News @ M-Media
Blog
  • အမေရိကန် သံအမတ်ကြီးကို ဒုက္ခသည်စခန်းက မွတ်စလင်မ်များမှ ဘာတွေ ဆွေးနွေးခဲ့ကြသလဲ
    အမေရိကန် သံအမတ်ကြီးကို ဒုက္ခသည်စခန်းက မွတ်စလင်မ်များမှ ဘာတွေ ဆွေးနွေးခဲ့ကြသလဲ
    ဒီဇင်ဘာ ၁၈ ၊ ၂၀၁၅
    M-Media
    မောင်မြင့်လှိုင်( CJ) ပေးပို့ပါသည်။
    Derek Mitchell, Washington's special representative to Myanmar, talks during a press conference at Yangon International Airport in Yangon, Myanmar Wednesday, Sept. 14, 2011. (AP Photo/Khin Maung Win)
    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် Derek Mitchell ၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ် သံအမတ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် တို့ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ၁၇.၁၂.၂၀၁၅ ကြာသပတေးနေ့ နံနက် ၉း၀၀ နာရီ အချိန်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ သက္ကယ်ပြင် ဒုက္ခသည် စခန်းသို့ ရောက်လာပြီး မွတ်စလင်မ်  ရပ်မိရပ်ဖ ၇ ဦး နှင့် တွေ့ဆုံပြီး လက်ရှိကြုံတွေ့နေရသောအခက်ခဲနှင့် ရခိုင်လူထုနှင့် အနာဂတ်ပြန်လည်သင့်မြတ်ရေး သဟဇာတဖြစ်မြောက်ရေး နှင့်အတူ ယှဉ်တွဲနေထိုင်ရေးနှင့် ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
    မွတ်စလင်မ် ရပ်မိ ရပ်ဖများမှ ဆွေးနွေး တင်ပြခဲ့သည်မှာ
    ရခိုင်ဒေသမှ မွတ်စလင်မ် များ သွားလာရေး၊ ကျန်းမာရေး၊ ပညာရေး အစစ အရာရာ ပိတ်ပင် ခြင်းခံနေရပြီး အကျဉ်းထောင် အတွင်းနေသလို ဘဝ ခရီး ဖြတ်သန်းနေရကြောင်း၊
    တက္ကသိုလ်ကျောင်းသားများ သည် ၂၀၁၂ ဇွန်လ အရေးအခင်း ဖြစ်ကတည်းကပင် ယနေ့ထိ တက္ကသိုလ် တက်ခွင့်မရသေးကြာင်း၊
    ဒီ သုံးနှစ်တာ ကာလ အတွင်း ဆယ်တန်း အောင်မြင်ခဲ့သော ရိုဟင်ဂျာ မွတ်စလင်မ် ကျောင်းသားများလည်း တက္ကသိုလ် တက်ခွင့်မရဘဲ ပညာရေးနဲ့ ဝေးကွာလျက်ကြောင်း၊
    ကျန်းမာရေး ရှူ့ထောင့်မှကြည့်ရင်လည်း ဒုက္ခသည် စခန်းတွေမှာ ကျန်းမာရေးဌာန မှ ချပေးထားတဲ့ အရေးပေါ်ဆေးခန်းတွေကို တစ်ပတ်မှာ ၃/ ၄ ရက်လောက်သာဖွင့်ပြီး ဆရာဝန်တွေ ပုံမှန်မလာခြင်း၊
    ဆေးဝါး လုံလောက်မှုမရှိခြင်း၊ လိုအပ်သည့်ဆေးဝါးများ မရခြင်း၊ စသည့် အခက်အခဲပေါင်းမြောက်မြားစွာနဲ့ရင်ဆိုင်နေကြောင်း၊
    သွားလာရေး အပိုင်းမှာ ဆိုရင် ဒုက္ခသည် စခန်းမှာပဲပိတ်မိနေရပြီး လွတ်လပ်စွာ သွားလာခွင့်မရကြောင်း၊
    ကမ္ဘာ့ စားနပ်ရက္ခာ ကူညီပံ့ပိုးရေး အဖွဲ့မှ ထောက်ပံ့နေသည့် စားနပ်ရိက္ခာဖြင့် လုံလောက်မှုမရှိဘဲ နေထိုင်စားသောက်နေရကြောင်း၊
