News @ M-Media

Blog

  • မြောက်ကိုရီးယားသို့ လက်နက်မှောင်ခိုပို့ရန် စင်ကာပူသင်္ဘောကုမ္ပဏီ စီစဉ်ပေးခဲ့

    မြောက်ကိုရီးယားသို့ လက်နက်မှောင်ခိုပို့ရန် စင်ကာပူသင်္ဘောကုမ္ပဏီ စီစဉ်ပေးခဲ့

    ဒီဇင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    spore

    – စင်ကာပူနိုင်ငံ မှတ်ပုံတင်ထားသော ချင်ပို ပို့ဆောင်ရေးကုမ္ပဏီ (Chinpo Shipping Company) သည် မြောက်ကိုးရီးယားသို့ လက်နက်များတင်ပို့သည့်လုပ်ရပ်ကို ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသည်ဟု စင်ကာပူတရားရုံးက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ချင်ပိုကုမ္ပဏီမှာ ပနားမား ပို့ဆောင်ရေးအေးဂျင့်ဖြစ်သူ စီဘီဖန်တွန်နှင့် လက်ထောက်တို့အား ပနားမားတူးမြောင်းမှတဆင့် မြောက်ကိုးရီးယားကုန်တင်သင်္ဘော ချွန်ချွန်ဂန်း ဖြတ်သန်းရန် လမ်းကြောင်းအတွက် ကန်ဒေါ်လာ ၇၂၀၁၆ ဒသမ ၇၆ ပေးဆောင်ခဲ့ရသည်ဟု ဆိုသည်။

    ဤသို့လုပ်ဆောင်ခြင်းဖြင့် ချင်ပိုကုမ္ပဏီမှာ “မြောက်ကိုရီးယား၏ နျူးကလီးယားနှင့်ဆက်စပ်နေသော အစီအစဉ်များ သို့မဟုတ် လှုပ်ရှားမှုများကို အထောက်အကူဖြစ်စေသည်ဟု ယူဆနိုင်သော ဘဏ္ဍာရေးဆိုင်ရာ သို့မဟုတ် ရင်းမြစ်ပိုင်းဆိုင်ရာများကို လွှဲပြောင်းပေးအပ်ခဲ့သည်” ဟု ကုမ္ပဏီအား တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။

    ထိုကိစ္စက နျူကလီးယားစီမံကိန်းများကြောင့် မြောက်ကိုးရီးယားပေါ် ကုန်သွယ်ရေးပိတ်ဆို့မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ခြင်းလည်းဖြစ်သည်။

    ချွန်ချွန်ဂန်းသင်္ဘောမှာ “မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များနှင့် ဆက်စပ်နေသည့် ကုန်သေတ္တာခြောက်လုံး၊ တစ်စစီဖြုတ်ထားသည့် လေယာဉ်နှစ်စီးထည့်ထားသော ကွန်တိန်နာ ၂၅ ခု၊ လေယာဉ်အင်ဂျင် ၁၅ ခု၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည် အစိတ်အပိုင်းများနှင့် လက်နက်ခဲယမ်းများ” စသည်တို့ကို မက်ထရစ်တန်ချိန် ၁၀၅၀၀ တန် ရှိသော သကြားများအောက်တွင် ဖုံးဝှက်၍ သယ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

    ထိုပမာဏမှာ ၂၀၀၆ နှစ်က မြောက်ကိုရီးယားအပေါ် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုများ ချမှတ်သည်ဟု ကုလက ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးနောက်ပိုင်းတွင် မြောက်ကိုရီးယားသို့ လက်နက်နှင့် စက်ဆပ်ပစ္စည်းများ မှောင်ခိုသွားရောက်မှု အမြင့်ဆုံးပမာဏလည်း ဖြစ်သည်။

    တရားသူကြီး ဂျက်စ်ဗန်ဒါရ် ကာအူရ်ကမူ ထိုပို့ဆောင်မှုမှာ မအောင်မြင်ခဲ့သော်လည်း “လက်နက်များ ပို့ဆောင်ရေးကို စီစဉ်မှု မြောက်သည်” ဟု ပြောကြားခဲ့သည်။ စင်ကာပူဥပဒေအရ ဤကဲ့သို့ ဥပဒေချိုးဖောက်သူ မည်သူမဆို ထောင်ဒဏ်ငါးနှစ်နှင့် ဒဏ်ငွေ ဒေါ်လာ ၁၀၀၀၀၀ ထိ ပြစ်ဒဏ်ပေးခံရနိုင်သည်။

