးတယ်။ ဒီမှာနေရတာ မပျော်ဘူး။ ဟိုမှာဆိုရင်လည်း ကျောင်းတက်ဖို့သွားရင် ခဲပစ်၊ ဆဲဆိုခြင်း အမျိုးမျိုးတွေနဲ့ နှောင့်ယှက်ကြတယ်။ ဒီမှာလည်း အဲဒီလို ထပ်ဖြစ်မှာကို ကြောက်တယ်။ ”
    အလှမယ် လို့ မြိုဘာသာစကားနဲ့ အမည့်မှည့်ထားတဲ့ သူမက နာမည်နဲ့ တကယ်ကို လိုက်ဖက်လှပါတယ်။ သူအနေနဲ့ ဘ၀ မျှော်လင့်ချက်ကို မရေရာတဲ့ အငွေ့အသက်ပါရှိတဲ့ ထင်မြင်ချက်နဲ့ ပြောပါတယ်။ ဆူနင်မာလာ ဟာ စစ်တွေ၊ မြောက်ဦး စတဲ့ ရခိုင်ပြည်နယ်က မြို့တွေကို အရမ်းပဲ သွားချင်နေပါတယ်။ သူ့အနေနဲ့ သွားမယ်ဆိုရင်လည်း အလွယ်တကူ သွားနိုင်ပေမယ့် ဘာသာစကား မကျွမ်းကျင်တာ၊ နယ်မြေမကျွမ်းကျင်မှု စတဲ့အရာတွေက အခက်အခဲရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ဒေသခံ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ ရခိုင်လူမျိုးတွေရဲ့ သွင်ပြင်နဲ့ တူညီနေတာကြောင့် အစစ်အဆေးမရှိ သွားနိုင်ပါတယ်လို့ သူ့ ဖခင်က ဆိုပါတယ်။
    ထိုသို့ ပညာတစ်ပိုင်းတစနှင့် ဘ၀အာမခံချက် လိုလားသူများအတွက် မဖွံ့ဖြိုးတဲ့ ဒေသတွေမှာ ဖြစ်ပေါ်နေကြအတိုင်း လူကုန်ကူးခံရမှုနှင့် လိင်လုပ်ငန်းတွေ တွင်ကျယ်လာမှုလည်း ဖြစ်ပေါ်လာနိုင်ဖွယ် ရှိပါတယ်။
    လူကုန်ကူးခံရမှု လုပ်ငန်းမှာလည်း မောင်တောဒေသ၌ ဖြစ်ပွားမှု မရှိသေးဘဲ နတလ ရွာများအား လူစိမ်းများ ၀င်လျှင် သိရှိနိုင်ရန်လည်း သတင်းပေးပို့နိုင်ရန် သတင်းပေးများ ခန့်အပ်ထားသည်ဟု နတလ ခရိုင်မှူး ဦးသန့်ဇင်က ဆိုပါတယ်။
    လိင်လုပ်ငန်း လုပ်ကိုင်မှုတွေဟာ နတလ ရွာတွေမှာ မဟုတ်ဘဲ တခြားနေရာက သူတွေ လိင်လုပ်ငန်းလုပ်နေကြတာကို လိုက်လံဖမ်းဆီးရာမှ အဲဒီလူတွေက နတလရွာကို ရှောင်ပုန်းပြေးတာကြောင့် နတလ ရွာတွေ လိင်လုပ်ငန်း လုပ်ကိုင်တယ်ဆိုပြီး အမည်တွင်ခဲ့မှုလည်း ရှိခဲ့တယ်လို့လည်း သူက ရှင်းပြပါတယ်။
    #ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်တိုင်းရင်းသားများအပေါ် ဒေသခံများ၏ ခံစားချက်
    စိုးရိမ်ပူပန်မှုအရ ပြောင်းရွှေ့လာသူလို့ ခေါ်ဝေါ်ကြတဲ့ ဒုက္ခသည်တွေထဲမှာ ရခိုင်မျိုးနွယ်စုတွေဖြစ်တဲ့ မြို၊ သက်၊ ဒိုင်းနက်၊ ရခိုင် စသည်တို့ ပါရှိပါတယ်။ ပြောင်းရွှေ့လာသူ အများစုဟာ တစ်ဘက်နိုင်ငံရဲ့ နိုင်ငံသားတွေဖြစ်ကြပါတယ်။ မြန်မာနိုင်ငံတော် အစိုးရအနေနဲ့ အုပ်ချူပ်သူတွေက ဒီလို တစ်ဖက်နိုင်ငံသားတွေကို အလွယ်တကူ လက်ခံနေတာဟာ နားမလည်နိုင်စရာ ဖြစ်တယ် လို့ အလယ်သံကျော် ကျေးရွာက အစ္စလမ် ဘာသာဝင်ဖြစ်တဲ့ ဦးဆွေယောဒူလာက ပြောပါတယ်။
    “ကျွန်တော်တို့ကျတော့ ဒီမှာ ငယ်ငယ်လေးကနေ နေလာတာ။ နိုင်ငံသား မဟုတ်ဘူးတဲ့။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာသူတွေကျတော့ ဘာမှ မပြောဘူး။ နေစရာပေးတယ်။ အလုပ်အကိုင်ပေးတယ်။ ဒါဟာ ကိုးကွယ်တဲ့ ဘာသာကြောင့်များလားလို့ ကျူပ် ထင်တယ်။ ”
    ဦးဆွေယောဒူလာ ယူဆသကဲ့သို့ပင် တစ်ခြားသော အစ္စလမ်ဘာသာဝင်များ ကြားတွင်လည်း နိုင်ငံသားဖြစ်ခွင့်ကို အလွယ်တကူ ရရှိလာနိုင်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀င်ရောက်လာသူများအား နိုင်ငံသားဖြစ်ခွင့် ရရှိသွားခြင်းသည် ဗုဒ္ဓဘာသာဝင် ဖြစ်သောကြောင့် ဟု အလွယ်တကူ လက်ခံ နားလည်ထားကြသည်။
    ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ ဥက္ကဌ ဦးလှသိန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စိုးရိမ်ပူပန်မှုကြောင့် ပြောင်းရွှေ့လာကြသော ရခိုင်မျိုးနွယ်စုများအား ပြန်လည်လက်ခံခြင်းသည် အမျိုးသားရေးတာဝန်တစ်ရပ်အရ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သူက ဆိုသည်။
    #နိုင်ငံသားပြုမှုဆိုင်ရာနှင့် ဘာသာရေး ခွဲခြားမှုများ နောက်ကွယ်
    ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်လာသည့် ရခိုင်မျိုးနွယ်စုများသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲထည့်ပိုင်ခွင့် မရှိသေးသော်လည်း ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် မဲထည့်ပိုင်ခွင့် ရှိသူများ ဖြစ်လာနိုင်ကြသည်။ လက်ရှိအခြေအနေတွင် မောတောခရိုင် မဲဆန္ဒနယ်အတွင်း၌ အစ္စလာမ်ဘာသာဝင်များသည် ယခုလာမည့် ၂၀၁၅ အလွန် လွှတ်တော်ထဲတွင် အသံမဲ့နိုင်ခြေရှိသည်။ ၎င်းတို့အား ကိုယ်စားပြုမည့် ပါလီမန် အမတ်လောင်း ပါတီများက လွှတ်တော်ထဲသို့ ၀င်ရောက်ခွင့် မရှိနိုင်တဲ့ အခြေအနေ ဖြစ်နေကြပါတယ်။
    နိုင်ငံသားဖြစ်မှု ဥပဒေအရ မောင်တောခရိုင်ဒေသအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀၁၀ ရွေးကောက်ပွဲကာလနှင့် နှိုင်းယှဉ်လျှင် ၁၀ ဆ ခန့် လျော့နည်းကွာဟသွားတယ်လို့ ခရိုင်ကော်မရှင် ဦးအောင်ကျော်ညွှန့်က ဆိုပါတယ်။
    “၂၀၁၀ တုန်းက ဆန္ဒမဲထည့်ပိုင်ခွင့်ရှိသူ ၅ သိန်း၊ ခုကျတော့ ၅ သောင်းပဲ ဖြစ်သွားပြီ”
    မောင်တောခရိုင်ရဲ့ အနေအထားအရ ဒီအခြေအနေတွေဟာ ဆူပူမှုကို ဖြစ်ပေါ်လာနိုင်တယ်လို့ ယူဆရပါတယ်။ လုံခြုံရေးအရ စိုးရိမ် ကြောက်လန့်ဖွယ်ရာ စကားများကိုလည်း ပြည်နယ်အစိုးရရဲ့ အထက်အရာရှိပိုင်းများက ပြောဆိုနေကြပါတယ်။ လုံခြုံရေးအပေါ် စိုးရိမ်စိတ်ဖြင့် ပြောဆိုချက်များဟာ နတလ ကျေးရွာတွေအတွင်းမှာ တွေးပြီး ကြောက်လန့်နေကြတဲ့ သူတွေ ရှိပါတယ်။
    ဘင်္ဂလားဒေ့ရှ်မှ စိုးရိမ်စိတ်ကြောင့် ၀င်ရောက်လာကြတဲ့ ဒုက္ခသည်များဟာ မောင်တောဒေသမှာလည်း တစ်ဖက် အစ္စလာမ် ဘာသာဝင်များရဲ့ ဘင်္ဂလားဒေ့ရှ်မှာ သူတို့ နေထိုင်ခဲ့စဉ်ကကဲ့သို့ အနှောင့်အယှက်ပေးနိုင်မယ်ဆိုတာကိုလည်း သံသယရှိနေဆဲ ဆိုတာ တွေ့ရှိရပါတယ်။ ဒီ မေးခွန်းနဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေထဲမှာ ဖြေဆိုသူတစ်ဦးဖြစ်တဲ့ ခရေမြိုင်ကျေးရွာသူ ဒေါ်အေးငြိမ်းက ဝေခွဲမရစွာဖြင့် သူ့ရဲ့ ယူဆချက်ကို မပြတ်မသား ပြောပါတယ်။
    “ဟိုမှာထက်စာရင် ဒီမှာ အနှောင့်အယှက် နည်းမယ် ထင်လို့ပါ။ ဒါကြောင့် ရခိုင်ပြည်ကို ၀င်ပြီး ခိုလှုံလာကြတာပါ။ အဓိက အကြောင်းအရင်းကတော့ ဗုဒ္ဓဘာသာဝင်တွေရဲ့ နိုင်ငံဖြစ်နေလို့ပါ။”
    စံပယ်မြိုင်၊ မောရ၀တီ၊ ရွှေဗဟို၊ အလယ်သံကျော် ကျေးရွာများတွင်လည်း လုံခြုံရေးများ နေရာချထားပါတယ်။ သေနတ်သံများ မကြာမကြာ ကြားရတယ်လို့ နှစ်ဘက်လူ့အဖွဲ့အစည်း နှစ်ခုစလုံးက ဆိုကြပါတယ်။ ဓါးပြတိုက်မှု ဖြစ်စဉ်များလည်း ရံဖန်ရံခါ ရှိတတ်တယ်လို့ အလယ်သံကျော် ကျေးရွာမှ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သူ ဦးဆွေယော်ဒူလာ က ဆိုပါတယ်။
    မောင်တောခရိုင်မှာ ချပေးထားတဲ့ နတလ ကျေးရွာတွေမှ အစ္စလာမ်ဘာသာဝင်တွေ လုံးလုံး ပါဝင်တာကို မတွေ့ရပါဘူး။ ဒါဟာ အစ္စလာမ် ဘာသာကို ကိုးကွယ်တဲ့သူတွေများတဲ့ မောင်တောဒေသမှာ နိုင်ငံရေးအရ ဘာသာရေးပါဝါကို ထိန်းကျောင်းပြီး လူမျိုးရေးစနစ်တစ်ခုကို လည်ပတ်တာလို့ ယူဆနိုင်ဖွယ်ရှိပါတယ်။
    #စစ်ရေးအရ အရေးပါလာမည့် နတလ ကျေးရွာများ
    မြန်မာ့ထိပ်တန်း စစ်အရာရှိဟောင်းတစ်ဦးရဲ့ ထုတ်ဖော်ပြောကြားချက်အရ မောင်တောခရိုင်ဒေသမှာရှိတဲ့ နတလ ရွာတွေဟာ စစ်ရေးအရ လုံခြုံရေးအနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးအစီအစဉ်မှာ အထက်မြန်မာပြည်ဘက်က လူတွေကို မခေါ်ယူတော့ဘဲ တစ်ဖက်နိုင်ငံက ရခိုင်လူမျိုးတွေကို လက်ခံနေရာချပေးနေတာကို တွေ့ရပါတယ်။
