News @ M-Media
Blog
  • ကမ္ဘာတစ်ဝှမ်း ပိုလီယိုအမြစ်ပြတ်ရေးတွင် ယူအေအီးက ၅ နှစ်အတွင်း ဒေါ်လာ ၁၉၄ သန်း ထောက်ပံ့ခဲ့
    ကမ္ဘာတစ်ဝှမ်း ပိုလီယိုအမြစ်ပြတ်ရေးတွင် ယူအေအီးက ၅ နှစ်အတွင်း ဒေါ်လာ ၁၉၄ သန်း ထောက်ပံ့ခဲ့
    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media
    uae
    – အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံမှာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ပိုလီယိုရောဂါ အမြစ်ပြတ် တိုက်ဖျက်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွင် ကန်ဒေါ်လာ ၁၉၄ သန်း ထောက်ပံ့ခဲ့သည်ဟု နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
    အဆိုပါသတင်းမှာ အဘူဒါဘီတွင်ကျင်းပသော ပိုလီယိုရောဂါ အမြစ်ပြတ်တိုက်ဖျက်ရေး သူရဲကောင်းများ ဆုပေးပွဲ အခမ်းအနားနှင့် တိုက်ဆိုင်စွာ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ ယူအေအီးနိုင်ငံမှ ထောက်ပံ့ပေးခဲ့သည့် အဆိုပါပမာဏမှာ ပိုလီယိုရောဂါ တိုက်ဖျက်ရေးအတွက် ကန်ဒေါ်လာ သန်း ၁၂၀ ကူညီမည်ဟု ၂၀၁၃ ခုနှစ် ဧပြီလတွင် အဘူဒါဘီ၌ ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကာကွယ်ဆေး ထိပ်သီးအစည်းဝေး၌ အဘူဒါဘီအိမ်ရှေ့မင်းသားက ကတိပြုခဲ့သည့် ပမာဏလည်း ပါဝင်သည်။
    ၂၀၁၁ ခုနှစ်တွင် အဘူဒါဘီ အိမ်ရှေ့မင်းသားနှင့် ဂိတ်ဖောင်ဒေးရှင်းအဖွဲ့တို့ ပူးပေါင်းကာ အာဖဂန်နှင့် ပါကစ္စတန်ရှိ ကလေးငယ်များအတွက် ပိုလီယိုကာကွယ်ဆေးများ ၀ယ်ယူနိုင်ရေး ဒေါ်လာ သန်း ၁၀၀ ဖိုး ထောက်ပံ့ပေးရန် ကတိပြုခဲ့ကြသည်။ အဆိုပါ ပမာဏ၏ သုံးပုံတစ်ပုံကို ၃ နှစ်အတွင်း ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးရာတွင် အသုံးပြုရန် လျာထားခဲ့သည်။
    ၂၀၁၃-၁၄ ခုနှစ်တွင်မူ UAE နှင့် ဂိတ်စ်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ပါကစ္စတန်တွင် ပြုလုပ်သော ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းအတွက် အဆိုပါ ရန်ပုံငွေများကို အသုံးပြုခဲ့သည်။
    Ref: INNA News
  • ထိုင်းနိုင်ငံတွင် IS ၏ ခြိမ်းခြောက်မှု မရှိဟု အင်တာပိုအကြီးအကဲ ပြော
    ထိုင်းနိုင်ငံတွင် IS ၏ ခြိမ်းခြောက်မှု မရှိဟု အင်တာပိုအကြီးအကဲ ပြော
    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media
    thai
