ဒီဇင်ဘာ ၁၁၊ ၂၀၁၅
M-Media
– ပြီးခဲ့သည့်လများအတွင်း ချင်းပြည်နယ်၌ ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များမှာ ကြန့်ကြာနေသည်ဟု သိရသည်။
နိုင်ငံအနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဆိုးရွားသော ရာသီဥတု အခြေအနေများကြောင့် ပြည်သူ ၂ သောင်းနီးပါးမှာ အိုးအိမ်စွန့်ခွာခဲ့ရပြီး ဇူလိုင်လအတွင်း ကြုံတွေ့ခဲ့ရသည့် မိုးသည်းထန်စွာ ရွာသွန်းမှုကိုလည်း သက်တမ်းတစ်လျှောက် အဆိုးဆုံး သဘာဝဘေးအန္တရာယ်အဖြစ် ဒေသခံများ ခေါ်ဆိုခဲ့ကြသည်။ အဆိုပါ သဘာဝ ဘေးအန္တရာများကြောင့် ချင်းပြည်နယ်တစ်ဝှမ်းရှိ မြို့များ၊ ရွာများမှာ ပျက်ဆီးခဲ့ရသည်။
လက်ရှိအချိန်တွင် ပြည်နယ်မြို့တော် ဟားခါးရှိ လမ်းများမှာ ရှင်းလင်းပြီး ဖြစ်သော်လည်း ကျေးလက်ဒေသများမှာမူ ထိုကဲ့သို့ ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။
ချင်းပြည်နယ်သို့ ပို့ဆောင်သည့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများမှာလည်း လမ်းတွင် ရေလွှမ်းမိုးသည့် မြို့များ၊ ရွာများကို ဖြတ်သန်းရသောကြောင့် ချင်းပြည်နယ်သို့ မရောက်ခင်ပင် ပစ္စည်းများ ပြတ်တောက်သွားခဲ့ရသည်။ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးဆိုင်ရာ တာဝန်ရှိသူ ပီတာ ဘရင်မ်ဘဲလ်က ချင်းပြည်နယ်၏ တည်နေရာမှာ ပြန်လည်ထူထောင်ရေးလုပ်ရန် ခက်ခဲစေသည်ဟု ပြောကြားခဲ့သည်။
“လာဖို့လည်းခက်တယ်၊ သွားဖို့လည်းခက်တယ်။ ဒါက ပျက်ဆီးသွားတဲ့ အိမ်တွေ၊ ကျောင်းတွေ ဆောက်လုပ်ဖို့အတွက် ပစ္စည်းသယ်လာဖို့၊ သယ်သွားဖို့အတွက် စိန်ခေါ်မှုကြီး ဖြစ်နေပါတယ်” ဟု ဘရင်မ်ဘဲလ်က ပြောကြားခဲ့သည်။
ပြည်သူများအား ကူညီရန်အတွက် နောက်ထပ်မဟာဗျူဟာတစ်ခုမှာ ၎င်းတို့အား ပြောင်းရွှေ့ပေးခြင်းဖြစ်ပြီး ဒေသခံများအား ပြန်လည်နေရာချထားရေးအတွက် မြန်မာအစိုးရက ကန်ဒေါ်လာ ၃ သန်း သုံးစွဲနေသည်။
သို့သော်လည်း အဆိုပါ ပြန်လည်နေရာချထားရေးလုပ်ငန်းတွင် အဓိက ကန့်ကွက်မှုကြီး ၂ ခု ရှိနေသည်။ ပထမတစ်ခုမှာ အိမ်များပြန်လည်ဆောက်လုပ်ရေး ကန်ထရိုက်ကို အာဏာပိုင်များနှင့် ပတ်သက်သူများသာ ရရှိခြင်းနှင့် ဒုတိယတစ်ခုမှာ အလျင်အမြန်ဆောက်လုပ်ခြင်းကြောင့် အရည်အသွေးပိုင်းတွင် အားနည်းခြင်းတို့ ဖြစ်သည်။
ဟားခါးမြို့အပြင်ဘက်တွင် အိမ်အသစ် အလုံး ၇၀၀ ကို ဆောက်လုပ်နေသော်လည်း ထိုနေရာမှာ မြို့နှင့် ဝေးလံခေါင်ဖျားသည့်နေရာ ဖြစ်နေသည်ဟု စုံစမ်းစစ်ဆေးသူများက ဆိုသည်။ အဆိုပါအိမ်များသို့ပြောင်းရွှေ့ရန် စောင့်ဆိုင်းနေရသူများမှာ ယာယီစခန်းများ၌ နေထိုင်နေရသည်မှာ ၅ လခန့် ရှိပြီဖြစ်သည်။
Ref: VOA
Leave a Reply
You must be logged in to post a comment.