    ပြီးတော့ သူတို့တွေထဲက တချို့ဟာ မောင်တောဒေသခံ ဗုဒ္ဓဘာသာဝင်တွေရယ်၊ ရခိုင်ဒေသမှာရှိတဲ့ ရခိုင်တွေအတွက်ပါ ပိုပြီး ရင်းနှီးကျွမ်းဝင်မှု ရအောင် တိုင်းပြည်အပေါ် အနစ်နာခံလိုစိတ် ပြင်းပြနေကြပါတယ်။ ဒီနေရာမှာ ၂၀၁၂ အရေးအခင်းအပြီး ရခိုင်တွေ ကျယ်ပြန့်စွာ မောင်တော နယ်စပ်မှာ ၀င်ရောက်လာမှုနှင့်အတူ ရခိုင်လက်နက်ကိုင်တပ်ဖြစ်တဲ့ ကချင်ပြည်နယ်အခြေစိုက် ရက္ခိုင်တပ်မတော် (AA) က အသံတစ်ခု ထွက်ရှိလာပါတယ်။
    ရက္ခိုင်တပ်မတော် (Arakan Army – AA) က ရေပြင်၊ မြေပြင်၊ ဝေဟင် ကာကွယ်ရန် ရခိုင်ပြည်တွင် အခြေစိုက်ရန် အသင့်အနေအထား ရှိနေခဲ့ပြီဟု ၂၀၁၄ ခုနှစ် ဧပြီလထဲမှာ ပြုလုပ်ခဲ့တဲ့ ရခိုင်အမျိုးသား ကျောက်ဖြူညီလာခံမှာ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီလို ထုတ်ဖော်ပြောဆိုမှုဟာ AA တပ်မတော် အနေနဲ့ သူတို့ရဲ့ နယ်စပ် တပ်သားအင်အားကို ဘင်္ဂလားဒေ့ရှ်က ၀င်ရောက်လာတဲ့ ရခိုင်မျိုးနွယ်စုတွေကို အသုံးချမလားဆိုတာကို တွေးကြည့်ရမှာပါ။
    မောင်တောခရိုင်တောင်ပိုင်း ရွှေဗဟိုမှာ နေထိုင်တဲ့ မောင်မောင် (အမည်လွှဲ) က သူ့လက်ညိုးကို သေနပ်ပစ်သလို ကွေးပြရင်း “ဒါကိုရရင် ငါတို့ပြည်ကို ငါတို့ ရပြီ။ ဒီမှာ စားဝတ်နေရေးကျပ်ရင် အဲဒီတပ်ဆီကို ၀င်သွားမယ်” ဟု သူက ဆိုပါတယ်။
    သြဂုတ်လရဲ့ နောက်ဆုံးသီတင်းပတ်တွေမှာလည်း ရက္ခိုင်တပ်မတော် (AA) နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။
    အစိုးရဆီက အထောက်အပံ့ ရယူနေရင်း အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေတဲ့ သူတို့ ဘ၀မှာ ရွေးချယ်စရာတွေလည်း နည်းပါးနေတယ်လို့ သူက ဆိုပါတယ်။ သူတို့ရဲ့ အနစ်နာခံလိုစိတ်၊ ရခိုင်တွေကို ချစ်တဲ့ စိတ်ကို ပြလိုတဲ့ သူတို့ဟာ အခွင့်အရေးပေးရင် AA တပ်မတော် သို့မဟုတ် မြန်မာ့တပ်မတော်ထဲကို အချိန်မရွေး ၀င်ရောက် သွားနိုင်ခြေ ရှိကြပါတယ်။
    #နတလ သည် ၀ှက်ဖဲ တချပ်လား
    မောင်တောဒေသမှာ ရှိတဲ့ နတလ ကျေးရွာတွေက ရခိုင်မျိုးနွယ်စုတွေ ၃ နှစ်ပြည့်ပြီးရင် နိုင်ငံသား ပေးလိုက်တာဟာ မောင်တောခရိုင်မှာ ရှိတဲ့ နိုင်ငံသား မဖြစ်ကြရသေးတဲ့ ရိုဟင်ဂျာလူမျိုး အစ္စလာမ်ဘာသာဝင်တွေကို မျက်ကွယ်ပြုရာ ကျနေပါတယ်။ အများစုသော လူမျိုးကို နိုင်ငံရေး၊ ဘာသာရေးအရ အခွင့်အရေး အနည်းငယ်မျှ မပေးခြင်းဟာ ရှင်သန်မှု အကျဉ်းအကျပ်ထဲကို ရောက်ရှိ သွားတဲ့ ဖြစ်စဉ်ပါ။ သေးငယ်သော အစုအဖွဲ့ ခံစားမှုတွေကနေ ကြီးမားသော ပြဿနာ ဖြစ်လာနိုင်တယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ သတိပြုမူသင့်ပါတယ်။
    ၂၀၁၂ ခုနှစ်ကလို အရေးအခင်းများ မောင်တောခရိုင် ပြန်လည် မပေါ်ပေါက်လာနိုင်ဘူး ဆိုတာ ဘယ်သူမှ အာမခံလို့ မရပါဘူး။ တဘက်လူမျိုးနဲ့ တဘက် သေးငယ်တဲ့ မှုခင်းလေးတွေ ရံဖန်ရံခါ ပေါ်ပေါက်နေတယ်ဆိုတာလည်း မောင်တောခရိုင် မှုခင်းမှတ်တမ်းများအရ သိရှိနိုင်ပါတယ်။ နတလ ကျေးရွာကြောင့် လယ်မြေတွေ အသိမ်းခံလိုက်ရတဲ့ ဦးဆွေယော်ဒူလာကတော့ သက်ပြင်းတွေ ချပြီး စဉ်းစားစွာ ပြောဆိုလိုက်ပါတယ်။
    “ကမ္ဘာကြီးမှာရှိတဲ့ နိုင်ငံတစ်ခုစီတိုင်းမှာ မတူညီတဲ့ လူမျိုး၊ မတူညီတဲ့ ကိုးကွယ်သူများ ရှိကြမြဲပါ။ ဒါပေမယ့် သူတို့အနေနဲ့ အဲဒီနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် နေထိုင်လိုခြင်း ရပ်ဆိုင်းခြင်း၊ ဒါမှမဟုတ် နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးခံပြီး အခြားနိုင်ငံတစ်ခုခုရဲ့ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားမယ်ဆိုရင်၊ အခြားနိုင်ငံရဲ့ အရိပ်ကို ခိုလှုံမယ်ဆိုရင် ဒါဟာ ဒုက္ခသည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှသာလျှင် သွားရမှာ ဖြစ်ပါတယ်။ အခုဟာက ဗုဒ္ဓဘာသာ ဖြစ်ရုံမျှ နေအိမ်၊ လယ်မြေ၊ ထွန်ယက်စရာ နွားနဲ့ စားနပ်ရိက္ခာက အစ လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးထားပြီး ၃ နှစ်စောင့်ရင် နိုင်ငံသားပြုခွင့်ပေးမယ် ဆိုတာ မြန်မာအစိုးရအနေနဲ့ တရားမျှတပါရဲ့လား”
