News @ M-Media

Blog

  • စင်ကာပူတွင် ရော်နယ်ဒင်ဟို ဘောလုံးအကယ်ဒမီ ဖွင့်မည်

    စင်ကာပူတွင် ရော်နယ်ဒင်ဟို ဘောလုံးအကယ်ဒမီ ဖွင့်မည်

    ဒီဇင်ဘာ ၅၊ ၂၀၁၅
    M-Media

    rndh

    – ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးလ်အသင်းတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူ ရော်နယ်ဒင်ဟိုမှာ ဘောလုံးအကယ်ဒမီတစ်ခု ဖွင့်လှစ်ရန်အတွက် စင်ကာပူနိုင်ငံသို့ လာမည့်တစ်ပတ်တွင် ရောက်ရှိလာမည်ဟု သိရသည်။

    စင်ကာပူဘောလုံးအဖွဲ့ချုပ် FAS ကမူ ရော်နယ်ဒင်ဟိုမှာ “ရော်နယ်ဒင်ဟို ဘောလုံးအကယ်ဒမီ” ထူထောင်ရန်အတွက် S.League ချန်ပီယံ ၅ ကြိမ်ဖြစ်ထားသော Tampines Rovers အသင်း၊ International Football Group တို့နှင့် နားလည်မှု စာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးသွားမည်ဟု ပြောကြားခဲ့သည်။

    ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ပြုလုပ်မည့် အဆိုပါ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲပြီးနောက် ရော်နယ်ဒင်ဟိုမှာ e-scooter စီး၍ သရုပ်ပြမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ITE ကောလိပ်သို့သွားရောက်ကာ ပရိတ်သတ်များနှင့် တွေ့ဆုံသွားမည်ဟု သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်မှုအရ သိရသည်။

    Ref: Channelnewsasia

  • ဆားများသည့်ဟင်းကို သတိပေးရန် ဥပဒေအတွက် နယူးယောက်မြို့တော်ကောင်စီကို စားသောက်ဆိုင်များ တရားစွဲမည်

    ဆားများသည့်ဟင်းကို သတိပေးရန် ဥပဒေအတွက် နယူးယောက်မြို့တော်ကောင်စီကို စားသောက်ဆိုင်များ တရားစွဲမည်

    ဒီဇင်ဘာ ၅၊ ၂၀၁၅
    M-Media

    health

    – ဆားပါဝင်မှုလွန်ကဲသော ဟင်းလျာများကို သတိပေးချက်များကပ်ရန် စားသောက်ဆိုင်များအတွက် ဥပဒေသစ်တစ်ခု ပြဌာန်းလိုက်ခြင်းအား ရပ်တန့်ရန် နယူးယောက်မြို့တော်ကောင်စီ၏ ကျန်းမာရေးဘုတ်အဖွဲ့ကို စားသောက်ဆိုင်များဆိုင်ရာ အဖွဲ့တစ်ခုက တရားစွဲဆိုမှုများ ပြုလုပ်တော့မည်ဟု သိရသည်။

    အမျိုးသား စားသောက်ဆိုင်လုပ်ငန်းအသင်းက တရားစွဲဆိုမည်ဖြစ်ပြီး ကျန်းမာရေးဘုတ်အဖွဲ့သည် စားသောက်ဆိုင်ပိုင်ရှင်များအား မတရားဝန်ပိစေကာ နိုင်ငံတစ်ဝှမ်း ဒေသ ၁၅ ခုကျော်ရှိ စားသောက်ဆိုင်များ၌ ဆားပါဝင်မှုများသော အစားအစာများကို သတိပေးချက်ပြုလုပ်ပေးရန် ဖိအားပေးခြင်းဖြင့် မြို့တော်ကောင်စီ၏ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုရာရောက်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    နယူးယောက် မြို့တော်ကောင်စီသည် ပြည်သူများ သွေးဖိအားလျော့ကျစေရန်နှင့် နှလုံးရောဂါအန္တရာယ်နှင့် လေဖြတ်ရောဂါများ မဖြစ်ပွားစေရေး ကူညီရန် အားထုတ်မှုအဖြစ် ထိုဥပဒေကို ပြဌာန်းခဲ့ခြင်းဖြစ်သည်။ ဥပဒေအရ ရုပ်ရှင်ရုံများနှင့် အားကစားရုံများရှိ စားသောက်ဆိုင်များအထိ ပါဝင်ပြီး ၂၀၁၆ မတ်လ ၁ ရက်မှစ၍ ချိုးဖောက်သူများမှာ ဒေါ်လာ ၂၀၀ ဒဏ်ကြေးဆောင်ရမည် ဖြစ်သည်။