    – ဆီးရီးယားမှ IS အဖွဲ့ဝင်များ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာသည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက သတင်းထွက်ခဲ့သော်လည်း တိုက်ခိုက်မှုပြုလုပ်မည်ဟု ယုံကြည်ရလောက်သည့် ခြိမ်းခြောက်မှုမျိုးမရှိဟု နိုင်ငံတကာရဲတပ်ဖွဲ့ Interpol ၏ ထိုင်းနိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်သူ ရဲတပ်ဖွဲ့ ဗိုလ်ချုပ်ကြီး အပီချာ့ ဆူရီဘွန်ညာက ပြောကြားလိုက်သည်။
    IS အဖွဲ့ဝင် ၁၀ ဦးမှာ အောက်တိုဘာ ၁၅ ရက်နေ့မှ ၃၁ ရက်အကြားတွင် နိုင်ငံအတွင်းသို့ ၀င်ရောက်လာသည်ဟု ရုရှားထောက်လှမ်းရေးက သတင်းပေးပို့မှုကြောင့် ထိုင်းရဲတပ်ဖွဲ့၏ အထူးဌာနမှ နိုင်ငံအတွင်းရှိ ရဲဌာနများသို့ သတိဝိရိယရှိရန် သတိပေးသည့် လျှို့ဝှက် အကြောင်းကြားစာမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပေါက်ကြားခဲ့သည်။
    ရဲတပ်ဖွဲ့ကလည်း ထိုပေါက်ကြားခဲ့သည့်သတင်းမှာ အစစ်အမှန်ဖြစ်သည်ဟု သောကြာနေ့က အတည်ပြုခဲ့ပြီး ပတ္တယား၊ ဖူးခက်တို့အပါအ၀င် ရုရှားနိုင်ငံသားများနေထိုင်သည့် နေရာများတွင် လုံခြုံရေးများကို ထပ်တိုးချထားခဲ့သည်။
    သို့သော်လည်း ဆူရီဘွန်ညာကမူ အင်တာပိုနှင့် ရဲတပ်ဖွဲ့အထူးဌာနတို့မှာ အဆိုပါထောက်လှမ်းရေးသတင်းကို ကြည့်ရှုခဲ့သော်လည်း ထိုင်းနိုင်ငံတွင် တိုက်ခိုက်မှုပြုလုပ်မည်ဟူသော ယုံကြည်ရလောက်သည့် ခြိမ်းခြောက်မှုမျိုးမရှိဟု ပြောကြားခဲ့သည်။
    “ဒီလိုသတိပေးမှုမျိုး အရင်တုန်းကလည်း တော်တော်များများ ရခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ IS အဖွဲ့ဝင်တွေရှိတယ်ဆိုတဲ့ ဒီ ထောက်လှမ်းရေးသတင်းဟာ သိပ် အရေးမကြီးပါဘူး။ လက်ရှိအချိန်မှာ IS က တိုက်ခိုက်မယ်ဆိုတဲ့ ယုံကြည်ရတဲ့ ခြိမ်းခြောက်မှုမျိုး မရှိသေးပါဘူး။ အင်တာပိုအနေနဲ့ပြောရရင် ဒါဟာ အရေးပါတဲ့ ထောက်လှမ်းရေးသတင်းမျိုး မဟုတ်သလို၊ ထိုင်းနိုင်ငံမှာ IS ရဲ့ တိုက်ခိုက်မှုအတွက် ယုံကြည်ရတဲ့ ခြိမ်းခြောက်မှုမျိုးလည်း မရှိပါဘူး”
    ထိုင်းနိုင်ငံမှာ တနင်္ဂနွေနေ့က ဗီဇာသက်တမ်းကုန်လွန်နေသည့် ဆီးရီးယားနိုင်ငံသား ၄ ဦးကို ရှာဖွေခဲ့သော်လည်း ၎င်းတို့မှာ နိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်မှုရှိသည်ဟု မဖော်ပြခဲ့ပေ။ နောက်ပိုင်းတွင် ထိုလေးဦးအား IS ၏ ဆက်သွယ်နိုင်ဖွယ်ရှိသည်ဆိုသည့် ယူဆမှုကိုလည်း ရုပ်သိမ်းခဲ့သည်။
