News @ M-Media

Blog

  • အမျိုးသားရေး အမည်ခံ အုပ်စုများမှ မွတ်စလင်မ် ဆန့်ကျင်ရေး လှုံ့ဆော်မှု ဆက်တိုက်ပြုလုပ်နေ

    အမျိုးသားရေး အမည်ခံ အုပ်စုများမှ မွတ်စလင်မ် ဆန့်ကျင်ရေး လှုံ့ဆော်မှု ဆက်တိုက်ပြုလုပ်နေ

    ဒီဇင်ဘာ ၁၅ ၊ ၂၀၁၅
    M-Media
    မျိုးမင်း စုစည်းတင်ဆက်သည်။

    collage-2015-12-15

    မြန်မာသမိုင်းတွေ မရှိခဲ့ဘူးသည့် လှုပ်ရှားမှု အရှိန်ဖြင့်  မွတ်စလင်မ် ဆန့်ကျင်ရေး  လုပ်ဆောင်မှုများ ၂၀၁၂ ခုနှစ် ဆန်းပိုင်းမှ စတင်ဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲမတိုင်ခင်ကာလနှင့် ရွေးကောက်ပွဲအပြီး ရက်သတ္တပတ် အချိန်တွင် အရှိန်လျော့သွားခဲ့ရာမှ ယခုရက်ပိုင်းအတွင်း အရှိန်အဟုန်ဖြင့် တကျော့ပြန် လုပ်ဆောင်လာတာကို တွေ့ရပါတယ်။

    အမျိုးသားရေး အမည်ခံ ဆိုရှယ်မီဒီယာ အကောင့်များဖြင့် အစ္စလာမ်ဘာသာဝင်များနှင့် သက်ဆိုင်သည့် မဟုတ်မမှန် လုပ်ကြံ့သတင်းများဖြင့် လှုံ့ဆောင်မှုများ ဆက်တိုက်ဆိုသလို ပြုလုပ်နေကြတာဖြစ်ပါတယ်။

    ထိုကဲ့သို့ သတင်းအမှားများဖြင့် မွတ်စလင်ဆန့်ကျင်ရေး ပို့စ်များကို Facebook ဆိုရှယ်မီဒီယာ  စာမျက်နှာတွင် အများအပြား ပြန့်နှံခဲ့ပြီး စွပ်စွဲခံရသည့် မွတ်စလင်များနှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကပါ အဆိုပါ လုပ်ကြံမှုများကို ဖြေရှင်းခဲ့တာကိုတွေ့ရပါတယ်။

    ယခု ရက်ပိုင်းတွေ လှုံ့ဆော်မှုများကို လက်လှမ်းမှီသလောက် စုစည်းဖော်ပြလိုက်ပါတယ်။

    ဒီဇင်ဘာ ၁၀ ရက်
    ——————-

    48
    ၁။ ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ၄၈ လမ်းဗလီတွင် လူစိမ်း ၁၀၀ ကျော်ကို လက်ခံထားသည်ဟု ဘာသာရေးမုန်းတီးမှုများကို အစဉ်တစ်စိုက် ရေးသားဖြန့်ဝေနေသော Wira Mos Sess အကောင့်က လွှင့်တင်ခဲ့ပြီး၊ ဆူပူမှုဖြစ်ရန် ရေးသားလှုံ့ဆော်ခဲ့သည်။ သို့သော်လည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီးနောက် ထိုသို့ဖြန့်ဝေမှုမှာ သတင်းမှားသာဖြစ်သည်ဟု ၎င်းတို့၏ Facebook စာမျက်နှာမှတစ်ဆင့် ပြန်လည်ဖြေရှင်းပေးခဲ့သည်။

    (http://www.m-mediagroup.com/news/49742)

    Flag
    ၂။ ထိုနေ့မှာပင် ရန်ကုန်မြို့ ပန်ဘဲတန်းမြို့နယ်၊ ဗိုလ်ဆွန်ပက်လမ်းရှိ ရှီအာမွတ်စလင်များမှ  ၎င်းတို့၏ ဘာသာရေးဆိုင်ရာ ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အနက်ရောက်အလံ လွှင့်တင်ခဲ့မှုကို အမျိုးသားရေးဝါဒီများကIS အကြမ်းဖက်အဖွဲ့၏ အလံဖြစ်သည်ဟု လုပ်ကြံဝါဒဖြန့်ခဲ့ကာ မွတ်စလင်များမှာ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်တော့မည်ဟု လှုံ့ဆော်ခဲ့သည်။ ထိုကိစ္စကိုလည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သွားရောက်မေးမြန်း၍ အွန်လိုင်းတွင် လုပ်ကြံဝါဒဖြန့်မှုများမှာ မမှန်ကန်ကြောင်း ဖြေရှင်းခဲ့သည်။