    တရာစွဲဆိုမည့် အမျိုးသား စားသောက်ကုန်လုပ်ငန်းရှင်များအသင်းက ၎င်းတို့အဖွဲ့မှာ စားသောက်ဆိုင်ပေါင်း ငါးသောင်းကျော်ကို ထောက်ပံ့ပေးနေသော ကမ္ဘာ့အကြီးဆုံး အစားအသောက်ကုန်သွယ်မှု အသင်းကြီး ဖြစ်သည်ဟု ပြောဆိုထားသည်။

    Ref: Reuters

  • ရေပမာဏ ဘယ်လောက်သောက်ကြမလဲ

    ရေပမာဏ ဘယ်လောက်သောက်ကြမလဲ

    ဒီဇင်ဘာ ၁၂ ၊ ၂၀၁၅
    M-Media
    Drinking-water
    ရှေ့ခေတ်တွေးခေါ်ပညာရှင်တို့က အသက်ရှင်ရပ်တည်ဖို့ အခြေခံလိုအပ်ချက်တွေအနေနှင့် ရေ၊မြေ၊ မီးနှင့် လေတို့ဖြစ်တယ်လို့ တွေးဆ ခဲ့ကြတယ်။ ဒီကနေ့ခေတ်မှာတော့ တခြားအစိတ်အပိုင်း အမျိုးမျိုးလည်း လိုအပ်သေးတယ်ဆိုတာကို ကျွန်ုပ်တို့ သတိပြုမိကြတယ်။ ဖော်ပြပါ လိုအပ်ချက် လေးမျိုးကတော့ ကျွန်ုပ်တို့ရဲ့ ရှင်သန်ရပ်တည်မှုအတွက် အဓိကထားနေရတုန်းပါပဲ။

    ရေကတော့ ကျွန်ုပ်တို့ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းပေါ့။ ကမ္ဘာကြီးရဲ့ ၇၀% လူ့ကိုယ်ခန္ဒာရဲ့ (၆၅%-၇၀%) ဦးနှောက်ရဲ့ ၈၅ %၊ အရိုးတွေရဲ့ ၂၀%နှင့်ခြောက်သွေ့တဲ့ မျိုးစေ့တွေမှာ ၅%- ၁၀% အထိရေပါဝင်နေတယ်။ ကီလို ၆၀ လောက် ကိုယ်အလေးချိန်ရှိတဲ့ လူတစ်ယောက်မှာ ရေအလေးချိန်က ကီလို ၄၀ လောက်ရှိတယ်။ ထပ်လောင်းပြောရရင် ရေရဲ့မော်လီကျူးတည်ဆောက်ပုံက တခြားအရည်အသွေးနှင့် ခြားနားပြီး တစ်မူထူးခြားပါတယ်။ ရေရဲ့တည်ဆောက်ပုံကို လေ့လာကြည့်ရင် မီးလောင်လွယ်ပြီး မီးလောင်တာကို အားပေးတယ်လို့ ဆိုနိုင်ပါတယ်။ ရေမော်လီကျူးတစ်ခုမှာ မီးလောင်လွယ်တဲ့ ဓာတ်ငွေ့ (H+) နှင့် မီးလောင်ခြင်းကို အားပေးတဲ့ (O-) တို့ကို အတူတွေ့ရပါတယ်။