    #သုံးသပ်ချက်
    ရခိုင်ပြည်နယ်သည် ဒီမိုကရေစီ အစိုးရသစ် တက်လာပြီးချိန်ကစ၍ ပြည်နယ်အတွင်း၌ အတွေးအခေါ်၊ အယူအဆ မတူညီမှုများကြောင့်သော်လည်းကောင်း၊ လူမျိုးရေး အစွဲအလမ်းကြောင့် သော်လည်းကောင်း၊ အချင်းချင်း ပဋိပက္ခများဖြစ်ကာ အဓိကရုဏ်း ဆူပူမှုကြီးများနှင့် ယနေ့တိုင် သံသယအမုန်းမီးများက တောက်လောင်နေဆဲ ဆိုသည်ကို အားလုံး အသိပင် ဖြစ်သည်။
    ရခိုင်ပြည်နယ် ၀န်ကြီးချူပ် အဆက်ဆက် ဖြစ်ကြသည့် ဦးလှမောင်တင်၊ ဦးမောင်မောင်အုန်းနှင့် ယခု ဦးမြအောင်တို့ကလည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြသော်လည်း အောင်မြင်မှု မရရှိခဲ့ကြသေး။
    အစ္စလာမ်ဘာသာဝင်များနေထိုင်ရာ ဒေသများသို့ မည်သည့် ဘာသာ၊ မည်သည့် လူမျိုး မဆို အလွယ်တကူ ၀င်ရောက် စီးပွားကူးသန်းခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့်များ ရှိနေသော်လည်း အစ္စလာမ်ဘာသာဝင်များအနေနှင့် ကန့်သတ်ခံနေရဆဲ ဖြစ်သည်။
    တစ်ဖက်နှင့် တစ်ဖက် မတူညီသော သဘောထား၊ ခံယူချက်တို့ကို ဆွေးနွေးညှိနှိုင်းကြရာတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုသော ကိစ္စသည် မလွယ်ကူခြင်းတော့ အမှန်ပင်ဖြစ်သည်။ အထူးသဖြင့် နှစ်ဖက်စလုံးက ရိုးသားဖြူစင်ကြပြီး တစ်ဖက်နှင့် တစ်ဖက်၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ယုံကြည်မှု တည်ဆောက်နိုင်ပြီး အာဃာတများ ကင်းပျောက်ကြမှသာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အကောင်အထည်ဖော်နိုင်ကြမည် ဖြစ်သည်။
    သို့ဖြစ်သောကြောင့် ရခိုင်ပြည်နယ် အစိုးရသော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရသော်လည်းကောင်း ရခိုင်ပြည်နယ်၏ ထိလွယ်ရှလွယ်သည့် အခြေအနေများ၊ သံသယများ မငြိမ်းသေးချိန်တွင် ဘာသာရေးအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း ခွဲခြားအခွင့်ထူးပေးခြင်းဖြစ်စေ၊ ခွဲခြားဖိနှိပ်ခြင်းဖြစ်စေ မပြုလုပ်ရန် အလွန်လိုအပ်ပါသည်။
    — ဤဆောင်းပါးသည် The welcome migrants from Bangladesh အမည်ဖြင့် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်စွဲထုတ် မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ မီဒီယာ Frontier Myanmar တွင် ဖော်ပြခြင်းခံရသော RIA ၏ Investigative Report ဖြစ်ပါသည်။
    RIA မှ ကူးယူဖော်ပြပါသည် ။
  • လေထုညစ်ညမ်းမှုကြောင့် တရုတ်တွင် အမြင့်ဆုံးသတိပေးချက် ကြေငြာရပြန်
    လေထုညစ်ညမ်းမှုကြောင့် တရုတ်တွင် အမြင့်ဆုံးသတိပေးချက် ကြေငြာရပြန်
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    china
    – နိုင်ငံမြောက်ပိုင်း၌ ယခုသီတင်းပတ်အဆုံးပိုင်းတွင် လေထုညစ်ငြမ်းမှုနှင့် ရင်ဆိုင်ရဖွယ်ရှိသောကြောင့် ဒေသခံများအနေဖြင့် ပြင်ဆင်ထားကြရန် တရုတ်အာဏာပိုင်များက ယနေ့တွင် ကြေငြာခဲ့ပြီး၊ အနီရောင်အဆင့် သတိပေးချက်လည်း ထုန်ပြန်လိုက်သည်။
    မီးခိုးများဖြင့် လေထုညစ်ညမ်းမှုမှာ နိုင်ငံအလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းအထိ ပြန့်နှံ့ဖွယ်ရှိနေကာ စနေနေ့ညနေပိုင်းမှ အင်္ဂါနေ့အထိ ကြာမြင့်လိမ့်မည်ဟု တရုတ်မိုးလေ၀သ အေဂျင်စီက ပြောကြားခဲ့သည်။
    လေထုညစ်ညမ်းမှုကြောင့် တရုတ်နိုင်ငံတွင် အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ရသည်မှာ ၂၀၁၃ ခုနှစ်က သတိပေးချက်စနစ် စတင်ခဲ့ပြီးနောက်ပိုင်း ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မှာ ပြီးခဲ့သည့် သီတင်းပတ်က ဘေဂျင်းတွင် ကြေငြာခဲ့ရခြင်းဖြစ်သည်။