    (http://www.m-mediagroup.com/news/49760)

    ဒီဇင်ဘာ ၁၁ ရက်
    ——————-

    3
    ၃။ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကို ပုပ်ခတ်စော်ကားမှုများ တောက်လျှောက်ပြုလုပ်နေသည့် “ဒေါက်တာဒီမိုဆိတ်ဖွား” Facebook စာမျက်နှာတွင် “မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မူဆလင်ကုလားတွေ ဝင်စီးထားပြီ” ဟူသော ခေါင်းစဉ်ဖြင့် မွတ်စလင်ဆန့်ကျင်ရေး၊ မွတ်စလင်များ၏ စီးပွားရေးများကို ဖျက်ဆီးရေး လမ်းကြောင်းပေးထားသည့် ပို့စ်တစ်ခုကို လွှင့်တင်ခဲ့သည်။

    ဒီဇင်ဘာ ၁၂ ရက်
    ——————

    Tar Chee Late_Soe Paing
    ၄။ Soe Paing ဆိုသည့်အကောင့်မှ တာချီလိတ်မြို့မှ မိုးသောက်ကြယ်သူဌေး ဦးစိုင်းစိုင်း၏ အိမ်ဆောက်လုပ်မှုကို ဗလီဆောက်သည်ဟုဆိုကာ လိမ်လည်ဝါဒဖြန့် လှုံ့ဆော်ခဲ့သည်။ ထိုအဖြစ်အပျက်ကို တာချီလိတ်မြို့ခံများမှ ဖြေရှင်းပေးခဲ့သည်။

    http://www.m-mediagroup.com/news/49811

    ၅။ ထိုအကောင့်မှပင် မော်လမြို့ရှိ ရှီအာမွတ်စလင်များ၏ ဗလီဝတ်ကျောင်းတော်များ၌ ၀မ်းနည်းခြင်းအလံ လွှင့်တင်မှုကို IS အလံဟု ထပ်မံလှုံ့ဆော်ခဲ့သည်။

    ၆။ ၃၈ လမ်းရှိ ရှီအာမွတ်စလင်များ၏ ဗလီဝတ်ကျောင်းတော်တွင် ၀မ်းနည်းခြင်းအလံနက် လွှင့်မှုအတွက် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဌ နေမျိုးဝေဦးဆောင်သည့် အဖွဲ့တစ်ခုက ထိုဗလီဝတ်ကျောင်းတော်ရှေ့သို့ သွားရောက်၍ ဆူပူဟစ်အော်မှုများ ပြုလုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား သတ်ဖြတ်ရန် လူသိရှင်ကြား တိုက်တွန်းခဲ့သည့် နေမျိုးဝေမှာ ထိုကဲ့သို့ ဆူပူဟစ်အော်မှုပြုလုပ်ရန် ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် လူစုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဗလီဝတ်ကျောင်းတော်၏ တာဝန်ရှိသူများကမူ မလိုလားအပ်သော ပြဿနာများဖြစ်ပွားမည်ကို ရှောင်ရှားရန်အတွက် အလံအား ဖြုတ်ပေးခဲ့သည်။

    7

    ၇။ Hantharwady News ဆိုသည့် Facebook page တစ်ခုက “မွတ်စလင် ခွေးရူးကိုက်ခဲ့ရင်..ဆေးမမှီပါဘူး” ဆိုသည့် ပို့စ်တစ်ခုလွှင်တင့်ကာ အထောက်အထားမဲ့စွပ်စွဲချက်များဖြင့် အစ္စလာမ်ဆန့်ကျင်ရေး ပို့စ်တစ်ခုဖြစ်ပြီးမြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များတည်ရှိမှုကို ထိခိုက်စေရန်၊ နိုင်ငံအတွင်း မငြိမ်သက်မှုများဖြစ်ပေါ်စေရန် နှပ်ကြောင်းပေးထားသည့် စာကြောင်းများ အများအပြား ပါဝင်ခဲ့သည်။