    အမြင့်တစ်နေရာကနေ မြေပြင်ကို ကျလာတဲ့ဝတ္တု၊ ပစ္စည်းအားလုံးဟာ အရှိန်တစ်ခုနှင့် ဆင်းသက်လေ့ရှိတယ်လို့ သိပံပညာရှင်တွေက ပြောကြတယ်။ ဒါပေမယ့်  မိုးစက်ရေလေးတစ်စက်ကတော့ ခြွင်းချက်ပဲပေါ့။ ရေဟာ အဲဒီနိယာမအတိုင်း ပြုမူမယ်ဆိုရင် ထိတွေ့သမျှ အရာတိုင်းကို ကျည်ဆံတောင့်လို ထိုးဖောက်သွားမှာပါ။ ဒါပေမယ့် မိုးရေစက်တွေဟာ လေထီးတွေ ရှိနေသလို ပုံသေအမြန်းနှုန်းနှင့်ပဲ ဆင်းသက်လာကြတယ်။ လိပ်ပြာတစ်ကောင်ရဲ့ တောင်ပံကို သိမ်မွေ့နူးညံ့မှုလေးနှင့် ထိတွေ့သလို နီလာပန်းရဲ့ ပွင့်ဖတ်ကလေးကိုလည်း ထိခိုက်မှုမရှိအောင် သက်ဆင်းပါတယ်။ (တစ်နည်းပြောရရင် မိုးရေဟာ ဂရုဏတော်တစ်ပါးလို့ ဆိုရမှာပါ။)

    ရေကို အကျဉ်းချုပ်လေ့လာကြည့်ရအောင်ပါ။ ကိုယ်ခန္ဓာ ကို အကျိုးပြုပုံနှင့် သောက်သုံးသင့်တဲ့ ရေပမာဏအကြောင်းပေါ့။

    ကိုယ်ခန္ဓာ အတွင်းရေရဲ့ ဆောင်ရွက်ချက်များ
    ============================
    ကိုယ်ခန္ဓာမှာ ရေရဲ့အကျိုးပြုပုံအားလုံးကို ကျွန်ုပ်တို့ရေတွက်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ အောက်ဖော်ပြပါ အချက်တွေဟာ ရေရဲ့ဦးဆုံးဆောင်ရွက်ပုံတချို့သာ ဖြစ်ပါတယ်။ ရေဟာ ကိုယ်ခန္ဒာအပူကို ထိန်းပေးတယ်။ သွေးဖြင့် သယ်ဆောင်လျှက်ရှိသော အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို ချွေးနှင့်ဆီးအဖြစ် ကိုယ်ခန္ဓာကနေ ထွက်သွားအောင် ကူညီပေးခြင်းအားဖြင့် သွေးရဲ့အက်ဆစ်ဗေ့စ်ဟန်ချက်ကို ထိန်းညှိပေးတယ်။ ဆဲလ်တွေအစာကို အရည်ပျော်ခြင်းနည်းဖြင့် စုပ်ယူစေနိုင်တယ်။ (ရေဟာ အကောင်းဆုံးသော အရည်ဖျော် ပစ္စည်းဖြစ်တယ်။) အစိုဓာတ်ကြောင့် သစ်စေ့တွေ အညှောင့်ပေါက်စေတယ်။ အရာဝတ္တုတွေ ဖလှယ်မှုကို ထိန်းပေးဖို့အတွက် ဆဲလ်အတွင်း ဒြပ်ပါဝင်သိပ်သည်းမှုကို စုစည်းပေးတယ်။

    ရေပမာဏဘယ်လောက်သောက်သုံးသင့်သလဲ။
    ===============================
    လူတွေဟာ တစ်နေ့မှာ ပျှမ်းမျှအားဖြင့် ရေ 2.5 လီတာ (ရေ ၁၀ ခွက်) ချွေးထွက်ခြင်း၊ အသက်ရှုသွင်း ရှုထုတ်ခြင်း၊ ဆီးသွားခြင်း၊ မစင်စွန့်ခြင်းအားဖြင့် ဆုံးရှုံးကြတယ်။ အသက်ရှုသွင်း ရှုထုတ်တဲ့အခါမှာတောင် ရေကိုဆုံးရှုံးနိုင်တယ်။ ဒီလို ဆုံးရှုံးသွားတဲ့ ရေ အားလုံးကို ပြန်ပြီးအစားထိုးရမှာဖြစ်တယ်။ အထူးသဖြင့် နို့စို့အရွယ်ကလေးငယ်တွေ အရည်ခမ်းခြောက်မှုမှ လွတ်ကင်းစေရန် မဖြစ်မနေ ရေနှင့်မကင်းရှိသင့်သူများနှင့် သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။

