News @ M-Media

Blog

  • အာဖရိကန်ကျောင်းသား၏ အသားအရောင်အား နောက်ပြောင်မှုအတွက် တောင်ကိုရီးယားသမ္မတလောင်း ပြန်လည်တောင်းပန်

    အာဖရိကန်ကျောင်းသား၏ အသားအရောင်အား နောက်ပြောင်မှုအတွက် တောင်ကိုရီးယားသမ္မတလောင်း ပြန်လည်တောင်းပန်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    kim

    – တောင်ကိုရီးယား၏ နောက်ထပ်သမ္မတဖြစ်မည်ဟု ရေပန်းစားနေသည့် ကင်မ်မူဆန်က အာဖရိက ကျောင်းသားတစ်ဦးအား အသားအရောင်အရ လှောင်ပြောင်ပြောဆိုခဲ့မှုအတွက် ပြန်လည်တောင်းပန်ခဲ့သည်ဟု သိရသည်။

    ကင်မ်မူဆန်မှာ အာဏာရ ကွန်ဆာဗေးတစ်ပါတီ Saenuri ၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု ရေပန်းစားနေသူလည်း ဖြစ်သည်။ ၎င်းမှာ သောကြာနေ့မနက်ပိုင်းက ဆိုးလ်မြို့ရှိ ချို့တဲ့သူများအား ကူညီသည့် အခမ်းနားတစ်ခုတွင် အာဖရိကကျောင်းသားတစ်ဦး၏ အသားအား မီးသွေးနှင့်တူသည်ဟု အရွှန်းဖောက်ပြောဆိုခဲ့ခြင်းဖြစ်သည်။

    ထိုသို့ပြောကြားမှုကြောင့် ကင်မ်မူဆန်မှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ရှုတ်ချခြင်း ခံခဲ့ရပြီးနောက် ယခုကဲ့သို့ ပြန်လည်တောင်းပန်ခဲ့ခြင်းဖြစ်သည်။

    “ဒီလိုနည်းလမ်းမျိုးနဲ့ ရင်းနှီးမှုကို ပြသတာဟာ တစ်ဦးတစ်ယောက်ကို နာကျင်ခံစားရလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ပါဘူး။ ကျွန်တော် အနူးအညွတ်တောင်းပန်ပြီး အဲဒီအတွက်လည်း ဆင်ခြေမပေးချင်ပါဘူး။ ကျွန်တော် ကျွန်တော် စိတ်ရောကိုယ်ပါ တောင်းပန်ပါတယ်” ဟု ယမန်နေ့က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားတောင်းပန်ခဲ့သည်။

    အဆိုပါ အကူအညီပေးရေး အခမ်းအနားတွင် နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကျောင်းသား ၄၀ ခန့်နှင့် Saenuri ပါတီမှ လူငယ်အဖွဲ့ဝင် ၅၀ လည်း တက်ရောက်ခဲ့သည်။

    “မင်းရဲ့မျက်နှာက မီးသွေးခဲနဲ့တူတယ်” ဟု အသက် ၆၄ နှစ်ရှိ ကင်မ်မူဆန်က နိုက်ဂျီရီးယား ကျောင်းသား ဘာဘာလိုလာ ဂျိုရှူဝါ အဒီကူနီအား ရယ်မော၍ ပြောဆိုခဲ့သည်။ အဒီကူနီကမူ ထိုကိစ္စအတွက် အပြစ်မတင်ဟု ဆိုသည်။

    “ဒါကို ကျွန်တော်က တစ်ခြားအဓိပ္ပါယ် မကောက်ပါဘူး။ သူက နောက်တာပါ။ ရယ်ရယ်မောမောနဲ့ ပြောဆိုခဲ့တာပါ။ ကျွန်တော်က လူမည်းပဲ။ ဒါက ရှက်စရာမှမဟုတ်တာ” ဟု Focus News သို့ အဒီကူနီက ပြောကြားခဲ့သည်။

    ကင်မ်က ၎င်းအား တောင်းပန်သင့်လားဟု မေးမြန်းရာတွင် ၎င်းက “ကိစ္စမရှိပါဘူး” ဟု ကိုရီးယားဘာသာစကားဖြင့် ပြန်လည်ဖြေကြားခဲ့သည်။ ၎င်းမှာ တောင်ကိုရီးယားအစိုးရ၏ ပညာသင်ဆု အစီအစဉ်ဖြင့် ဆိုးလ်ရှိ တက္ကသိုလ်တစ်ခုတွင် ပညာသင်ကြားနေသူဖြစ်သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းတွင် အင်ဒိုနီးရှားက ကောင်စစ်ဝန်ရုံးဖွင့်မည်