    ချင်ပိုကုမ္ပဏီအား စွဲဆိုမှုတွင် မြောက်ကိုရီးယားသို့ လိုင်စင်မဲ့ ငွေလွှဲလုပ်ငန်း ဆောင်ရွက်သည့်အမှုလည်း ပါဝင်ပြီး စုစုပေါင်း ကန်ဒေါ် သန်း ၄၀ သန်းကျော်တန်ဖိုးရှိ ငွေလွှဲပြောင်းမှုပေါင်း ၆၀၅ ကြိမ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    လိုင်စင်မဲ့ငွေလွှဲပြောင်းခဲ့သည့်အတွက် စင်ကာပူဒေါ်လာ တစ်သိန်းထိ ဒဏ်ငွေဆောင်ရနိုင်သည်။ ထိုအမှုအတွက် အမိန့်ချမှတ်ခြင်းကို ၂၀၁၆ ဇန်န၀ါရီ ၂၉ တွင် ပြုလုပ်မည်ဖြစ်သည်။

    Ref: Channelnewsasia

  • ကစားသမားများ သစ္စာဖောက်နေသည်ဟု ခံစားရကြောင်း မော်ရင်ဟိုပြော

    ကစားသမားများ သစ္စာဖောက်နေသည်ဟု ခံစားရကြောင်း မော်ရင်ဟိုပြော

    ဒီဇင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    morin

    – ရလဒ်ဆိုးများနှင့် ကြုံတွေ့နေရပြီး ဖိအားဒဏ်ကို ခံနေရသည့် ချယ်ဆီးနည်းပြ မော်ရင်ဟိုက ကစားသမားများမှာ မိမိအား သစ္စာဖောက်နေသည်ဟု ခံစားရကြောင်း ပြောကြားလိုက်သည်။

    ယနေ့မနက်က လက်စတာအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ချယ်ဆီးမှာ ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် ၉ ပွဲမြောက်အရှုံး ဖြစ်ခဲ့သည်။ လက်ရှိတွင် ချယ်ဆီးမှာ အဆင့် ၁၆ နေရာသို့ ရောက်ရှိနေကာ တန်းဆင်းဇုန်နှင့် ၁ မှတ်သာ ကွာဟတော့သည်။

    “ကျွန်တော်တို့ ၂ ဂိုးပေးလိုက်ရပြီး ဒါဟာ ကျွန်တော့်အတွက် လက်မခံနိုင်စရာပါပဲ။ ကျွန်တော့်ရဲ့ အကောင်းဆုံး စွမ်းရည်တွေထဲက တစ်ခုဟာ ကစားသမားတွေရဲ့စိတ်ကို ဖတ်တာနဲ့ ပြိုင်ဘက်အသင်းရဲ့ အသေးစိတ်အချက်အလက်တိုင်းကို ဖော်ထုတ်တာပါပဲ။ ကျွန်တော့်ရဲ့အလုပ်က သစ္စာဖောက်ခံနေရပြီလို့ ခံစားရပါတယ်။ အကောင်းဆုံးအခြေအနေမရှိတဲ့ ကစားသမားတွေရှိနေတဲ့အခါ ဂိုးတွေသွင်းဖို့ဆိုတာ ခက်ခဲပါတယ်” ဟု မော်ရင်ဟိုက Sky Sports သို့ ပြောကြားခဲ့သည်။

    ချယ်ဆီးမှာ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံဖြစ်သော်လည်း မော်ရင်ဟိုကမူ မိမိတို့အသင်းမှာ ထိပ်ဆုံး ၄ သင်းပင် မ၀င်နိုင်တော့ဟု ၀န်ခံပြောကြားခဲ့သည်။

    Ref: Goal

  • ဖိလစ်ပိုင်တိုင်ဖုန်းကြောင့် လက်ရှိအချိန်အထိ လူ ၃ ဦးသေဆုံး

    ဖိလစ်ပိုင်တိုင်ဖုန်းကြောင့် လက်ရှိအချိန်အထိ လူ ၃ ဦးသေဆုံး

    ဒီဇင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    phili

    – ဖိလစ်ပိုင်တွင် ယမန်နေ့ကတည်းက စတင်ဝင်ရောက်ခဲ့သည့် တိုင်ဖုန်း မီလိုရ်ကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး ဓာတ်အားပြတ်တောက်မှုများလည်း ဖြစ်ပေါ်နေသည်ဟု သိရသည်။