    ကျွန်ုပ်တို့ရဲ့ လိုအပ်မှုအားလုံးကို ရေနှင့် ဖြည့်ဆည်းပေးတာ မဟုတ်ပါဘူး။ တခြားသောက်စရာတွေ၊ အစားအသောက်တွေနှင့် လိုအပ်မှုကို ဖြည့်ဆည်းပေးကြရတယ်။ လူတစ်ယောက်ရဲ့ ရေငတ်မွတ်တာကို ပြေစေတဲ့ အကောင်းဆုံးအရာကတော့ ရေပါပဲ။ ဘယ်အရည်နှင့်မှ အစားထိုးလို့ မရပါဘူး။ လူတစ်ယောက်ဟာ ကျန်းမာပြီး ကျောက်ကပ်နှင့် အဆုတ်တွေ ပုံမှန်လှုပ်ရှားဆောင်ရွက်နိုင်ဖို့အတွက် တစ်နေ့လျှင် အနည်းဆုံး ရေရှစ်ခွက်သောက်သုံးသင့်ပါတယ်။ ကဖိန်းနှင့် အရက်တို့က ဆီးရွှင်ပြီး ရေဆုံးရှုံးမှု များစေတာမှန်ပေမယ့် ရေငတ်တဲ့အခါမှာတော့ ရေအစား အဲ့ဒီအရာတွေကို အစားမထိုးသင့်ပါဘူး။

    တခြားခြွင်းချက်တွေရော ရှိသေးလား။ အမှန်ပဲ၊ ရှိတာပေါ့။ ကျောက်ကပ်မှာ ကျောက်တည်နေရင် တစ်နေ့မှာ ရေဆယ်ခွက် (သို့) ဒီထက်ပိုပြီး သောက်သင့်တယ်လို့ အကြံပြုထားတယ်။ အမြင့်တစ်နေရာမှာရှိရင် ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု လုပ်တဲ့အခါ လူတစ်ယောက်အတွက် ရေလိုအပ်မှု ပမာဏတိုးလာသလိုပဲ။ ပူအိုက်ရင်၊ စိုစွတ်ရင်၊ ဒါမှမဟုတ် အေးတဲ့အခါ ရေပမာဏပိုပြီး လိုအပ်တယ်။ ဒီလိုအခြေအနေမျိုးတွေမှာ ရေကို အများကြီး သောက်သုံးရပါလိမ့်မယ်။

    ဘယ်လိုရေမျိုးတွေ သောက်သင့်သလဲ။
    ============================
    မြစ်ရေဟာ တွင်းရေထက်ပိုပြီး ကျန်းမာရေးနှင့် ညီညွတ်ပါတယ်။ တကယ်တော့ ညစ်ညမ်းမှုမရှိဘဲ သန့်စင်တဲ့ပတ်ဝန်းကျင်ကို ဖြတ်ပြီးစီးဆင်းလာတဲ့ မြစ်ရေဟာ အကောင်းဆုံး အမျိုးအစားဖြစ်ပြီး အမြင့်ကစီးဆင်းလာတဲ့ စမ်းရေလည်း အကျုံးဝင်ပါတယ်။ တစ်ဟုန်တိုးအားနှင့် စီးဆင်းလာတဲ့ ရေအမြောက်အမြားဟာ အကောင်းဆုံး ရေအမျိုးအစားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရေထုညစ်ညမ်းမှု အနှံ့အပြား ဖြစ်တာကြောင့် သန့်စင်တဲ့ မြစ်ရေကို ရှာဖွေရတာ ခက်ခဲလာပါပြီ။ အဝီစိတွင်းရေဟာ ရေသေဖြစ်လို့ PH များပါတယ်။ မြေအောက်ရေဟာ ယေဘုယျအနေနှင့် PH အဆင့်မြင့်တယ်။ ဂူတွေထဲမှာရှိတဲ့ ရေနှင့်တွင်းရေတို့က PH အဆင့်ပိုပြီး များပါသေးတယ်။ တခြားတစ်ဖက်မှာလည်း စမ်းရေဟာပေါ့ပြီး သောက်လို့ကောင်းတယ်။