    ပါလက်စတိုင်းတွင် အင်ဒိုနီးရှားက ကောင်စစ်ဝန်ရုံးဖွင့်မည်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    pales

    – ၂၀၁၆ အစောပိုင်းတွင် ရာမာလာမြို့တော်၌ ကောင်စစ်ဝန်ရုံး တရားဝင်ဖွင့်လှစ်ရန် စီစဉ်နေပြီး အင်ဒိုနီးရှားနှင့်
    ပါလက်စတိုင်းတို့အကြား သံတမန်ဆက်ဆံရေးအတွက် ကဏ္ဍသစ်တစ်ရပ် ဖြစ်လာရန် မျှော်လင့်ထားသည်ဟု
    အင်ဒိုနီးရှား နိုင်ငံခြားရေးရာဌာနက ပြောကြားလိုက်သည်။

    “ပိုမိုကောင်းမွန်တဲ့ ခြေလှမ်းတစ်လှမ်းကို ကျွန်မတို့ လှမ်းလိုက်တာပါပဲ” ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီက ဂျာကာတာတွင် ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး အလ်မာလီကီနှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့သည်။

    အလ်မာလီကီက ပါလက်စတိုင်းအား အထူးသဖြင့် ခက်ခဲသော အခြေအနေများကြားတွင် အသက်ရှင် ရပ်တည်နိုင်စေရန် အမြဲတမ်း ကူညီခဲ့သည့်အတွက် အင်ဒိုနီးရှားကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    “ကျွန်တော်တို့က အနာဂတ်အတွက် နိုင်ငံတော်ကို တည်ဆောက်ချင်ပါတယ်၊ ဒါဟာ ကျွန်တော်တို့ဘာကြောင့် အင်ဒိုနီးရှားနဲ့ ပူးပေါင်းဆောင်ရွက်ရသလဲ ဆိုတာပါပဲ။ လာမယ့်နှစ် ရာမာလာမှာ အင်ဒိုနီးရှား ကောင်စစ်ဝန်ရုံး ဖွင့်လှစ်မယ့်အတွက် ကျွန်တော် အရမ်းကျေနပ်မိပါတယ်” ဟု အလ်မာလီကီက ပြောဆိုခဲ့သည်။

    မာဆူဒီက ရာမာလာတွင် ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ခြင်းသည် ပါလက်စတိုင်း၌ အင်ဒိုနီးရှားနိုင်ငံ၏ တည်ရှိမှုကို တိုးမြှင့်ရုံသာမကဘဲ ပါလက်စတိုင်းနှင့် ဆက်ဆံရေးကို နက်ရှိုင်းစေရန်လည်း ရည်ရွယ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်မတို့ဟာ ပါလက်စတိုင်းပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံလိုပါတယ်။ အဲဒီအတွက် ရာမာလာမြို့မှာ နောက်နှစ်အစောပိုင်းလောက် ကောင်စစ်ဝန်ရုံးတစ်ခု ဖွင့်လှစ်သွားဖို့ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ပါတယ်၊ ဒါဟာ ရာမာလာမှာ အင်ဒိုနီးရှားသံတမန်တွေကို တိုးမြှင့်သွားဖို့ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်၊ ကျွန်မတို့ရဲ့တည်ရှိမှုဟာ နိုင်ငံရေးနဲ့ နည်းပညာအကူအညီတွေကို ကျော်လွန်ထောက်ပံ့သွားဖို့ ၀န်ခံကတိပြုလိုက်တာပါပဲ” ဟု မာဆူဒီက ပြောကြားခဲ့သည်။

    ပါလက်စတိုင်းအပေါ် သစ္စာရှိထောက်ခံသူအဖြစ် ကုလသမဂ္ဂ ပါလက်စတိုင်းပြည်သူများ ရပိုင်ခွင့်ဆိုင်ရာကော်မတီက ဂျေရုဆလင်တွင် ပြုလုပ်သည့် နိုင်ငံတာ ညီလာခံတစ်ခုကိုလည်း အင်ဒိုနီးရှားက အိုအိုင်စီနှင့် ပူးပေါင်းက တာဝန်ယူ ကျင်းပပေးခဲ့သည်။