    8

    ၈။ NLD ဆန့်ကျင်ရေးနှင့် မွတ်စလင်ဆန့်ကျင်ရေးသဘောတရားများကို ပုံမှန်ရေးသားနေသည့် Naung Taw Lay အမည်ဖြင့် Facebook စာမျက်နှာတွင် သန်လျင်မြို့ရှိ ငါးပါးသခင်ဒရ်ဂါ အူးရွတ်စ်အခမ်းအနားကြော်ငြာကို လွှင့်တင်ကာ မွတ်စလင်များ အကြမ်းဖက်ရန်လူစုခြင်းဟု သဘောသက်ရောက်စေမည့် အရေးအသားများ၊ မြန်မာမွတ်စလင်များအား ရှင်းလင်းပစ်ရမည်ဟု သဘောသက်ရောက်စသည့် အရေးအသားများဖြင့် လှုံ့ဆော်ရေးသားခဲ့သည်။

    အဆိုပါ ငါးပါးသခင်ဒရ်ဂါ အူးရွတ်စ်အခမ်းအနားမှာ နှစ်စဉ်ကျင်းပနေကျ အခမ်းအနားလည်းဖြစ်သည်။

    ဒီဇင်ဘာ ၁၄ ရက်
    ——————–

    9
    ၉။ “နှင်းနှင်းအေး နှင်းနှင်းအေး” ဆိုသည့် Facebook စာမျက်နှာတွင် မိတ္ထီလာခရိုင် ယင်းတော်မြို့ရှိ မဒီနသုလ်အုလူမ် အရဗီတက္ကသိုလ် ဆိုင်းဘုတ်ဓာတ်ပုံအား လွှင့်တင်ကာ ခွင့်ပြုချက်မဲ့အဆောက်အအုံအဖြစ်ရေးသား၍ ဖျက်ဆီးရန် လမ်းကြောင်း ပေးထားသော ပို့စ်တစ်ခုကိုရေးသားခဲ့သည်။

    10

    ၁၀။ မွတ်စလင်ဆန့်ကျင်ရေး အဖွဲ့ဟု လူသိများသည့် မဘသအဖွဲ့၏ ရှေ့နေဦးအေးပိုင်၏သမီးဖြစ်သူ မေယုယပိုင်၏ Facebook စာမျက်နှာတွင် မော်လင်မြိုင်ရှိ မြန်မာဥယျာဉ် အရဗီသိပ္ပံကျောင်းမှ အောင်လက်မှတ်ပေးပွဲ အခမ်းအနားမှ ဓာတ်ပုံများကို လွှင့်တင်ကာ အဆိုပါ ကျောင်းမှာ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့်သဖွယ် လှုံ့ဆော်ရေးသားခဲ့သည်။

    ဒီဇင်ဘာ ၁၅ ရက်
    ———————

    11
    ၁၁။ အမျိုးသား တိုးတက်မြင့်မားရေးပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဇေယျာဝင်းမြင့်(ခ) မိုးစက်နီက ပုသိမ်မြို့ တဂေါင်းဘုရားလမ်း၊ ၆ ရပ်ကွက်တွင် တည်ရှိသည့် ဗလီတွင် အစ္စလာမ်ဘာသာဝင်များ ထိမ်းမြားမင်္ဂလာပွဲ ကျင်းပသည်ကို ၎င်း၏ Facebook စာမျက်နှာမှ တစ်ဆင့် မဟုတ်မမှန်သတင်းဖြန့်၍ ဆူပူလှုံ့ဆော်မှုဖြစ်အောင် ဖန်တီးခဲ့သည်။ ထိုအဖြစ်အပျက်ကို Myanmar Muslim Media နှင့် သံတော်ဆင့်ဂျာနယ်၏ နယ်သတင်းအယ်ဒီတာဖြစ်သူ ဦးရဲရင့်ထွန်း (ပုသိမ်) က ၎င်းတို့၏ Facebook စာမျက်နှာများမှ တဆင့် ပြန်လည်ဖြေရှင်းခဲ့သည်။ Link

    အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်ပြိး ပြည်တွင်း၊ ပြည်ပ မီဒီယာကြီးအများစု၊၊ နိုင်ငံရေးပါတီများ၊ ပြည်သူ့ကိုယ်စားလှယ် လွှတ်တော်အမတ်များ နှင့် အစိုးရတာဝန်ရှိသူများမှ ဝေဖန်ထောက်ပြ ရေးသားခြင်း မှုများ  မရှိတာကိုလည်းတွေ့ရ့ပါတယ်။

    နိုင်ငံရေးအရ ထိလွယ်ရှလွယ်ဖြစ်နိုင်သည့် ယခုလိုအချိန်တွင် ထိုလှုံ့ဆော်မှုများ တစ်ဖန်ပြန်ခေါင်းထောင်ထလာမှုကို အာဏာပိုင်များက မည်သည့်အရေးယူဟန့်တားမှုများ မပြုလုပ်သေးပေ။

  • IS အပါအ၀င် အစွန်းရောက်အဖွဲ့အားလုံးကို တိုက်ဖျက်ရန် မွတ်စလင်နိုင်ငံများက စစ်ရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်း

    IS အပါအ၀င် အစွန်းရောက်အဖွဲ့အားလုံးကို တိုက်ဖျက်ရန် မွတ်စလင်နိုင်ငံများက စစ်ရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်း

    ဒီဇင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    mus

    – အကြမ်းဖက်အဖွဲ့အစည်းများကို တိုက်ခိုက်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မွတ်စလင်နိုင်ငံပေါင်း ၃၄
    နိုင်ငံပါသည့် စစ်ရေးမဟာမိတ်အဖွဲ့တစ်ခုကို ဆော်ဒီအာရေဗျနိုင်ငံက ဦးဆောင်ကာ ဖွဲ့စည်းလိုက်ပြီး စစ်အင်အားကြီးနိုင်ငံများဖြစ်သော အီဂျစ်နှင့် တူရကီတို့လည်း ပါဝင်ခဲ့သည်ဟု သိရသည်။

    အဆိုပါ မဟာမိတ်အဖွဲ့ ဖွဲ့စည်းကြောင်းကို ဆော်ဒီကာကွယ်ရေးဝန်ကြီး မိုဟာမက် ဘင် ဆလ်မန်က ယနေ့တွင် ကြေငြာခဲ့သည်။ ကာတာနှင့် ယူအေအီးတို့ကဲ့သို့ အာရပ်နိုင်ငံများမှာ အဆိုပါ မဟာမိတ်အဖွဲ့တွင် ပါဝင်မည်ဖြစ်ပြီး ပါကစ္စတန် မလေးရှားနှင့် နိုက်ဂျီးရီးယားတို့အပါအ၀င် အာရှနိုင်ငံများ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် အာဖရိကနိုင်ငံများလည်း ပါဝင်သည်။

    IS အဖွဲ့အား ဘုံရန်သူအဖြစ် သဘောထားသော်လည်း ဆော်ဒီ၏ ပြိုင်ဘက်ဖြစ်သော အီရန်နှင့် ၎င်း၏ မဟာမိတ် ဆီးရီးယားနှင့် အီရတ်တို့မှာ ပါဝင်ခြင်းမရှိပေ။

    ဘင်ဆလ်မန်ကမူ မိမိတို့မဟာမိတ်အဖွဲ့မှာ IS ကိုသာမကဘဲ အီရတ်၊ ဆီးရီးယား၊ လစ်ဗျား၊ အီဂျစ်နှင့် အာဖဂန်တို့ရှိ မည်သည့် အကြမ်းဖက်အဖွဲ့အစည်းများကိုမဆို ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။ စစ်ရေးအရ လှုပ်ရှားမှုများကို ဒေသတွင်း ဥပဒေများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့်လည်း ပူးပေါင်းသွားမည်ဟု ၀န်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

    ဆော်ဒီသတင်းဌာန SPA ၏ စောစောပိုင်းထုတ်ပြန်မှုတွင် ဆော်ဒီဦးဆောင်သည့် အဆိုပါ မဟာမိတ်အဖွဲ့မှာ “ပူးပေါင်းဆောင်ရွက်ရေးစင်တာ” ကို ဆော်ဒီမြို့တော် ရီယာ့ဒ်တွင် ဖွင့်လှစ်သွားရန် ရှိနေသည်ဟု ဖော်ပြခဲ့သည်။