    ရေကိုဘယ်အခါ သောက်သင့်သလဲ။
    ==========================
    အစားအသောက်ပြီးလို့ နှစ်နာရီ၊ သုံးနာရီအကြာမှာ ရေသောက်တာဟာ ကျန်းမာရေးနှင့် ညီညွတ်တဲ့လေ့ကျင့်မှုပဲပေါ့။ တချို့ပညာရှင်တွေရဲ့ အဆိုကတော့ အစားအသောက်စားနေတုန်း ရေသောက်တာဟာ ရောဂါရစေတယ်တဲ့။ ရေသောက်တာဟာ စားသောက်ချင်စိတ်ကို ပိုသိသာအောင် လှုံ့ဆော်ပေမယ့် ရင်ပူရင်ဆာ ဖြစ်တတ်ရင်တော့ အရသာရှိဖို့အတွက် အစားအသောက် စားနေတုန်းနှင့် စားအပြီးမှာ ရေသောက်သင့်တယ်။ ဗိုက်ဆာတဲ့အခါ ချွေးထွက်တဲ့အခါ၊ ရေချိုးပြီးစမှာ၊ ဝမ်းနှုတ်ဆေးစားတဲ့အခါမှာ ဒါမှမဟုတ် အသီးအနှံစားနေတဲ့အခါ ရေမသောက်သင့်ဘူး။ အထူးသဖြင့် ရေအေးကို မသောက်သင့်ပါဘူး။ အဲ့ဒီလို လုပ်တာဟာ ပိုပြီးရေဆာစေတာကြောင့်ပါပဲ။ စိတ်ရှည်ရှည်ထားရင်တော့ ရေဆာတာဟာ အလိုလို ပြေသွားပါလိမ့်မယ်။ ရေကို ထိုင်နေတုန်းသောက်ဖို့ အကြံပြုထားပါတယ်။

    ရေပမာဏကိုထိန်းခြင်း
    =================
    လူ့ကိုယ်ခန္ဓာမှာရှိတဲ့ ရေပမာဏကို ဦးနှောက်မှာရှိတဲ့ ဟိုက်ပိုသာလာမတ်စ် (hypothalamus) ကထိန်းညှိပေးထားတယ်။ အက်ပီစီစစ် (epiphysis) က ထုတ်ပေးတဲ့ ADH (vasopressin) ဟော်မုန်းက ကိုယ်ခန္ဓာမှာရှိတဲ့ ရေ ပမာဏကို ပြုပြင် ထိန်းသိမ်းပေး တယ်။ ရေဖိအားနှင့် ထုထည်မသိမသာလေး ပြောင်းလဲတာကို နှလုံးမှာရှိတဲ့ (osmotic receptors) အော်စမိုတစ် ရီဆက်ပ်တာရယ်၊ သွေးပြန်ကြောတွေ မှာရှိတဲ့ (ဖိအား အားရုံခံစားလွယ်တဲ့ ရီဆက်ပ်တာ) ဘရိုရီတက်ပ်တာ (baro-receptors) တွေက ချက်ချင်းသိရှိနိုင်တယ်။ ဒီရီဆက်ပ်တာတွေက ရေဖိအားနဲ့ ထုထည်တစ်စုံတစ်ရာ အပြောင်းအလဲကို သိရှိနိုင်ပြီး ဟန်ချက်မညီ ဖြစ်တဲ့အကြောင်း ဦးနှောက်ကို သတင်းပို့တယ်။ အက်ပီဖီစစ် (epiphysis) ရဲ့ နောက်ဘက်ပိုင်းက ထုတ်ပေးတဲ့ ADH ဟော်မုန်းက ကျောက်ကပ်တွေကို ရေစုပ်ယူပြီး အညစ်အကြေးစွန့်ထုတ်မှုကို လျော့စေပါတယ်။