    Ref: IINA

  • ခြေစွမ်းကောင်းရန် အသင်းတွင် ပြဿနာဖန်တီးခဲ့ရသည်ဟု နယူးကာဆယ်နည်းပြပြော

    ခြေစွမ်းကောင်းရန် အသင်းတွင် ပြဿနာဖန်တီးခဲ့ရသည်ဟု နယူးကာဆယ်နည်းပြပြော

    ဒီဇင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    new

    – မိမိမှာ အ၀တ်လဲခန်းတွင် အသင်းသားများအား ပဋိပက္ခဖန်တီးပေးခဲ့ပြီး ထိုသို့ဆောင်ရွက်ခြင်းက ပရီးမီးယားလိဂ်တွင် ရလဒ်ကောင်းများရရှိခြင်း၏ အဓိကသော့ချက်ဖြစ်သည်ဟု နယူးကာဆယ်နည်းပြ စတီဗ် မက္ကလာရင်က ပြောကြားလိုက်သည်။

    ရာသီအစကတည်းက ခြေစွမ်းပျက်ခဲ့ပြီး ဇယားအောက်သို့ရောက်ရှိခဲ့သည့် နယူးကာဆယ်မှာ ပြီးခဲ့သည့် နှစ်ပွဲတွင် လီဗာပူးလ်၊ စပါးတို့အား ဆက်တိုက်အနိုင်ယူကာ အဆင့် ၁၅ သို့ ပြန်လည်တက်ရောက်လာနိုင်ခဲ့သည်။

    “တစ်ခါတစ်လေမှာ ပြဿနာနည်းနည်းလောက် ဖန်တီးပေးရပါတယ်။ ပြဿနာနည်းနည်းလောက်ပါ။ အဓိက ကိစ္စတွေက ကျွန်တော်တို့ပေးတဲ့ သတင်းစကားတွေ လျော်ကန်ဖို့ပါ။ ကျွန်တော်တို့နိုင်တဲ့အခါ၊ ရှုံးတဲ့အခါ၊ သရေကျတဲ့အခါ အဲဒါကို ဆန်းစစ်ပြီး သုံးသပ်ပါတယ်။ မှန်ခဲ့တယ်။ ဒါမှမဟုတ် မှားခဲ့တယ်လို့ ကျွန်တော်တို့ ပြောရတယ်။ နောက်တစ်ပွဲအတွက် အမှားကို မှန်ကန်အောင်လုပ်ရပါတယ်။ လုပ်ငန်းစဉ်ကတော့ အတူတူပါပဲ။ ဒါပေမယ့် အပြောထက်၊ လက်တွေ့က ခက်ပါတယ်” ဟု မက္ကလာရင်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal

  • ကိုရီးယား မွတ်စလင်တွေ ISIS အဖွဲ့ကို ဘယ်လိုမြင်လဲ – ကိုရီးယားမွတ်စလင် အပိုင်း (၂)

    ကိုရီးယား မွတ်စလင်တွေ ISIS အဖွဲ့ကို ဘယ်လိုမြင်လဲ – ကိုရီးယားမွတ်စလင် အပိုင်း (၂)

    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    မြတ်ဇော် တင်ဆက်သည်။

    Koera Muslim and ISIS

    ဆိုးလ်မြို့ ဗဟို ဗလီဝတ်ကျောင်းတော်မှာရိုက်ကူးတဲ့ ကိုရီးယားမွတ်စလင်တွေရဲ့ ISIS တွေအပေါ်သဘောထားကိုစာတမ်းထိုးဖော်ပြပေးလိုက်ပါတယ်။

    နောက် ဒီမေးခွန်းတစ်ခုကတော့ မေးရရင် နည်းနည်းတော့ မရိုမသေဖြစ်မလား မသိဘူး ….

    မွတ်စလင်တစ်ယောက်အနေနဲ့ ISIS / အကြမ်းဖက်သမားတွေကို ဘယ်လိုမြင်လဲ …

    ဘာမှမဖြစ်ပါဘူး ….