    “ဘယ်လို ဂိုဏ်းဂန၊ ဘယ်လိုနာမည်ပဲ တပ်ထားတပ်ထား သတ်ဖြတ်မှုတွေ၊ ကမ္ဘာမြေ ပျက်ဆီးရာပျက်ဆီးကြောင်းတွေကို လုပ်ဆောင်နေပြီး အပြစ်မဲ့သူတွေကို အကြမ်းဖက်ဖို့ရည်ရွယ်တဲ့ အကြမ်းဖက်အုပ်စုအားလုံး၊ အကြမ်းဖက်အဖွဲ့အားလုံးရဲ့ မကောင်းဆိုးဝါးလုပ်ရပ်တွေကနေ အစ္စလာမ့်နိုင်ငံအားလုံးကို ကာကွယ်ဖို့ မိမိတို့မဟာမိတ်အဖွဲ့ရဲ့ တာဝန်ပါပဲ” ဟု အဆိုပါ မဟာမိတ်အဖွဲ့မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထိုမဟာမိတ်အဖွဲ့တွင် ပါဝင်သည့် နိုင်ငံအများစုမှာ လက်ရှိအချိန်တွင် IS အား ဆန့်ကျင်တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် ပါဝင်ဆောင်ရွက်နေကြသည်။ ဆော်ဒီနှင့် ပင်လယ်ကွေ့နိုင်ငံများမှာ ဆီးရီးယားရှိ IS အဖွဲ့များအား လေကြောင်းက တိုက်ခိုက်မှုတွင် ပါဝင်နေသည်။

    Ref: Aljazaara, RT

  • International Science Olympiad ပြိုင်ပွဲတွင် ဆော်ဒီနိုင်ငံသား ၆ ဦး ဆုတံဆိပ်များ ဆွတ်ခူး

    International Science Olympiad ပြိုင်ပွဲတွင် ဆော်ဒီနိုင်ငံသား ၆ ဦး ဆုတံဆိပ်များ ဆွတ်ခူး

    ဒီဇင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    saudi

    – နိုင်ငံတကာ သိပ္ပံပြိုင်ပွဲတစ်ခုဖြစ်ပြီး တောင်ကိုးရီးယားတွင် ကျင်းပခဲ့သည့် နိုင်ငံတကာသိပ္ပံအိုလံပစ်ပြိုင်ပွဲ (International Science Olympiad) တွင် ဆော်ဒီကျောင်းသား ၆ ဦး ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါပြိုင်ပွဲမှာ နှစ်စဉ် ကျင်းပပြုလုပ်နေသည့် ပြိုင်ပွဲဖြစ်ပြီး ယခုပြိုင်ပွဲကို ယခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။ ဆော်ဒီမှ ဆုရရှိသူ ၆ ဦးအနက် ၅ ဦးမှာ မြို့တော် ရီယာ့ဒ်မှဖြစ်ပြီး ကျန်တစ်ဦးမှာ အလ်-အဟ်ဆာမှ ဖြစ်သည်။

    အဆိုပါပြိုင်ပွဲမှာ သဘာဝသိပ္ပံနှင့် လူထုပညာရေးများရေးကဏ္ဍများကို အသက် ၁၆နှစ်နှင့်အောက် ကျောင်းသားများက တစ်ဦးချင်းနှင့် အုပ်စုလိုက် ယှဉ်ပြိုင်ရခြင်းမျိုး ဖြစ်သည်။ ဆော်ဒီကျောင်းသားများမှာ ၂၀၀၉ ခုနှစ် အာဇာဘိုင်ဂျန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ပွဲကတည်းက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

    ပညာရေးဝန်ကြီးဟောင်းဖြစ်ပြီး တော်ဝင်တရားရုံး၏ အကြံပေးအဖြစ် ခန့်အပ်ခြင်းခံထားရသည့် အဇမ် အလ်-ဒါခီက ဆော်ဒီကျောင်းသားများ၏ အောင်မြင်မှုအပေါ် ကျေနပ်အားရမှုများ ဖော်ပြခဲ့သည်။

    “နိုင်ငံတကာဖိုရမ်တွေမှာ ကျွန်တော်တို့ရဲ့ သားငယ်သမီးငယ်တွေ အောင်မြင်မှုရရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ သူတို့ကို သိပ္ပံစွမ်းရည်ပြိုင်ပွဲတွေမှာလည်း အားပေးကြပါ” ဟု အလ်-ဒါခီက ပြောကြားခဲ့သည်။