    ရေပမာဏ အမြောက်အများသောက်သူံးခြင်းက ဘာကိုဖော်ပြသလဲ
    ====================================
    ယေဘုယျအနေနှင့် ရေများများသောက်ခြင်းဟာ ဘာပြသာနာမှ မရှိပါဘူး။ ရေအရမ်းဆာတာ၊ ဆီးသွားလွန်းတာဟာ ဆီးချိုရောဂါ လက္ခဏတစ်ခု ဖြစ်သလို ဆီးချို (inspidus) အင်စပီးဒပ်စ် ကိုရည်ညွှန်းတာလည်း ဖြစ်နိုင်တယ်။

    ရိုးရိုးအားလုံးသိကြတဲ့ ဆီးချိုရောဂါဟာ အင်ဆူလင် ဟော်မုန်းနှင့် ဆက်စပ်မှုရှိပါတယ်။ ADH ဟော်မုန်းချို့တဲ့ခြင်းကရတဲ့ ဆီးချို အင်စပီးဒပ်စ်ဟာ ကိုယ်ခန္ဒာမှာ ရေပမာဏဟန်ချက်မညီတာကို ဖြစ်စေတယ်။ ဒါကြောင့် ရေအရမ်းငတ်တာ၊ ဆီးလွန်တာမျိုးဖြစ်တဲ့အခါ ဆရာဝန်နှင့် ဆွေးနွေးပြီး အကြံဥာဏ်ယူရမှာ ဖြစ်တယ်။ ကိုယ်လက်လှုပ်ရှားမှု လုပ်နေတုန်း ရေငတ်တာဟာ ကောင်းတဲ့လက္ခဏ တစ်ခုမဟုတ်ဘူး။ သုတေသီတွေရဲ့ အဆိုအရကတော့ ကိုယ်လက်လှုပ်ရှားမှု မလုပ်ခင်နှင့် အလုပ်ကြမ်း ပင်ပင်ပန်းပန်းမလုပ်ခင် ရေကို အလုံအလောက် သောက်သင့်တယ်။ ပုံမှန်အနေနှင့် ပထမတစ်နာရီမှာ ကိုယ်ခန္ဓာအတွက် ရေတော်တော်များများ လိုအပ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်လက်လှုပ်ရှားမှု လုပ်နေတုန်းမှာတော့ မိနစ် ၂၀ မှာ ရေတစ်ကြိမ် သောက်သင့်ပါတယ်။

    (Katir Demircanes How Much Water Should We Drink ကို ဘာသာပြန်ဆိုရေးသားသည်)

    မမချို

  • ဆီးရီးယားတွင် IS အား တိုက်ခိုက်မှုအတွင်း ဂျာမနီ ပါဝင်မည်

    ဆီးရီးယားတွင် IS အား တိုက်ခိုက်မှုအတွင်း ဂျာမနီ ပါဝင်မည်

    ဒီဇင်ဘာ ၅၊ ၂၀၁၅
    M-Media

    german

    – ဆီးရီးယားတွင် IS ကို ချေမှုန်းရန် ရည်ရွယ်သော စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်ရန်အတွက် ဂျာမနီအဓိပတိ အိန်ဂျလာမာကဲလ်၏ အစီအစဉ်ကို ပါလီမန်က ယမန်နေ့တွင် အတည်ပြုဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    ဂျာမနီသည် IS ဆန့်ကျင်ရေး နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့ကို အထောက်အပံ့ပေးရန် Tornado ထောက်လှမ်းရေးဂျက်လေယာဉ် ခြောက်စီးနှင့် ဆီဖြည့်လေယာဉ်တစ်စီးကို ပေးပို့မည် ဖြစ်သော်လည်း ဂျာမန်စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများတွင် ၀င်ရောက်စွက်ဖက်မည်မဟုတ်ပေ။