    မေးရမယ့် မေးခွန်းကောင်းပဲ

    ပြောပြမယ် …

    ဖြစ်နိုင်ရင် ရှိသမျှ ကျိန်ဆိုပြောလို့ရတဲ့စကားလုံးတွေသုံးပြီးတောင်ပြောပြချင်တယ် …

    ISIS နဲ့ပတ်သတ်တဲ့ ကိုရီးယားမွတ်စလင်တွေရဲ့ ခံစားချက်ကို

    တကယ်တော့သူတို့ဟာ တို့ယုံကြည်တဲ့ဘာသာတရားကို လွန်ကျူးစော်ကားနေတာ

    ကြာခဲ့ပြီ … အမေရိကန်မှာ K.K.K (ကေသုံးလုံး) အဖွဲ့ဆိုတာရှိခဲ့တယ်၊ ခုလည်းရှိနေတုန်းပဲ

    သူတို့က လူဖြူတွေဟာတခြားသူတွေထက်မြင့်မြတ်သာလွန်တဲ့ဝါဒကို ယုံကြည်ကြတယ် …

    နောက်ပြီးတော့ အပြစ်မဲ့တဲ့ အခြားအသားရောင်အမျိုးမျိုးရှိတဲ့သူတွေကို သတ်ဖြတ်ခဲ့ကြတယ်။

    K.K.K (ကေသုံးလုံး) အဖွဲ့ဟာ ဘာသာရေးအခြေခံတဲ့ ခရိယာန် အကြမ်းဖက်ဝါဒပုံစံမျိုး

    ဒါပေမယ့် ဒီအဖွဲ့ဟာ ခရိယာန်အားလုံးကို ကိုယ်စားမပြုဘူး

    ခရိယာန် နဲ့ K.K.K (ကေသုံးလုံး) အဖွဲ့ဟာ သီးခြားစီပဲ

    အခုလည်း အလားတူ ဒီအတိုင်းပဲ

    အစ္စလာမ်ဟာ ISIS နဲ့ တစ်မျိုးတစ်ဘာသာစီဖြစ်တယ်

    ကိုရန်ကျမ်းစာ အခန်းကြီး (၅) အခန်းငယ် (၃၂) မှာ ဒီလိုပြောထားတယ်

    “မည်သူမဆို အပြစ်မရှိသောလူသားတစ်ဦးအား သတ်ဖြတ်သည်ရှိသော် ထိုသူသည် လူသားထုတစ်ရပ်လုံးအား သတ်ဖြတ်သူမည်၏။”

    နောက်တစ်ခါ “မည်သူမဆို လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်မယ်ဆိုရင် သူဟာ လူသားထုတစ်ရပ်လုံးကို ကယ်တင်သကဲ့သို့ရှိလိမ့်မယ်” လို့ ကိုရန်ကျမ်းက ဆိုထားတယ်။

    ကိုရ်အာန်ကျမ်းစာသွန်သင်ချက်နဲ့စဉ်းစားကြည့်ရင် ISIS တွေဟာ ဒီသွန်သင်မှုရဲ့ဆန့်ကျင်ဖက်တွေကိုလုပ်ဆောင်နေတယ်

    အပြစ်မဲ့တဲ့ အရပ်သားအမြောက်အမြားကို သတ်ဖြတ်နေတယ်

    ဘာရည်ရွယ်ချက် ရည်မှန်းချက်မှမရှိဘဲနဲ့

    သူတို့မှာ ရည်ရွယ်ချက်တစ်ခုခု မရှိနိုင်ဘူးလား …?

    သူတို့ကိုယ်သူတို့ကတော့ အစ္စလာမ့် တိုင်းပြည်တည်ထောင်နေတာလို့ပြောနေတယ် ..

    ဘယ်သူဟာ သူတို့ကို ဆန့်ကျင်မလဲ ဒါမှမဟုတ် တားဆီးမလဲ

    ဘုရားနာမည်တပြီး သုတ်သင်တာကို လုပ်လိမ့်မယ်

    အဲ့ဒါက ဘယ်လိုမှအဓိပ္ပာယ်မရှိဘူး …..

    သူတို့က သူတို့မြင်ချင်တဲ့အတိုင်းမြင်တယ် .. သူတို့လုပ်ချင်တာကိုလုပ်တယ်

    ဒါဆို သူတို့က ဘာသာတရား နဲ့ ဘုရား ကို အသုံးချနေတာပေါ့ …?