    အင်္ဂါနေ့မနက်ပိုင်းတွင် အဆိုပါတိုင်ဖုန်းမှာ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းသို့ ဦးတည်နေပြီး၊ ပြည်နယ် ၇ ခုတွင် မုန်တိုင်းဒဏ်ကို ခံစားနေရသည်ဟု အမျိုးသား သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီ NDRRMC က ပြောကြားခဲ့သည်။

    လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၇၀ ကီလိုမီတာမှ ၁၈၅ ကီလိုမီတာအထိ ရှိနေပြီး တည်ဖြည်းဖြည်းအားနည်းကာ ယနေ့ညနေပိုင်းတွင် တောင်တရုတ်ပင်လယ်သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ မုန်တိုင်းကြောင့် နိုင်ငံတစ်ဝှမ်းတွင် လေယာဉ်ခရီးစဉ်များကို ရပ်တန့်ရမှုများလည်း ရှိခဲ့သည်။

    ဖိလစ်ပိုင်နိုင်ငံမှာ တစ်နှစ်လျှင် ပျမ်းမှ တိုင်ဖုန်းမုန်တိုင်း ၂၀ ခန့်ဝင်ရောက်သည့် နိုင်ငံဖြစ်ပြီး ထိုတိုင်ဖုန်းများထဲမှ အများစုမှာ ကြောက်မက်ဖွယ်ရာများဖြစ်သည်။ နိုင်ငံမြောက်ပိုင်းရှိ ပြည်နယ်များသို့ အောက်တိုဘာလက ၀င်ရောက်ခဲ့သည့် တိုင်ဖုန်း ကော့ပူမှာ နောက်ဆုံးဖြစ်ပြီး ထိုမုန်တိုင်းကြောင့် လူ ၅၄ ဦးသေဆုံးခဲ့ကာ သိန်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာခဲ့ရသည်။

    Ref: Channelnewsasia

  • ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် မဲခွဲ၊ ပြိုင်ဘက်ဟောင်းများပြန်တွေ့

    ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် မဲခွဲ၊ ပြိုင်ဘက်ဟောင်းများပြန်တွေ့

    ဒီဇင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    cham 1

    – ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေကို မနေ့က နီယွန်မြို့မှာ မဲခွဲခဲ့ပြီး လက်ရှိချန်ပီယံ ဘာစီလိုနာက အာဆင်နယ်နဲ့ တွေ့ဆုံရမှာဖြစ်ကာ ဒုတိယရခဲ့တဲ့ ဂျူဗင်တပ်စ်ကတော့ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။

    ဘာစီလိုနာဟာ အာဆင်နယ်နဲ့ ၂၀၀၆ ချန်ပီယံလိဂ်ဖိုင်နယ်၊ ၂၀၁၀-၁၁ မှာ ၁၆ သင်းအဆင့်နဲ့ ၂၀၀၉-၁၀ မှာ ကွာတားဖိုင်နယ်တို့မှာ သုံးကြိမ်တွေ့ဆုံခဲ့ပြီး သုံးကြိမ်စလုံး ဘာစီလိုနာကသာ အနိုင်ရခဲ့ပါတယ်။ ဘိုင်ယန်ကတော့ ၂၀၁၂-၁၃ က ကွာတားဖိုင်နယ်မှာ ဂျူဗင်တပ်နဲ့တွေ့ဆုံကာ ဖြုတ်ချနိုင်ခဲ့ပြီး အဲဒီနှစ် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

    ချယ်ဆီးကတော့ ပီအက်စ်ဂျီနဲ့ တွေ့ဆုံခဲ့ပြီး ဒါဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ၃ နှစ်ဆက်တိုက် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ၂၀၁၃-၁၄ ကွာတားဖိုင်နယ်မှာ တွေ့တဲ့အချိန် ချယ်ဆီးက နိုင်ခဲ့ပေမယ့် မနှစ်က ၁၆ သင်းအဆင့်မှာတော့ ပီအက်စ်ဂျီက လက်စားပြန်ချေနိုင်ခဲ့ပါတယ်။