    မိမိတို့ ယခင်မူလ နေထိုင်ခဲ့သည့်နေရာတွင် ပြန်လည်နေထိုင်လိုကြပြီး၊ ရခိုင်လူထုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုကြောင်း၊
    ရခိုင်လူထုနှင့် ပြန်လည်သင့်မြတ်ရေး သဟဇာတဖြစ်မြောက်ရေး အတူယှဉ်တွဲနေထိုင်ရေး အပိုင်းတွင် မွတ်စလင်မ်များနှင့် ရခိုင်တိုင်းရင်းသားများကို  မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ပေးစေလိုကြောင်း၊
    နှစ်ဖက်လူထု တွေ့ဆုံမှု မရှိဘဲ တစ်ဖက်နှင့် တစ်ဖက် စကား ကမ်းလှမ်း သယ်ဆောင်ယူလာခြင်းဖြင့် သဟဇာတ ဖြစ်မြောက်ရေး အတူယှဉ်တွဲနေထိုင်ရေး ကိစ္စ အဆင်ပြေမှာ မဟုတ်ကြောင်း ဆွေးနွေး တင်ပြခဲ့တယ်လို့ သိရပါတယ်။
    ကိုယ်စားလှယ်အဖွဲ့သည် ရပ်မိရပ်ဖတွေ ဆွေးနွေး တင် ပြခဲ့သည်ကို မှတ်တမ်းတင်ရေးသားပြီး ၁၀း၃၀ အချိန်တွင် ဆွေးနွေးပွဲ အဆုံးသတ်ပြီး ထွက်ခွာခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူ မွတ်စလင်မ်ရပ်မိရပ်ဖ တစ်ဦးက ပြောပါတယ်။
    အမေရိကန်သံအမတ်ကြီးဟာ ရခိုင်အမျိုးသားပါတီ ANP ထိပ်ပိုင်း ခေါင်းဆောင်အချို့နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေ အကြား နှစ်ဘက်ပြန်လည်သင့်မြတ်နိုင်ရေးကိစ္စရပ်တွေ၊ ပါတီရဲ့ သဘောထား ရပ်တည်ချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ RFA ရဲ့ ဖော်ပြချက်အရသိရပါတယ်။
  • တူရကီတွင် လေကြောင်းရန်ကာကွယ်ရေးစနစ် ထားရှိရန် နေတိုးအဖွဲ့ စီစဉ်
    တူရကီတွင် လေကြောင်းရန်ကာကွယ်ရေးစနစ် ထားရှိရန် နေတိုးအဖွဲ့ စီစဉ်
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    nato
    – ပြီးခဲ့သည့်လက ရုရှားတိုက်လေယာဉ်တစ်စီးကို နယ်စပ်တွင် ပစ်ချခဲ့ပြီးနောက်ပိုင်း ရုရှားနှင့် စကားလုံးတိုက်ပွဲများ ဖြစ်ပွားနေသည့် တူရကီနိုင်ငံတွင် နေတိုးအဖွဲ့က လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ပေးဖို့ထောက်ပံ့ရန် စီစဉ်နေသည်ဟု သိရသည်။
    အဆိုပါစနစ်တွင် ကြားဖြတ်ဟန့်တားနိုင်မည့် မြန်နှုန်းမြင့်တိုက်လေယာဉ်များ၊ လေကြောင်းသတိပေးမှုနှင့် ထိန်းချုပ်မှုများ ပြလုပ်နိုင်မည့် ရေဒါသုံးလေယာဉ်များ၊ ထိန်းချုပ်ရေးသင်္ဘောများ၊ သင်္ဘောဖျက်နှင့် လေယာဉ်ပစ် ဒုံးကျည်များ တပ်ဆင်ထားသည့် ဖရီးဂိတ် စစ်သင်္ဘောများ ပါဝင်မည်ဖြစ်သည်။
    ထိုကဲ့သို့ ပေးပို့ထောက်ပံ့မှု အစီအစဉ်အတွက် ၁၀ လကြာမျှ ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် နေတိုးအဖွဲ့က အတည်ပြုမည်ဟု မျှော်လင့်ရသည်။
    နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်စတိုလ်တန်ဘာ့ဂ်ကမူ ၎င်းအစီအစဉ်သည် တူရကီက ရုရှားဂျက်လေယာဉ်ကို ပစ်ချခဲ့သည့်ကိစ္စနှင့် မပတ်သက်ဟု ပြောကြားခဲ့သည်။ သို့သော် ခိုင်လုံသောသတင်းများအရ အဆိုပါပစ်ချခဲ့မှုကပင် တူရကီအား အထောက်အပံ့များပေးပို့ရန် ဆုံးဖြတ်ခဲ့သည့် အခြေအနေတစ်ခုဖြစ်သည်ဟု ဆိုသည်။