    Ref: Reuters
  • အရှေ့တောင်အာရှတွင် ဗလီဝတ်ကျောင်းတော်များ အခန်းကဏ္ဍ မြှင့်တင်ရေး အစ္စလာမ့်ပညာရှင်များ ဆွေးနွေး
    အရှေ့တောင်အာရှတွင် ဗလီဝတ်ကျောင်းတော်များ အခန်းကဏ္ဍ မြှင့်တင်ရေး အစ္စလာမ့်ပညာရှင်များ ဆွေးနွေး
    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media
    asean
    – အရှေ့တောင်အာရှနိုင်ငံများမှ အစ္စလာမ့်ရေးရာ ပညာရှင်များ၊ ရှေ့ဆောင်အီမာမ်များနှင့် မွတ်စလင်အသင်းအဖွဲ့မှ ကိုယ်စားလှယ်များမှာ ဒီဇင်ဘာ ၇ ရက် တနင်္လာနေ့က မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူတွင် ကျင်းပခဲ့သည့် ပထမဆုံး “အာဆီယံ ဗလီဝတ်ကျောင်းတော်များပွဲတော်” တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
    အဆိုပါဆွေးနွေးမှုမှာ အစ္စလာမ်ဘာသာဝင်များ၏ ၀တ်ပြုရာနေရာဖြစ်သော ဗလီဝတ်ကျောင်းတော်၏ အခန်းကဏ္ဍကို ပြန်လည်ဆန်းစစ်ရန်၊ ထောက်ပံ့အားပေးရန်နှင့် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး တက်ရောက်လာကြသူများကမူ မြင့်တက်လာသော အစွန်းရောက်ဝါဒကို တန်ပြန်တွန်းလှန်ရာတွင် ဗလီဝတ်ကျောင်းတော်များ၏ အခန်းကဏ္ဍမှာ အဓိကနေရာမှ ပါဝင်ရန် မျှော်လင့်နေကြသည်။
    “မွတ်စလင်အားလုံးရဲ့ စုရုံးရာနေရာဟာ ဗလီဝတ်ကျောင်းတော်ပါပဲ။ မတူကွဲပြားမှုကို အကျိုးရှိရှိအသုံးချဖို့ ကျွန်တော်တို့ရဲ့ အားထုတ်မှုတွေမှာ ဗလီဝတ်ကျောင်းတော်တွေဟာ တန်ဖိုးရှိတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်သလို ပါလည်း ပါဝင်သင့်ပါတယ်” ဟု မလေးရှားအစိုးရမှ ဒုတိယ၀န်ကြီးတစ်ဦးဖြစ်သူ ဒေါက်တာ အက်ဆရက်ဖ် ၀ဂ်ျဒီ ဒူဆူကီက ပြောကြားခဲ့သည်။
    ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက အစ္စလာမ်၏ စစ်မှန်သော သင်ကြားမှုများကို ဖြန့်ချီရန်နှင့် အာဆီယံဒေသအတွင်းရှိ သန်း ၂၄၀ သော မွတ်စလင်များ ညီညွတ်ရေး ဆောင်ရွက်ရန်အတွက် အစ္စလာမ်ဘာသာဝင်များအတွင်း သြဇာလွှမ်းမိုးမှုရှိသော ဗလီဝတ်ကျောင်းတော်များကို အသုံးပြုချင်ကြသည်။
    “ဗလီဝတ်ကျောင်းတော်တွေရဲ့ အခန်းကဏ္ဍကို ပြုပြင်ပြောင်းလဲရမယ်လို့ (အင်ဒိုနီးရှား) ၀န်ကြီးချုပ်ကလည်း သဘောတူခဲ့ပါတယ်” ဟု အင်ဒိုနီးရှား အခြေခံဥပဒေခုံရုံး၏ တရားရေးအကြီးအကဲဟောင်း ဒေါက်တာ ဂျင်မလီ အက်ရှစ်ဒီကီက ပြောကြားခဲ့သည်။