    Ref: channelnewsasia
  • ရန်ကုန်ရောက် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ထားသူ ၂၀ ကို ရခိုင်သို့ ပြန်ရန် လဝက ညွန်ကြား
    ရန်ကုန်ရောက် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ထားသူ ၂၀ ကို ရခိုင်သို့ ပြန်ရန် လဝက ညွန်ကြား
    ဒီဇင်ဘာ ၁၈ ၊ ၂၀၁၅
    .front-cover
    ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ဒုက္ခသည်စခန်း တခုမှ ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားသူ ၂၀ နှင့် ကလေးငယ် ၂ ဦး စုစုပေါင်း ၂၂ ဦးသည် ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်မရဘဲ ရခိုင်ပြည်နယ်မှ ထွက်ခွာခဲ့သဖြင့် နေရပ် သို့ပြန်ရန် သက်ဆိုင်ရာက ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။
    အဆိုပါ လူ ၂၀ ထဲတွင် ၂ ဦးသည် ရခိုင်/ဗုဒ္ဓဘာသာ ဖြစ်ပြီး ကျန် ၁၈ ဦးသည် ကမန်/အစ္စလမ် ဘာသာဝင် ဖြစ်ကြောင်း၊ နေရပ်သို့ပြန်ရန် ရန်ကုန်တိုင်း လူဝင်မှု ကြီးကြပ်ရေး ဦးစီးဋ္ဌာန(လဝက)က ညွှန်ကြားခြင်းဖြစ်ပြီး ၄င်းတို့ နေရပ်ပြန်နိုင်ရေးအတွက် ကမန် အမျိုးသား တိုးတက်ရေး ပါတီက ကူညီဆောင်ရွက်ပေးနေကြောင်း ယင်းပါတီက ဧရာဝတီသို့ ပြောသည်။
    နေရပ်ပြန်ရမည့်သူများတွင် တက္ကသိုလ် တက်ရမည့်သူ ၈ ဦးပါဝင်ပြီး ကျန်သူများသည် အလုပ်လုပ်ကိုင်ရန်နှင့် ဆေးကုသမှု ခံယူရန် ရန်ကုန်မြို့သို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်က သံတွဲလေဆိပ်မှတဆင့် ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၆ ရက်တွင် ၄င်း တို့အားလုံး နေရပ်ပြန်ရန် ညွှန်ကြားခံရခြင်း ဖြစ်ကြောင်း ကမန်အမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြော ပြ သည်။
    ဦးတင်လှိုင်ဝင်းက“ကျနော်တို့ သိထားတာက နိုင်ငံရေး စိစစ်ရေးကတ်ရှိသူတွေဟာ မြန်မာနိုင်ငံတွင်းက ဘယ်နေရာကိုမဆို လွတ် လပ် စွာ သွားလာခွင့် ရှိတယ်လို့ သိထားပါတယ်။ အခုက အဲဒီလို မဟုတ်ဘဲ ဒုက္ခသည်စခန်းက အာဏာပိုင်တွေကို အကြောင်း မကြားလို့ ပြန်လွှတ်တာဆိုတော့ နိုင်ငံသား အခွင့်အရေးကို ချိုးဖောက်တာပါပဲ”ဟုလည်း ပြောဆိုသည်။
    ထို လူ ၂၂ ဦးသည် နေရပ်မှ သက်ဆိုင်ရာ အာဏာပိုင်များကို အသိပေး အကြောင်းကြားခြင်းမရှိဘဲ ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် တရားဝင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရခြင်း ဖြစ်ပြီး တခြား ရည်ရွယ်ချက်မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးကလည်း ဧရာဝတီသို့ ပြောသည်။
    ဦးမြင့်အောင်က“အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အထက်က စာထွက်ထားတာတော့ မဟုတ်ပါဘူး။ ကျနော်တို့ကို ဆက်သွယ်လာတာက လည်း ပါတီက ဆက်သွယ်လာတာပါ။ ဒီမှာ နေထိုင်သူ ၂ ဦးနဲ့ ပတ်သက်ပြီး သူတို့ နေရပ် ပြန်တာရော၊ ဘာရော အကုန်လုံးကို ပါတီက တာဝန်ယူပါမယ်လို့ ကျနော်တို့ကို ပြောထားပါတယ်။ ဘယ်တော့ ပြန်မယ်ဆိုတာကိုတော့ ကျနော်တို့လည်း မသိပါဘူး”ဟု လည်း ပြောသည်။
    နေရပ်ပြန်ရန် ညွှန်ကြားခံရသူ ၂၀ ကိုင်ဆောင်သည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများသည် တနိုင်ငံလုံးတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ရရှိရန် ဆောင်ရွက်ပေးခဲ့သည့် မိုးပွင့်စီမံချက်တွင် တရားဝင် ရရှိခဲ့သည့် ကတ်ပြားများ ဖြစ်ကြောင်း သိရသည်။
    ဓါတ်ပုံ- စာပေဗိမာန်  နိုင်ငံဂုဏ်ရည်စာပေတိုက်က ဒီဇင်ဘာလ ၂၀၀၅ ကထုတ်ဝေခဲ့တဲ့ မောင်ဆန္ဒ (လယ်ဝေး) ရေးသားပြုစုသော ကမန်မျိုးနွယ်စုသမိုင်း စာအုပ်မျက်နှာဖုံး