    သုတေသီများက အဆိုပါထောက်ပံ့မှုသည် တူရကီအား ကန့်သတ်ထိန်းချုပ်မှု ပြုလုပ်လိုသည့်အတွက်နှင့် အကာအကွယ်ပေးလိုသည့်အတွက်ပါ ရည်ရွယ်ချက်နှစ်မျိုးဖြစ်နိုင်သည်ဟု ဆိုသည်။
    “ဒါဟာ တူရကီကို မဟာမိတ်ဖြစ်လို့ ထောက်ပံ့ပေးတဲ့ ဟန်ပြသဘောမျိုးဖြစ်ပြီး၊ ပိုပြီး စောင့်ကြည့်ဖို့အတွက် ကြိုးစားတာဖြစ်ပါတယ်” ဟု ဥရောပကာကွယ်ရေးအေဂျင်စီ၏ အကြီးအကဲဟောင်း နစ်က် ၀စ်တနီက ပြောကြားခဲ့သည်။
    တူရကီက ရုရှားဂျက်လေယာဉ်မှာ တူရကီလေကြောင်းပိုင်းနက်အတွင်းသို့ ၀င်ရောက်လာခဲ့သောကြောင့် ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ရုရှားကမူ လေယာဉ်သည် ဆီးရီးယားအစိုးရ၏ တောင်းဆိုမှုအရ IS များကို တိုက်ခိုက်ရန်အတွက် စစ်ဆင်ရေးပြုလုပ်နေစဉ် ဆီးရီးယားလေပိုင်နက်တွင်သာ ရှိနေသည်ဟု တုန့်ပြန်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးမှာ တင်းမာလျက် ရှိနေသည်။
    Ref: PressTV
  • မော်ရင်ဟိုနှင့် ချယ်ဆီးကစားသမားများအကြား မပြေလည်မှုများ သိသိသာသာရှိခဲ့
    မော်ရင်ဟိုနှင့် ချယ်ဆီးကစားသမားများအကြား မပြေလည်မှုများ သိသိသာသာရှိခဲ့
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    morin
    – နည်းပြမော်ရင်ဟိုအား အသင်းမှထုတ်ပယ်ခြင်းမှာ အသင်း၏ အကျိုးစီးပွားအတွက်ဖြစ်သည်ဟု ချယ်ဆီးအသင်း၏ နည်းစနစ်ဒါရိုက်တာဖြစ်သူ မီခေးလ် အီမီနာလိုက ပြောကြားခဲ့ပြီး မော်ရင်ဟိုနှင့် ကစားသများ၏ ဆက်ဆံရေးမှာလည်း
    ကောင်းမွန်ခြင်းမရှိတော့ဟု အတည်ပြုပြောကြားခဲ့သည်။
    မော်ရင်ဟိုမှာ ယမန်နေ့က အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျ၊ အသင်းဒါရိုက်တာများနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံစဉ် ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်။ အီမီနာလိုကမူ မော်ရင်ဟိုနှင့် ကစားသမားများ၏အကြား မကျေလည်မှုမှာ သိသာထင်ရှားလာခဲ့သည်ဟု ၀န်ခံခဲ့ပြီး၊ လွန်ခဲ့သည့် ၇ လက ပရီးမီးယားလိဂ်ဖလားကို ရယူပေးခဲ့သည့် နည်းပြအား
    ထုတ်ပယ်ရန်မှာ မလွယ်ကူဟု ထည့်သွင်းပြောကြားခဲ့သည်။
    “အသင်းအတွက် အများကြီးစွမ်းဆောင်ပေးခဲ့သူတစ်ယောက်အပေါ် အားနာတာမျိုး ရှိနေပေမယ့်လည်း အချက်အလက်တွေက ချယ်ဆီးဟာ ပြဿနာရှိနေတယ်ဆိုတာကို ပြသနေပါတယ်။ ရလဒ်တွေမကောင်းဘူး၊ ကစားသမားနဲ့ နည်းပြကြားမှာလည်း အဆင်မပြေတာတွေ သိသာလာတယ်။ ဒါဟာ တစ်ခုခုလုပ်ရမယ့်အချိန်ပါပဲ။ အသင်းပိုင်ရှင်ကလည်း အသင်းကောင်းတစ်သင်းအတွက် အင်မတန်ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချဖို့ မဖြစ်မနေ လိုအပ်လာတယ်။ မှားတော့ မမှားခဲ့ပါဘူး။ ကမ္ဘာ့အသင်းကြီးတွေထဲက တစ်သင်းဖြစ်တဲ့ ချယ်ဆီးဟာ ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်အထက် ၁ မှတ်ကွာမှာ ရှိနေပါတယ်။ ဒါဟာ သိပ်တော့ မကောင်းပါဘူး”