    သူတို့လုပ်ချင်တာဘာမဆို လုပ်ဖို့အတွက် ဆင်ခြေအဖြစ်နဲ့

    ဟုတ်တယ်။ သူတို့ဟာ သူတို့လုပ်ချင်တာလုပ်ဖို့အတွက် တရားဝင်အကြောင်းပြချက်ရှာနေတာ

    ဘာသာတရားနဲ့ ဘုရား ကို တလွဲအသုံးချပြီးတော့

    ပြင်သစ် နိုင်ငံ ပဲရစ်မှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်ရဲ့ သံသယဖြစ်ခံရတဲ့သူကိုကြည့်ရင်

    သံသယဖြစ်ခံရတဲ့သူ မိသားစုကိုယ်တိုင်သက်သေခံတာက …

    “တစ်ခါတစ်လေမှာ သားကို ပုံမှန်မဟုတ်တဲ့ စိတ်ဝေဒနာရှင်လို့တောင် ထင်ခဲ့တယ် …။”

    သူ့မိသားစုကိုယ်တိုင်က သူဟာပုံမှန်မဟုတ်တဲ့အထဲပါတယ်လို့ပြောတယ်။

    ဒါမှမဟုတ်ရင်လည်း သူဟာ မွတ်စလင် ပီသတဲ့ မွတ်စလင်ကောင်းတစ်ယောက်တော့ မဟုတ်ဘူး

    သူဟာ ဗလီကိုလည်းသွားလေ့မရှိဘူး … ကိုရန် ကျမ်းစာလည်း မဖတ်ဘူး

    နောက်တစ်ခါ အသေခံဗုံးခွဲတဲ့အမျိုးသမီးနဲ့ပတ်သတ်လို့

    သူဆိုရင် အစ္စလာမ်ဘာသာတရားနဲ့ဆန့်ကျင်တာတွေတောင်လုပ်နေခဲ့တာ …

    အပျော်အပါးကလပ်သွားလိုက် အရက်သောက်လိုက်နဲ့

    သူ့ရဲ့ ကိုယ်ကျင့်တရားက နဂိုကတည်းက ပျက်စီးနေတာ

    ထပ်ပြောရရင် သူဟာလုံးဝ ခေါင်းဆောင်းပါဝါဆောင်းတတ်တဲ့သူလည်းမဟုတ်ဘူး …

    မွတ်စလင်တွေအားလုံးဟာ ဆော်ဒီအာရေးဘီးယားနိုင်ငံ မက္ကာမြို့တော်ရှိရာဘက်ကို ဦးတည်ပြီး ဝတ်ပြုကြတယ်

    ဒါပေမယ့် ISIS တွေဆီက ထွက်လာတဲ့ ဗီဒီယိုတွေထဲမှာ ကြည့်ရင်

    အဲ့ဒီထဲကလူတွေဟာ မက္ကာဘက်ကို ဦးတည်ပြီး ဝတ်မပြုကြဘဲနဲ့

    တစ်ယောက်တစ်မျိုးစီ ဘက်ပေါင်းစုံ ဦးတည်ဝတ်ပြုနေကြတယ်

    သူတို့အားလုံးနေရာတစ်ခုတည်းမှာ ရှိနေတာတောင်မှ

    ဒါဘာကိုဆိုလိုသလဲဆိုတော့ သူတို့ဟာ အစ္စလာမ်အကြောင်းကောင်းကောင်းမသိကြဘူး …

    ISIS တွေရူးနှမ်းနေတဲ့ အကြောင်းအရင်းက အစ္စလာမ်ဘာသာ မဟုတ်ဘူး

    အဲ့ဒါဟာ အကြမ်းဖက်ဝါဒ ပဲ

    သူတို့ဟာ ဒီလိုစက်ဆုပ်ဖွယ်ရာတွေလုပ်ဆောင်ရင် ဆုလာဘ် ရမယ်အောင့်မေ့နေတယ်

    သူတို့ဟာ အဲ့ဒီလုပ်ဆောင်မှုတွေမှာလည်း စိတ်ကြိုက်တွေ့နေတယ်

    ဒါဆို ISIS တွေ ယုံကြည်ကိုးကွယ်နေတာက အစ္စလာမ်ဘာသာကို မဟုတ်ဘဲ အကြမ်းဖက်ဝါဒကို ယုံကြည်ကိုးကွယ်နေတာပေါ့

    အကြမ်းဖက်ဝါဒက သူတို့ကိုးကွယ်တဲ့ဘာသာတရားဖြစ်လာတာပေါ့ … ဒီလိုထင်တယ်

    ဟုတ်တယ် …

    အပိုင်း(၁)- ကြည့်ရန်
    ———————–
    ကိုရီးယားမွတ်စလင်တစ်ယောက်ဖြစ်ရတာဘယ်လိုနေလဲ?
    http://www.m-mediagroup.com/news/49865