    ဧရာဝတီ မှ ကူးယူဖော်ပြသည်။
    http://burma.irrawaddy.com/news/2015/12/18/103427.html
  • ရုရှား တားမြစ်ဆေး တိုက်ဖျက်ရေး အဖွဲ့မှ ခေါင်းဆောင်ပိုင်းများအားလုံး နှုတ်ထွက်
    ရုရှား တားမြစ်ဆေး တိုက်ဖျက်ရေး အဖွဲ့မှ ခေါင်းဆောင်ပိုင်းများအားလုံး နှုတ်ထွက်
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    russia
    – ရုရှားအားကစားလောကတွင် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း တားမြစ်ဆေးနှင့်ပတ်သက်၍ ပြဿနာများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရုရှား၏ တားမြစ်ဆေးတိုက်ဖျက်ရေး RUSADA မှ ခေါင်းဆောင်ပိုင်းအားလုံး ယမန်နေ့က နှုတ်ထွက်သွာခဲ့သည်ဟု သိရသည်။
    တားမြစ်ဆေးပြဿနာတွင် ပါဝင်သည့် အားကစားသမားများ၊ နည်းပြများ၊ တာဝန်ရှိသူများကို တစ်ယောက်မကျန် နှိမ်နင်းသွားမည်ဟု ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က ပြောကြားခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ နှုတ်ထွက်မှု ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။
    “ယာယီဒါရိုက်တာ နီကီတာ ကမာယက်ဗ်ပါအ၀င် RUSADA က အကြီးအကဲ ၄ ဦးစလုံး နှုတ်ထွက်သွားခဲ့ကြတာပါ။ ကြားဖြတ်အထွေထွေဒါရိုက်တာအဖြစ် အန်နာ အန့်ဆီလီယိုဗစ်ခ်ျကို ခန့်အပ်ထားပါတယ်” ဟု RUSADA မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    ရုရှားအားကစားလောကတွင် တားမြစ်ဆေးဝါးများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသည်ဟု အစီရင်ခံစာတစ်စောင် ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် နိုင်ငံတကာ အားကစားသမားများအဖွဲ့ IAAF မှာ ရုရှား အားကစားသမားများ၊ RUSADA နှင့် ရုရှား၏ တားမြစ်ဆေးတိုက်ဖျက်ရေး စမ်းသပ်ခန်းတို့ကို နိုဝင်ဘာလတွင် ပိတ်ပင်ခဲ့သည်။ RUSADA ၏ အထွေထွေဒါရိုက်တာဖြစ်သူ ရာမီလ် ဘရီဗ်မှာလည်း ပြီးခဲ့သည့်လက ရာထူးမှ နှုတ်ထွက်ခဲ့သည်။
    Ref: Channelnewsasia
  • ပြင်သစ်ရွေးကောက်ပွဲတွင် အမျိုးသားရေးဝါဒီများ မရှုမလှ ရှုံးနိမ့်ခဲ့
    ပြင်သစ်ရွေးကောက်ပွဲတွင် အမျိုးသားရေးဝါဒီများ မရှုမလှ ရှုံးနိမ့်ခဲ့
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    franc
    Front National – FN ပါတီခေါင်းဆောင် မာရီနာလီပင်အား ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း မဲဆွယ်ပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ – AFP)
    – ၂၀၁၅ ဒီဇင်ဘာ ၁၃ ရက်ညဥ့်၌ ရွေးကောက်ပွဲအတွက် အစွန်းမရောက်ပြင်သစ်ပြည်သူတို့၏ မဲဆန္ဒများက လက်ျာစွန်းရောက်ခေါင်းဆောင် မာရီနီလီပင်၏ အမျိုးသားတပ်ဦးပါတီအား တုန်လှုပ်သွားစေခဲ့သည်။ သို့သော် သူမသည် သမ္မတလောင်းနေရာ၏လမ်းကြောင်းတွင် ရှိနေဆဲဟု ခေါင်းမာစွာ တင်းခံပြောကြားနေကြောင်း ပဲရစ်ရှိ John Lichfield ပေးပို့သောသတင်းများအရ သိရသည်။
    လက်ျာစွန်းရောက် FN ပါတီသည် ဒုတိယအကျော့ ဒေသတွင်း ရွေးကောက်ပွဲ၌ ၎င်းတို့အပေါ် စိတ်ပျက်နေကြသည့် အစွန်းမရောက်ပြည်သူများ၏ ဆန္ဒမဲလှိုင်းလုံးကြီးကြောင့် ၂၀၁၅ ဒီဇင်ဘာ ၁၃ ရက်ညဥ့်က မထင်မှတ်လောက်အောင် အလဲထိုးခံလိုက်ရသည်။
    ပြီးခဲ့သည့်ရက်သတ္တပတ် တနင်္ဂနွေက မာရီနီလီပန်၏ လက်ျာစွန်းရောက်ပါတီသည် ပထမအကျော့မဲပေးခြင်း၌ ပြင်သစ်နိုင်ငံ၏ အခရာကျသောဒေသ ၁၂ ခုအနက် ၆ ခုတွင် အနိုင်ရနေခဲ့သဖြင့် ဥရောပတစ်ခွင်မှ စိတ်အားထက်သန်စွာစောင့်ကြည့်ခဲ့ကြ၏။ သို့သော်လည်း ၎င်း၏သရဖူကို ပြည်လုံးကျွတ်မဲစာရင်း၌မူ မထိန်းသိမ်းနိုင်တော့ချေ။