    Ref: Goal
  • အိန္ဒိယဖုန်းကုမ္ပဏီက ဖုန်းအားလုံးကို ပြည်ထွင်း၌သာ ထုတ်လုပ်နိုင်ရန် စီစဉ်နေ
    အိန္ဒိယဖုန်းကုမ္ပဏီက ဖုန်းအားလုံးကို ပြည်ထွင်း၌သာ ထုတ်လုပ်နိုင်ရန် စီစဉ်နေ
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    – အိန္ဒိယရှိ အီလက်ထရောနစ်ကုမ္ပဏီတစ်ခုဖြစ်သော Micromax မှာ ၂၀၁၈ ခုနှစ်တွင် နိုင်ငံအတွင်း ဖြန့်ဖြူးနေသည့် ဖုန်းအားလုံးကို အိန္ဒိယ၌ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း တွဲဖက်တည်ထောင်သူ ရာဟူးလ် ရှာရ်မာက ပြောကြားခဲ့ပြီး နိုင်ငံအတွင်း ကုန်ကျစားရိတ်များ ပိုမိုသက်သာလာခြင်းကြောင့် တရုတ်နိုင်ငံတွင် ထုတ်လုပ်နေခြင်းမှ ပြည်တွင်းသို့ ပြောင်းလဲခြင်းဖြစ်သည်ဟု ဆိုသည်။
    ၎င်းတို့၏ ဖုန်းထုတ်လုပ်မှု သုံးပုံနှစ်ပုံထက်နည်းသောပမာဏကို လက်ရှိတွင် အိန္ဒိယ၌ တပ်ဆင်ထုတ်လုပ်နေပြီး တရုတ်လုပ်သားစရိတ်များ ကြီးမြင့်လာကာ ပြည်တွင်းရှိ အပိုပစ္စည်းဈေးကွက်မှာ ကြီးထွားလာသည့်အတွက်ကြောင့် ပြည်တွင်း၌သာအပြည့်အ၀ ထုတ်လုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
    “နောက်ထပ် ၂၄ လအတွင်းမှာ ရာနှုန်းပြည့် ဒီမှာပဲ လုပ်ဖြစ်တော့မှာပါ၊ အိန္ဒိယမှာ ဘယ်လိုဂေဟစနစ်တစ်ခုမှ မရှိပါဘူး။ တစ်ဖြည်းဖြည်းနဲ့ ကျွန်တော်တို့ဟာ မျက်စိကျစရာနေရာ ဖြစ်လာပါတယ်။ လုပ်သားစရိတ်အနေနဲ့ ပြောမယ်ဆိုလည်း အိန္ဒိယဟာ တရုတ်ထက် အများကြီး ဈေးပေါပါတယ်” ဟု ရာဟူးလ်က အင်တာဗျုးတစ်ခုတွင် ဖြေကြားခဲ့သည်။
    ၂၀၀၈ မှစ၍ ဈေးသက်သာသော စမတ်ဖုန်းများ ရောင်းချသည့် Micromax ၏ လုပ်ငန်းမှာ အလျင်အမြန်ပင် ကြီးထွားလားခဲ့ကာ အိန္ဒိယ၌ စက်ရုံသစ်များတည်ဆောက်ရန်အတွက် ရူပီး သန်း ၃ ထောင်ကို ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။ ထို့သို့ဆောင်ရွက်ခြင်းမှာမှာ တရုတ်နိုင်ငံအား မှီခိုနေရခြင်းကို လျော့ချရန်လည်း ဖြစ်သည်။
    Micromax မှာ အိန္ဒိယတွင် တောင်ကိုးရီးယား၏ ဆမ်ဆောင်းပြီးနောက် ဒုတိယအကြီးဆုံး စမတ်ဖုန်းရောင်းချသည့် ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်ကို ပိုင်ဆိုင်ထားသည်။
    ကုမ္ပဏီ၏ နောက်ဆုံးထုတ် YU စမတ်ဖုန်းကို ယမန်နေ့က မိတ်ဆက်ပြသခဲ့ပြီး ကမ္ဘာ့စွမ်းဆောင်ရည်အမြင့်ဆုံး စမတ်ဖုန်းဟု ကျွေးကြော်ထားသည်။ YUTOPIA တံဆိပ် စမတ်ဖုန်းကိုမူ အိန္ဒိယရှိ ၀င်ငွေကောင်းသူများကို ရည်ရွယ်ထုတ်လုပ်ခဲ့သည်။