    ထို့ပြင် အခြားသော ဆော်ဒီကျောင်းသားများကိုလည်း မိမိစိတ်ဝင်စားသည့် မည်သည့်နယ်ပယ်တွင်မဆို ထူးချွန်အောင် ကြိုးစားကြရန်နှင့် အစိုးရအနေနှင့်လည်း အမြဲတမ်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref : Arabnews

  • မြောက်ကိုရီးယားသို့ လက်နက်မှောင်ခိုပို့ရန် စင်ကာပူသင်္ဘောကုမ္ပဏီ စီစဉ်ပေးခဲ့

    မြောက်ကိုရီးယားသို့ လက်နက်မှောင်ခိုပို့ရန် စင်ကာပူသင်္ဘောကုမ္ပဏီ စီစဉ်ပေးခဲ့

    ဒီဇင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    spore

    – စင်ကာပူနိုင်ငံ မှတ်ပုံတင်ထားသော ချင်ပို ပို့ဆောင်ရေးကုမ္ပဏီ (Chinpo Shipping Company) သည် မြောက်ကိုးရီးယားသို့ လက်နက်များတင်ပို့သည့်လုပ်ရပ်ကို ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသည်ဟု စင်ကာပူတရားရုံးက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ချင်ပိုကုမ္ပဏီမှာ ပနားမား ပို့ဆောင်ရေးအေးဂျင့်ဖြစ်သူ စီဘီဖန်တွန်နှင့် လက်ထောက်တို့အား ပနားမားတူးမြောင်းမှတဆင့် မြောက်ကိုးရီးယားကုန်တင်သင်္ဘော ချွန်ချွန်ဂန်း ဖြတ်သန်းရန် လမ်းကြောင်းအတွက် ကန်ဒေါ်လာ ၇၂၀၁၆ ဒသမ ၇၆ ပေးဆောင်ခဲ့ရသည်ဟု ဆိုသည်။

    ဤသို့လုပ်ဆောင်ခြင်းဖြင့် ချင်ပိုကုမ္ပဏီမှာ “မြောက်ကိုရီးယား၏ နျူးကလီးယားနှင့်ဆက်စပ်နေသော အစီအစဉ်များ သို့မဟုတ် လှုပ်ရှားမှုများကို အထောက်အကူဖြစ်စေသည်ဟု ယူဆနိုင်သော ဘဏ္ဍာရေးဆိုင်ရာ သို့မဟုတ် ရင်းမြစ်ပိုင်းဆိုင်ရာများကို လွှဲပြောင်းပေးအပ်ခဲ့သည်” ဟု ကုမ္ပဏီအား တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။

    ထိုကိစ္စက နျူကလီးယားစီမံကိန်းများကြောင့် မြောက်ကိုးရီးယားပေါ် ကုန်သွယ်ရေးပိတ်ဆို့မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ခြင်းလည်းဖြစ်သည်။

    ချွန်ချွန်ဂန်းသင်္ဘောမှာ “မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များနှင့် ဆက်စပ်နေသည့် ကုန်သေတ္တာခြောက်လုံး၊ တစ်စစီဖြုတ်ထားသည့် လေယာဉ်နှစ်စီးထည့်ထားသော ကွန်တိန်နာ ၂၅ ခု၊ လေယာဉ်အင်ဂျင် ၁၅ ခု၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည် အစိတ်အပိုင်းများနှင့် လက်နက်ခဲယမ်းများ” စသည်တို့ကို မက်ထရစ်တန်ချိန် ၁၀၅၀၀ တန် ရှိသော သကြားများအောက်တွင် ဖုံးဝှက်၍ သယ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

    ထိုပမာဏမှာ ၂၀၀၆ နှစ်က မြောက်ကိုရီးယားအပေါ် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုများ ချမှတ်သည်ဟု ကုလက ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးနောက်ပိုင်းတွင် မြောက်ကိုရီးယားသို့ လက်နက်နှင့် စက်ဆပ်ပစ္စည်းများ မှောင်ခိုသွားရောက်မှု အမြင့်ဆုံးပမာဏလည်း ဖြစ်သည်။