    ရီးယဲလ်က ရိုးမားနဲ့တွေ့ခဲ့ပြီး ချန်ပီယံလိဂ်ရှုံးထွက်အဆင့် သူတို့နှစ်သင်းရဲ့ တွေ့ဆုံမှု ၈ ကြိမ်မှာ ရိုးမားက တစ်ကြိမ်သာ အနိုင်ရှိထားပါတယ်။ အက်သလက်တီကိုနဲ့ မန်စီးတီးတို့ကတော့ ပီအက်စ်ဗီ၊ ဒိုနမိုကိဗ်တို့နဲ့ တွေ့ဆုံရမှာကြောင့် နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေပါတယ်။

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့ကို ဖေဖော်ဝါရီ ၁၆၊ ၁၇ နဲ့ ၂၃၊ ၂၄ တို့မှာ ကစားမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ မတ်လ ၈၊ ၉ နဲ့ ၁၅၊ ၁၆ တို့မှာ ကစားမှာဖြစ်ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲကိုတော့ မေလ ၂၈ ရက်နေ့ အီတလီနိုင်ငံ မီလန်မြို့က ဆန်စီရိုကွင်းကြီးမှာ ကစားသွားမှဖြစ်ပါတယ်။

    Ref: UEFA.com

  • အစိုးရစပွန်ဆာ ဟက်ကာများ၏ တိုက်ခိုက်နိုင်ခြေအတွက် အသုံးပြုသူများအား Twitter သတိပေး

    အစိုးရစပွန်ဆာ ဟက်ကာများ၏ တိုက်ခိုက်နိုင်ခြေအတွက် အသုံးပြုသူများအား Twitter သတိပေး

    ဒီဇင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    twitter

    – ဆိုရှယ်ကွန်ယက်တစ်ခုဖြစ်သော Twitter က အစိုးရကျောထောက်နောက်ခံပြုထားသော ဟက်ကာများက
    ၎င်းတို့၏ အကောင့်များထဲမှ အရေးကြီးသော အချက်အလက်များကို ခိုးယူရန် ကြိုးစားနေကြသည်ဟု သုံးစွဲသည်အချို့အား သတိပေးခဲ့သည်။

    Twitter မှာ ပထမဆုံးအကြိမ်အဖြစ် ထိုသတိပေးချက် ထုတ်ပြန်ခြင်းဖြစ်ပြီး ဟက်ကာများမှာ ထိုကဲ့သို့ ဖောက်ထွင်းရန် ကြိုးစားနေကြသော်လည်း ၎င်းတို့ပစ်မှတ်ထားသော အချို့အုပ်စုမှ အချက်အလက်များခိုးယူသွားသည့် အနေအထားမျိုး မရှိသေးကြောင်း ပြောဆိုထားသည်။ တိုက်ခိုက်မှုအကြောင်း သို့မဟုတ် သံသယရှိသူများကို စုံစမ်းစစ်ဆေးမှုများအကြောင်းနှင့် ပတ်သက်၍ Twitter က ထည့်သွင်းပြောကြားခဲ့ခြင်းမရှိချေ။

    ယင်းကဲ့သို့ သတိပေးချက်များထုတ်ပြန်ခဲ့သော နည်းပညာကုမ္ပဏီများအနက်မှ Twitter မှာ နောက်ဆုံးဖြစ်သည်။ Google နှင့် Facebook တို့ကလည်း အစိုးရကျောထောက်နောက်ခံပြုထားသည့် ဟက်ကာများက အကောင့်များအား တိုက်ခိုက်နိုင်ဖွယ်ရှိသည်ဟု သတိပေးချက်များ ယခင်က ထုတ်ပြန်ခဲ့သည်။

    သတိပေးကြေငြာချက်တွင် တိုက်ခိုက်သူများမှာ အီးမေးလ်လိပ်စာများ၊ အင်တာနက်လိပ်စာများ (သို့မဟုတ်) ဖုန်းနံပါတ်များကဲ့သို့သော အချက်အလက်များ ရယူရန် ကြိုးပမ်းနိုင်ဖွယ်ရှိသည်ဟု ပါဝင်သည်။

    Ref: Aljazeera