    Ref: Channelnewsasia
  • တရုတ်က သတိပေးသော်လည်း တောင်တရုတ်ပင်လယ်တွင် ထောက်လှမ်းရေးပျံသန်းမှုများ သြဇီဆက်လုပ်မည်
    တရုတ်က သတိပေးသော်လည်း တောင်တရုတ်ပင်လယ်တွင် ထောက်လှမ်းရေးပျံသန်းမှုများ သြဇီဆက်လုပ်မည်
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    – တရုတ်နှင့် အိမ်နီးချင်းနိုင်ငံအချို့ကြား ပိုင်နက်အငြင်းပွားမှုများ ရှိနေသည့် တောင်တရုတ်ပင်လယ်တွင် ထောက်လှမ်းရေးယာဉ်များ ပျံသန်းခြင်အား ရုတ်သိမ်းပေးရန် တရုတ်၏ဖိအားပေးမှုကို လိုက်လျောမည်မဟုတ်ဟု သြစတေးလျကာကွယ်ရေးဝန်ကြီး မာရိုက်စ် ပေနီက ယမန်နေ့တွင် ပြောကြားလိုက်သည်။
    နှစ်စဉ်သင်္ဘောကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ငါးထရီလီယံကျော်ရှိသော တောင်တရုတ်ပင်လယ်မှ နေရာအများစုကို တရုတ်က ၎င်းတို့ပိုင်ဆိုင်ကြောင်း ကြေငြာထားပြီး ဗီယက်နမ်၊ မလေးရှား၊ ဘရူးနိုင်း၊ ဖိလစ်ပိုင်နှင့် ထိုင်ဝမ်တို့သည်လည်း တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်းအချို့ကို တောင်းဆိုထားမှုများ ရှိနေသည်။
    ဂြိုဟ်တုဓာတ်ပုံများအရ တရုတ်သည် အဆိုပါပိုင်နက်များအနက်မှ တစ်ခုတွင် မီတာ ၃၀၀၀ ကျော် ရှည်လျားသည့် လေယာဉ်ပြေးလမ်းတစ်ခု အပါအ၀င် စပရက်တလေကျွန်းများရှိ သန္တာကျောက်တန်းများအပေါ်တွင် လူလုပ်ကျွန်းပေါင်း ခုနှစ်ခုကိုလည်း တည်ဆောက်လျက်ရှိသည်။
    ဤကဲ့သို့လုပ်ဆောင်မှုများက ပိုက်နက်တောင်းဆိုထားသည့် နိုင်ငံများအကြား တင်းမာမှုများကို မီးလောင်ရာလေပင့်သကဲ့သို့ ရှိနေသည်။ အောက်တိုဘာလတွင် အမေရိကန် ပဲ့ထိန်းဒုံးကျည်ဖျက် စစ်သင်္ဘောတစ်စီးမှာ တရုတ်၏လူလုပ်ကျွန်းတစ်ခုအနီး ချဉ်းကပ်လာခြင်းကြောင့် တရုတ်မှ ပြင်းထန်စွာ ပြစ်တင်ပြောဆိုခဲ့သည်။
    တရုတ်နိုင်ငံပိုင်သတင်းစာတစ်စောင်ဖြစ်သည့် ဂလိုဘယ်တိုင်းမ်သတင်းစာက အငြင်းပွားနေသည့် နေရာများရှိ လေပိုင်နက်ထဲသို့ သြစတေးလျက ၀င်ရောက်မှုအတွက် သတိပြုရန် ပြောကြားခဲ့ပြီထပ်မံပြုလုပ်မည်ဆိုပါက စစ်ရေးဖြင့် တုန့်ပြန်သွားမည်ဟု သတိပေးခဲ့သည်။
    “သြစတေးလျစစ်လေယာဉ်တွေဟာ တောင်တရုတ်ပင်လယ်မှာ ပျံသန်းပြီး ၀င်ရောက်စွက်ဖက်တာမျိုး မလုပ်တာ ပိုကောင်းပါလိမ့်မယ်၊ အထူးသဖြင့် တရုတ်ရဲ့ ကျွန်းစုတွေအနီးကို ကပ်ပြီး ပျံသန်းခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ သည်းခံနိုင်မှုကို မစမ်းသပ်မိဖို့တော့ လိုပါတယ်။ လူတိုင်းက သတိထားစောင့်ကြည့်နေပါတယ်၊ တစ်နေ့ မိုးပေါ်ကပျက်ကျလာမယ့် လေယာဉ်တစ်စီးဟာ သြစတေးလျလေယာဉ် ဖြစ်မယ်ဆိုရင်တော့ ရှက်စရာပါပဲ” ဟု သတင်းစာတွင် ဖော်ပြခဲ့သည်။
    Ref : Reuters