    မြောက်ပိုင်း Calais-Lille-Amiens ဒေသကို ကိုယ်စားပြု၍ ကိုယ်တိုင်ဝင်ပြိုင်သော မစ္စ လီပင်၊ သူမ၏တူမဖြစ်သူ အရှေ့တောင်ပိုင်းဒေသကိုယ်စားပြု Marion Mareဲchal-Le Pen (၂၆ နှစ်) အပါအ၀င် FN ပါတီကိုယ်စားလှယ်လောင်းများမှာ လက်ဝဲယိမ်းနှစ်သက်သူများ၏ နည်းဗျူဟာမြောက် မဲထည့်ဝင်မှုကြောင့် အလူးအလဲ ရှုံးနိမ့်သွားသည်။ ကနဦးပိုင်းတွင် မဲထည့်ရန် ယာယီငြင်းဆိုထားသည့် ၃.၅ သန်းသော မဲဆန္ဒရှင်တို့က ထိုသူတို့နှင့်ဆန့်ကျင်ဖက်သို့ ပြန်လှည့်စုပြုံ မဲပေးခဲ့ကြခြင်းကြောင့်ဖြစ်သည်။
    ထိုရလဒ်က ဒေသတွင်း သရဖူဆောင်းရန် မျှော်လင့်နေပြီး၊ ၂၀၁၇ ခုနှစ်တွင် Elyseဲe နန်းတော်အား မဖွယ်မရာပြုလုပ်လိုနေသည့် မစ္စလီပင် (၄၇ နှစ်) အား အပြင်းအထန် စိတ်ပျက်စရာ ဖြစ်သွားစေခဲ့သည်။
    FN ပါတီသည် ၂၀၁၂ သမ္မတနေရာရွေးကောက်ပွဲ၌ လူထု၏မဲဆန္ဒ ၆.၄ သန်းကို ရယူနိုင်ခဲ့သလို ယခုတစ်ခါတွင်လည်း ၇ သန်းနီးပါးခန့် အလားတူ ရယူစုဆောင်းနိုင်ခဲ့သည်ကို တွေ့ရသည်။ ဒေသတွင်း သြဇာထူထောင်လိုမှု ရှုံးနိမ့်လင့်ကစား မစ္စလီပင်၏ ပါတီသည် နိုင်ငံရေးပါတီနှစ်ရပ်အနက် အတိုက်အခံအင်အားစုအနေဖြင့် ၎င်း၏အင်အားကိုသုံးကာ ကြားနေအုပ်စုဖယ်ရှားခြင်းအတွက် ခြိမ်းခြောက်နေသေးသည်။
    france 2
    သူမ၏ပါတီရှုံးနိမ့်သည့်သတင်းထွက်ပေါ်ခဲ့သော်လည်း အထက်စီးစကားဆိုနေဆဲ လီပင် (ဓာတ်ပုံ – AFP)
    သူမက အဆိုပါရလဒ်ကို ၁၈ လတာ ကာလအတွင်း သူမအား သမ္မတနေရာဝင်ပြိုင်စေသော “ကြောက်မက်ဖွယ်အောင်မြင်မှုတစ်ရပ်” ဟု ဆိုခဲ့၏။
    “တိုင်းပြည်မှာ အင်အားစုနှစ်ရပ်ထဲ ရှိကြောင်း ဒီရွေးကောက်ပွဲက ပြသလိုက်ပါတယ်။ နိုင်ငံတကာအရှုပ်အထွေးကိစ္စတွေနဲ့ ပြင်သစ်ပြည်ကို နစ်မြုပ်သွားစေလိုတဲ့ ကမ္ဘာ့အရေးအင်အားစု (နဲ့) အမျိုးသားရေးနဲ့မျိုးချစ်အင်အားစုတွေပဲ ဖြစ်တယ်”။
    လွန်ခဲ့သည့်လအတွင်း လူပေါင်း ၁၃၀ သေဆုံးခဲ့သော ပဲရစ်တိုက်ခိုက်မှုဂယက်များအောက်မှ ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ မကျော်ကြားလှသော ဆိုရှယ်လစ်အုပ်စုမှ ပြဋ္ဌာန်းလိုက်သည့် မပြတ်မသား ဈေးကွက်တံခါးဖွင့် ပြန်လည်ပြုပြင်ရေးဝါဒ၊ စံချိန်တင်အလုပ်လက်မဲ့ပြဿနာ၊ စီးပွားရေးထစ်ငေါ့နေမှု၊ အသုံးစားရိတ်လျှော့ချမှု စသည်တို့ကိုလည်း ဆန့်ကျင်သည့် မဲဆွယ်မှုများရှိခဲ့ကြသည်။
    ပထမအကျော့ မဲရလဒ်အပေါ် FN ၏ခေါင်းထောင်မှုသည် ပြင်သစ်၌ ပြည်တွင်းစစ်ဖြစ်ပွားစေနိုင်ကြောင်း မစ္စတာဗောစ်၏ ပြောကြားချက်အပါအ၀င် ပြည်တွင်းပြည်ပ၏ ပြတ်သားသည့်တုန့်ပြန်မှုများက မဲမထည့်လိုသူ သိန်းချီလူထုများအား စုစည်းနိုင်ခဲ့သည်။ ပထမအကျော့က မဲရှောင်သူ ၅၀ ရာခိုင်နှုန်းဝန်းကျင်အား ဒုတိယအကျော့တွင် မဲထည့်သူ ၅၉ ရာခိုင်နှုန်းဖြစ်စေသည်အထိ လှည့်ပြောင်းသွား၏။ အထူးသဖြင့် FN ပါတီမှ အနိုင်ရရန် မျှော်လင့်ထားသည့် နာမည်ကြီးဒေသသုံးခုအတွင်း ယင်းသို့ မြင့်တက်ပြောင်းလဲသွားခဲ့ပေသည်။
    FN ပါတီ၏ နည်းဗျူဟာမြောက်ခြေလှမ်းကြောင့် မြောက်ပိုင်းနှင့်အရှေ့ပိုင်းဒေသကြီးနှစ်ခု၌ အာဏာရ ဆိုရှယ်လစ်တို့ အကြီးအကျယ် ရှုံးနိမ့်ခဲ့သည်။ သို့ဖြင့် မိမိတို့၏ကိုယ်စားလှယ်အားလုံး ရှုံးနိမ့်ရသဖြင့် ၎င်းတို့က လက်ဝဲယိမ်းမဲဆန္ဒရှင်တို့ကို ကြားနေအဖြစ် ပြောင်းလဲရေးသို့ ခွင့်ပြုပေးခဲ့ကြသည်။
    အစောပိုင်းခန့်မှန်းချက်များအရ မစ္စလီပင်သည် သူမ၏ နိုင်ငံရေးဗဟိုပြုခံတပ်ဖြစ်သော Nord-Pas de Calais-Picardy နယ်တွင် သောင်ပြိုကမ်းပြို အနိုင်ရထားခဲ့ကြောင်း ဖော်ပြသည်။ ၎င်း၌ ဆန္ဒမဲ ၄၂ ရာခိုင်နှုန်းရရှိခဲ့၏။ သို့သော် ထိုပထမအကျော့ကရရှိခဲ့သော ၄၀ ရာခိုင်နှုန်းကျော်ထက် ထပ်တိုးမလာတော့ပေ။ သူမ၏ပြိုင်ဖက် လက်ျာယိမ်းကြားနေသူ ကျန်းမာရေးဝန်ကြီးဟောင်း ဇေဗီယာ ဘာထရန်က ၅၈ ရာခိုင်နှုန်း ရရှိခဲ့သည်။