    တရားသူကြီး ဂျက်စ်ဗန်ဒါရ် ကာအူရ်ကမူ ထိုပို့ဆောင်မှုမှာ မအောင်မြင်ခဲ့သော်လည်း “လက်နက်များ ပို့ဆောင်ရေးကို စီစဉ်မှု မြောက်သည်” ဟု ပြောကြားခဲ့သည်။ စင်ကာပူဥပဒေအရ ဤကဲ့သို့ ဥပဒေချိုးဖောက်သူ မည်သူမဆို ထောင်ဒဏ်ငါးနှစ်နှင့် ဒဏ်ငွေ ဒေါ်လာ ၁၀၀၀၀၀ ထိ ပြစ်ဒဏ်ပေးခံရနိုင်သည်။

    ချင်ပိုကုမ္ပဏီအား စွဲဆိုမှုတွင် မြောက်ကိုရီးယားသို့ လိုင်စင်မဲ့ ငွေလွှဲလုပ်ငန်း ဆောင်ရွက်သည့်အမှုလည်း ပါဝင်ပြီး စုစုပေါင်း ကန်ဒေါ် သန်း ၄၀ သန်းကျော်တန်ဖိုးရှိ ငွေလွှဲပြောင်းမှုပေါင်း ၆၀၅ ကြိမ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    လိုင်စင်မဲ့ငွေလွှဲပြောင်းခဲ့သည့်အတွက် စင်ကာပူဒေါ်လာ တစ်သိန်းထိ ဒဏ်ငွေဆောင်ရနိုင်သည်။ ထိုအမှုအတွက် အမိန့်ချမှတ်ခြင်းကို ၂၀၁၆ ဇန်န၀ါရီ ၂၉ တွင် ပြုလုပ်မည်ဖြစ်သည်။

    Ref: Channelnewsasia

  • ကစားသမားများ သစ္စာဖောက်နေသည်ဟု ခံစားရကြောင်း မော်ရင်ဟိုပြော

    ကစားသမားများ သစ္စာဖောက်နေသည်ဟု ခံစားရကြောင်း မော်ရင်ဟိုပြော

    ဒီဇင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    morin

    – ရလဒ်ဆိုးများနှင့် ကြုံတွေ့နေရပြီး ဖိအားဒဏ်ကို ခံနေရသည့် ချယ်ဆီးနည်းပြ မော်ရင်ဟိုက ကစားသမားများမှာ မိမိအား သစ္စာဖောက်နေသည်ဟု ခံစားရကြောင်း ပြောကြားလိုက်သည်။

    ယနေ့မနက်က လက်စတာအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ချယ်ဆီးမှာ ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် ၉ ပွဲမြောက်အရှုံး ဖြစ်ခဲ့သည်။ လက်ရှိတွင် ချယ်ဆီးမှာ အဆင့် ၁၆ နေရာသို့ ရောက်ရှိနေကာ တန်းဆင်းဇုန်နှင့် ၁ မှတ်သာ ကွာဟတော့သည်။

    “ကျွန်တော်တို့ ၂ ဂိုးပေးလိုက်ရပြီး ဒါဟာ ကျွန်တော့်အတွက် လက်မခံနိုင်စရာပါပဲ။ ကျွန်တော့်ရဲ့ အကောင်းဆုံး စွမ်းရည်တွေထဲက တစ်ခုဟာ ကစားသမားတွေရဲ့စိတ်ကို ဖတ်တာနဲ့ ပြိုင်ဘက်အသင်းရဲ့ အသေးစိတ်အချက်အလက်တိုင်းကို ဖော်ထုတ်တာပါပဲ။ ကျွန်တော့်ရဲ့အလုပ်က သစ္စာဖောက်ခံနေရပြီလို့ ခံစားရပါတယ်။ အကောင်းဆုံးအခြေအနေမရှိတဲ့ ကစားသမားတွေရှိနေတဲ့အခါ ဂိုးတွေသွင်းဖို့ဆိုတာ ခက်ခဲပါတယ်” ဟု မော်ရင်ဟိုက Sky Sports သို့ ပြောကြားခဲ့သည်။

    ချယ်ဆီးမှာ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံဖြစ်သော်လည်း မော်ရင်ဟိုကမူ မိမိတို့အသင်းမှာ ထိပ်ဆုံး ၄ သင်းပင် မ၀င်နိုင်တော့ဟု ၀န်ခံပြောကြားခဲ့သည်။

    Ref: Goal