  • မြန်မာပြည်တွင်း ဆူပူလှုံ့ဆော် သူတွေကို ထောက်ပံ့ခြင်းမပြုဖို့ ကန် လွှတ်တော်ပြဌာန်း

    မြန်မာပြည်တွင်း ဆူပူလှုံ့ဆော် သူတွေကို ထောက်ပံ့ခြင်းမပြုဖို့ ကန် လွှတ်တော်ပြဌာန်း

    ဒီဇင်ဘာ ၁၉ ၊ ၂၀၁၅
    image
    အမေရိကန်လွတ်တော်နှစ်ရပ်လုံးက မနေ့က မဲခွဲထောက်ခံအတည်ပြုလိုက်တဲ့ ၂ဝ၁၆ ခုနှစ်အတွက် သုံးစွဲငွေ ဥပဒေမူကြမ်းမှာ မြန်မာနိုင်ငံအတွင်း လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် သွေး ထိုးလှုံ့ဆော်တဲ့ အဖွဲ့အစည်းတွေကိုဖြစ်စေ၊ တသီးပုဂ္ဂလတွေကိုဖြစ်စေ အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဏာငွေနဲ့ တစုံတရာ ကူညီထောက်ပံ့ခြင်း မရှိစေရလို့ ပြဌာန်းထားပါတယ်။

    ဒါ့အပြင် အဲ့ဒီကိစ္စနဲ့စပ်လျဉ်းပြီး ဆုံးဖြတ်လုပ်ကိုင်ရာမှာ  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မစိုးရိမ်တိုက် ဆရာတော် အရှင်ဝီရသူကို လေ့လာသုံးသပ်ဖို့လည်း အတိအကျထည့်သွင်း ညွှန်ကြား ထားတယ်လို့ဆိုပါတယ်။

    လာမယ့် စက်တင်ဘာလကုန်အထိ အကျုံးဝင်တဲ့ အဲ့ဒီ ၂ဝ၁၆ ခုနှစ် နိုင်ငံတော်သုံးစွဲငွေ ဥပဒေမူကြမ်းမှာ သမ္မတ အိုဘားမား အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ အရှေ့အလယ်ပိုင်းဒေသက ခရစ်ယာန် ဘာသာဝင်တွေ ညင်းပန်းနှိပ်စက်ခံနေရတာတွေကို အရေးယူဆောင်ရွက်ဖို့ တောင်းဆိုပြဌာန်းထားတဲ့ အတွက်  ကျေနပ်အားရမိတယ်လို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ Ed Royce က ကြေညာချက်တစောင် မနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

    အဲ့ဒီ ဥပဒေမူကြမ်းအရ အမေရိကန်အစိုးရဟာ အခုဘဏ္ဏာရေးနှစ်အတွက် ငွေ သန်းပေါင်း ဘီလီယံ တစ်ထောင့် တစ်ရာခန့် သုံးစွဲခွင့်ရရှိမှာဖြစ်ပါတယ်။ လွှတ်တော်နှစ်ရပ်လုံးက မူကြမ်းကို အခု အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် သမ္မတ အိုဘားမားလက်မှတ်ထိုးပြီးရင် ဥပဒေဖြစ်လာပါလိမ့်မယ်။ အစွန်းရောက်မွတ်စလင်တွေ နှိမ်နှင်းရေးနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စတွေအတွက် ငွေကြေးပိုမိုသုံးစွဲဖို့နဲ့ နှစ် ၄ဝ ကြာပိတ်ပင်ထားတဲ့ ပြည်ပရေနံ တင်ပို့ခွင့် ပြန်လည်ခွင့်ပြမှု စသဖြင့် စာမျက်နှာ နှစ်ထောင်ကျော် ပါဝင်တဲ့ အဲ့ဒီမူကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက အခုလို အချိန်ယူဆွေးနွေးပြီး အတည်ပြုနိုင်ခဲ့တဲ့အတွက် သမ္မတ အိုဘားမားက လွှတ်တော်ခေါင်းဆောင်တွေကို တယ်လီဖုန်းဆက်ပြီး ချီးကျူးစကား ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

    RFA မှ တဆင့် ကူးယူဖော်ပြသည်။
    ဓါတ်ပုံ-အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အဦး။

    http://www.rfa.org/burmese/news/us-parliament-12182015211327.html