    တောင်ပိုင်းရှိ Marseilles-Nice ဒေသတွင် Marion Mareဲchal-Le Pen သည်လည်း လက်ျာယိမ်းကြားနေ ကိုယ်စားလှယ်ဖြစ်သော Nice မြို့တော်ဝန် Christian Estrosi ၏အလဲထိုးခြင်းကို ခံလိုက်ရသည်။ သူမ၏ ၄၅ ရာခိုင်နှုန်းကို သူ၏ ၅၅ ရာခိုင်နှုန်းမဲဖြင့် အနိုင်ရခဲ့သည်။
    ပြင်သစ် အရှေ့မြောက်ပိုင်း Alsace-Lorraine ၊ Champagne နှင့် Ardennes ဒေသတစ်ကြောတွင် ဒေသခံ ဆိုရှယ်လစ်ခေါင်းဆောင်က ဆုတ်ခွာကျောခိုင်းမှုကို လက်မခံခဲ့။
    မည်သို့ပင်ဆိုစေကာမူ မြောက်များစွာသော လက်ဝဲယိမ်းသမားများက လက်ျာယိမ်းကြားနေ ကိုယ်စားလှယ်အား ဆန္ဒမဲလှည့်ပြောင်းထည့်ကာ ၎င်းကို ၄၆ ရာခိုင်နှုန်းဖြင့် အနိုင်ပေးလိုက်ကြသည်။ FN က ၃၇ ရာခိုင်နှုန်း၊ ဆိုရှယ်လစ်က ၁၆ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ကြသည်။
    မစ္စတာ ဆာကိုဇီ၏ လက်ျာယိမ်းကြားနေပါတီဖြစ်သော Les Reဲpublicains က တောင်စွန်းပိုင်းဒေသ Languedoc-Roussillon-Midi-Pyrenees မှ ကျန်ရှိနယ်ပယ်များကို FN အပေါ် အနိုင်ယူရေးအတွက် တိုးဝင်ခဲ့ကြသည်။ နောက်ဆုံးသော ဆိုရှယ်လစ် ကိုယ်စားလှယ်မှ ရှောင်တခင် မထင်မှတ်သောမဲတို့ဖြင့် လီပင်၏လုပ်ဖော်ကိုင်ဖက်နှင့် FN ၏ ဒုဥက္ကဋ္ဌဖြစ်သော လက်ျာစွန်းရောက်ကိုယ်စားလှယ် Louis Aliot အား ဖြတ်ကျော်သွားသည်။
    FN ပါတီသည် ယခင်ရက်သတ္တပတ်၌ အခြားဒေသသုံးခုအတွင်း ပထမနေရာရောက်နေရာမှ ပြီးခဲ့သည့်တနင်္ဂနွေညဥ့်တွင်မူ အားလုံးကို လက်လွှတ်ဆုံးရှုံးသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အပယ်ခံပါတီငယ်တို့ထံမှ မဲများကို လက်ဝဲ သို့ လက်ျာယိမ်းကြားနေ လူထုပါတီများမှ ရက်သတ္တပတ်အတွင်း ပြတ်သားထင်ရှားစွာ သိမ်းယူသွားနိုင်၍ဖြစ်သည်။
    သမ္မတဟောင်း နီကိုလပ် ဆာကိုဇီ ဦးဆောင်သော လက်ျာယိမ်းကြားနေ Reဲpublicians ပါတီက ဒေသကြီး ၇ ခု သို့မဟုတ် ၈ ခု၌လည်းကောင်း၊ ဆိုရှယ်လစ်ပါတီက ၄ ခု သို့မဟုတ် ၅ ခု၌လည်းကောင်း ကြီးစိုးသွားသည်။ မစ္စတာ ဆာကိုဇီက မိမိ၏ ပါတီဝင်အောက်ခြေအဆင့်များအဖို့ နားလည်လက်ခံရန် လိုအပ်နေသေးသော အောင်ပွဲတစ်ရပ်ဟု ဆိုလိုက်သည်။ လက်ဝဲသမားတို့၏ ဘက်ပြောင်းမှုမပါဝင်လျှင် FN အားရှုံးနိုင်ချေရှိသော ဒေသသုံးခုတွင် အနိုင်ရလာမှုကို ဆိုလိုသည်။
    ယမန်နှစ်မှစ၍ ကိုယ်ပိုင်အစိုးရအုပ်ချုပ်ရေးပေးရန် ကြိုးစားနေသော နယ်ပယ်ကြီး ၁၂ ခုအတွင်း ရွေးကောက်ပွဲမှာ အကြိတ်အနယ်ဖြစ်ခဲ့သည်။ တနင်္ဂနွေနေ့က Corsica ဒေသ၌လည်းကောင်း၊ ပြည်ပရှိ ပြင်သစ်အစိုးရဋ္ဌာနများ၌လည်းကောင်း မဲထည့်ခဲ့ကြသည်။
    မာရီနီ လီပင်သည် သူမဖက်ရပ်တည်သည့်လူဦးရေအင်အား တောင့်တင်းနေသေးသော်လည်း ထိုကိန်းဂဏန်းက ၂၀၁၇ ခုနှစ်တွင် သမ္မတလီပင် ဘ၀ရောက်ရန်လိုအပ်သည့် တစ်နိုင်ငံလုံး၏မဲအများစု ၅၀ ရာခိုင်နှုန်းရရန်အထိတော့ ဝေးကွာလွန်းလှသည်။
    FN ပါတီသည် အငယ်စား၊ အလတ်စားမြို့လက်တစ်ဆုပ်စာထက် ကြီးမားကျယ်ပြန့်သော မဲဆန္ဒနယ်ကြီးတစ်ရပ်မှာပင် အနိုင်ရရန် မစွမ်းဆောင်နိုင်ခဲ့။ သို့ဆိုလျှင် ဒေသတစ်ခု၌အနိုင်ရရှိယုံဖြင့် နိုင်ငံကြီးတစ်ခုလုံးကို အဆုံးသတ် အုပ်ချုပ်သွားနိုင်လိမ့်မည်ဟု လူထုက မည်သို့ယုံကြည်လက်ခံရပါတော့မည်နည်း ?
    (The Independent မှ ဖော်ပြသော John Lichfield ၏ France election: Front National fails to win a single region in second round of voting – but Marine Le Pen insists she’s still on course for presidency ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)