    ကမ္ဘာတစ်ဝှမ်းတွင် ဗလီဝတ်ကျောင်းတော်များမှာ အစွန်းရောက်ဝါဒ ဖြန့်ဖြူးသည့်နေရာများအဖြစ် စွပ်စွဲခံနေရကာ စောင့်ကြည့်ခံရမှုများလည်း ရှိနေသည်။
    သို့သော်လည်း အစ္စလာမ့်ပညာရှင်များကမူ ဗလီဝတ်ကျောင်းတော်များမှာ သမိုင်းတစ်လျှောက် ညီညွတ်ရေးအခန်းကဏ္ဍတွင်သာ အဓိက ပါဝင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ပညာရှင်အချို့ကလည်း အရှေ့တောင်အာရှမှာ မတူညီသော လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတည်ယှဉ်တွဲနေထိုင်သော ဒေသဖြစ်၍ ဗလီဝတ်ကျောင်းတော်များ၏ ညီညွတ်ရေးဆောင်ရွက်မှု အခန်းကဏ္ဍအတွက် အတုယူစရာဖြစ်လာမည်ဟု ယုံကြည်နေကြသည်။
    “အစ္စလာမ်က မတူကွဲပြားမှုကို တကယ့်ကို လက်ခံတဲ့ သာသနာပါ။ အရှေ့တောင်အာရှက မွတ်စလင်တွေရဲ့ အရေးပါပြီး သမိုင်းနဲ့ချီတဲ့ ပြယုဂ်တစ်ခုက ဒီတိုင်းပြည်တွေမှာ အခြားသာ ယဉ်ကျေးမှုတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ ရှည်လျားတဲ့သမိုင်းကြောင်း ရှိနေတာပါပဲ။ ကမ္ဘာပေါ်က ဘာသာတရားအားလုံးနီးပါးဟာ ဒီဒေသမှာ အမြစ်တွယ်နေပါပြီ” ဟု ဒေါက်တာ အက်ရှစ်ဒီကီက ထည့်သွင်းပြောကြားခဲ့သည်။
    အဆိုပါ ဗလီဝတ်ကျောင်းတော်များ ပွဲတော်တွင် ဘာသာရေးလူ့အဖွဲ့အစည်း သမိုင်းကြောင်းနှင့် ပတ်သက်၍လည်းကောင်း ဗလီဝတ်ကျောင်းတော်များ၏ အခန်းကဏ္ဍကို ဘာသာပေါင်းစုံညီညွတ်ရေးတွင် အသုံးချရန်အတွက်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
    Ref: Channelnewsasia
  • မော်ရင်ဟို အထုတ်မခံရခြင်းမှာ အတိတ်မှ အောင်မြင်မှုကြောင့်ဟု ဆို
    မော်ရင်ဟို အထုတ်မခံရခြင်းမှာ အတိတ်မှ အောင်မြင်မှုကြောင့်ဟု ဆို
    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media
    morinho
    – ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ချယ်ဆီးနည်းပြ မော်ရင်ဟိုမှာ ၎င်း၏ အတိတ်က အောင်မြင်မှုများကြောင့် ရာထူးမှ အထုတ်မခံရခြင်းဖြစ်သည်ဟု ချယ်ဆီး ဂန္တ၀င်ကစားသမားတစ်ဦးဖြစ်သူ ရေးဝီလ်ကင်က ပြောကြားလိုက်သည်။
    မော်ရင်ဟို၏ ကိုင်တွယ်မှုနှစ်ကြိမ်အတွင်း ချယ်ဆီးမှာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နှင့် လိဂ်ဖလားများကို ဆွတ်ခူးနိုင်ခဲ့သည်။ သို့သော်လည်း ယခုရာသီတွင် အိပ်မက်ဆိုးများနှင့် ရင်ဆိုင်နေရပြီး စနေနေ့က ဘုန်းမောက်အသင်းအား ရှုံးနိမ့်ခဲ့ကာ ချယ်ဆီးမှာ ၎င်းတို့၏ ပရီးမီးယားလိဂ် ၈ ပွဲမြောက်ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရသည်။ အသင်းမှာလည်း လက်ရှိအချိန်တွင် ထိပ်ဆုံးမှ လက်စတာစီးတီးအသင်းနှင့် ၁၇ မှတ် ကွာဟသွားပြီဖြစ်သည်။
    “တစ်ခြားနည်းပြတွေဆိုရင်တော့ လစ်ရပြီပေါ့။ ဒီလမ်းကလွဲလို့ တစ်ခြားလမ်း မရှိပါဘူး။ မော်ရင်ဟို အခုအချိန်အထိရှိနေတာက အတိတ်မှာ သူစွမ်းဆောင်ပေးခဲ့တာတွေကြောင့်ပါ။ မော်ရင်ဟိုအတွက် အရေးကြီးဆုံးက ဥရောပပါ။ သူဟာ ဥရောပပြိုင်ပွဲတွေကို နှစ်သက်ပြီး (ပိုင်ရှင်) အေဗရာမိုဗစ်ခ်ျကလည်း ဒါကို နှစ်သက်ပါတယ်။ တကယ်လို့ ပေါ်တိုနဲ့ပွဲ ရှုံးပြီဆိုရင်တော့ မော်ရင်ဟိုက သူ့လမ်းသူ လျှောက်ရတော့မှာပါ” ဟု ၀ီလ်ကင်က BelN Sports သို့ ပြောကြားခဲ့သည်။
    Ref: Goal
  • ရုရှား၏ ရေငုပ်သင်္ဘောရှာနိုင်သည့်ဂြိုဟ်တု လွှတ်တင်မှု မအောင်မြင်
    ရုရှား၏ ရေငုပ်သင်္ဘောရှာနိုင်သည့်ဂြိုဟ်တု လွှတ်တင်မှု မအောင်မြင်
    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media
    russia
    – သမုဒ္ဒရာအောက်မှ ရေငုပ်သင်္ဘောများကို ရှာဖွေရန်အတွက် ဒီဇိုင်းဆွဲတည်ဆောက်ကာ လွှတ်တင်ခဲ့သည့် ခေတ်မီ ဂြိုဟ်တုကို လာမည့်ရက်ပိုင်းအတွင်း ဖောက်ခွဲဖျက်ဆီးတော့မည်ဟု ရုရှားအာကာသ တာဝန်ရှိသူများက ပြောကြားလိုက်သည်။
    Canopus ST ဟု အမည်ရသည့် ဂြိုဟ်တုဖြစ်ပြီး နိုင်ငံအနောက်မြောက်ပိုင်း ပလီဆက်ခ် အာကာသစခန်းမှ သောကြာနေ့က လွှတ်တင်ခဲ့ခြင်းဖြစ်ကာ ၎င်းအား လွှတ်တင်ခဲ့သည့် ဒုံးကျည်၏ အစိတ်အပိုင်းတစ်ခု ချို့ယွင်းမှုကြောင့် သွားရာလမ်းကြောင်း ပြောင်းလဲသွားခဲ့သည်ဟု ဆိုသည်။
    အဆိုပါ ဂြိုဟ်တုကို ဆယ်စုနှစ်တစ်ခုကြာ ဖန်တီးခဲ့ရခြင်းဖြစ်ပြီး သမုဒ္ဒရာအောက်မှ ရေငုပ်သင်္ဘောများကို ရှာဖွေနိုင်ပြီး ရုရှားနိုင်ငံအား နှစ်စဉ် ဒုက္ခပေးနေသည့် တောမီးလောင်မှုများကို ကြည့်ရှုနိုင်မည့် အလွန်အားကောင်းသော ကင်မရာများကို တပ်ဆင်ထားသည်။
    ရုရှားမှာ Canopus ဂြိုဟ်တု လေးခုကို လွှတ်တင်သွားမည်ဟု ရုရှား အာကာသ ကုမ္ပဏီတစ်ခုဖြစ်သော Viktor Selin က ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။
    ယခုကဲ့သို့ မအောင်မမြင် ဖြစ်ရခြင်းမှာ လူသားများ၏ သမိုင်းတွင် ပထမဆုံး လူလိုက်ပါသော ဂြိုဟ်တုကို လွှတ်တင်နိုင်ကာ ဂုဏ်သိက္ခာကြီးမားခဲ့သည့် ရုရှား၏ အာကာသစီမံကိန်း၌ ဖြစ်ရပ်ဆိုးကြီးတစ်ခုလည်း ဖြစ်သည်။
    Ref: Aljazeera