    ဒေါ်လာ ၁၄၂ သန်း ကုန်ကျမည့် အဆိုပါ နှစ်ရှည်စီမံကိန်းတွင် စစ်သား ၁၂၀၀ ထိ တပ်ဖြန့်ထားမှုများ အပါအ၀င် ဆီးရီးယားသို့ စေလွှတ်ထားသည့် ပြင်သစ်လေယာဉ်တင်သင်္ဘော ချားလ်စ်ဒီဂေါကို စောင့်ကြပ်လိုက်ပါပေးမည့် ဖရီးဂိတ်စစ်သင်္ဘောတစ်စီးလည်း ပါဝင်မည်ဖြစ်သည်။

    IS ကို တိုက်ခိုက်ချေမှုန်းနေသော ပြင်သစ်နှင့် အခြားသော မဟာမိတ်အဖွဲ့များကို ထောက်ပံ့ရန်အတွက် အစိုးရ၏ ထိုအစီအစဉ်ကို ပြည်သူအများစုကလည်း ထောက်ခံခဲ့ကြသည်။ လူထုဆန္ဒကောက်ခံမှုစစ်တမ်းတွင် IS ကို ချေမှုန်းတိုက်ခိုက်နေသည့် တပ်ဖွဲ့များအား စစ်ရေးအကူအညီပေးသင့်ကြောင်း ၅၈ ရာခိုင်နှုန်းကသဘောတူခဲ့ပြီး ၃၇ ရာခိုင်နှုန်းကမူ ငြင်းဆိုခဲ့သည်။

    Ref: Aljazeera

  • မတူကွဲပြားသည့် ဘာသာတရားများရဲ့ အလှတရားများအတွက် အနုပညာပြပွဲကျင်းပ

    မတူကွဲပြားသည့် ဘာသာတရားများရဲ့ အလှတရားများအတွက် အနုပညာပြပွဲကျင်းပ

    ဒီဇင်ဘာ ၄၊ ၂၀၁၅
    M-Media
    မိုးစက်
    5
    ရန်ကုန်။    ။ မတူကွဲပြားသည့် ဘာသာတရားများရဲ့ အလှတရားများကို ဖော်ညွှန်းထားသည့် The Beauty of Religious  Diversity ဆိုသည့် ခေါင်းစဉ်ဖြင့် အနုပညာ ပြပွဲတစ်ရပ်ကို ရန်ကုန်မြို့ရှိ ဘာသာရေး အဆောက်အအုံများတွင် ကျင်းပပြုလုပ်လျှက် ရှိနေပါတယ်။

    ထိုပြပွဲကို Smile Education မှ ဦးဆောင်ကျင်းပပြီး ဘာသာရေး အဆောက်အအုံများမှ တာဝန်ရှိ ပုဂ္ဂိုလ်များက ပူးပေါင်းဆောင်ရွက်ကြောင်း သိရပါတယ်။

    “မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဘာသာရေးပဋိပက္ခတွေ ချုပ်ငြိမ်းသွားဖို့ လူငယ်တွေရဲ့ ဖြစ်ချင်တဲ့ ဆန္ဒနဲ့ လူငယ်အနုပညာရှင်တွေက ကိုယ်ပိုင်ဖန်တီးပြီးတော့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးကို ဆောင်ရွက်တာဖြစ်ပါတယ်” လို့ ယခုကဲ့သို့ ပွဲပြုလုပ်ရခြင်းနှင့် ပတ်သတ်ပြီး Smile Education မှ Project Co-coordinator ဖြစ်သူ မမြတ်ဖြိုးဖြိုးရှိန်က M-Media ကိုပြောပါတယ်။

    ဘာသာပေါင်းစုံက မတူညီပေမယ့်လည်း အလှတရားပေါင်းစုံရှိတယ်ဆိုတာကို ဖော်ကျူးထားတဲ့ အနုပညာတွေဖြစ်ပြီး ဘာသာရေးလွတ်လပ်ခွင့်အနေနှင့် ပရောဂျက်တစ်ခု ပြုလုပ်ခြင်း ဖြစ်ကြောင်းကိုလည်း သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    အဆိုပါအနုပညာပြပွဲတွင် ဘာသာပေါင်းစုံအလှတရားကို ဖော်ကျူးထားသည့် ပန်းချီကားများ၊ ကဗျာများ၊ ဓာတ်ပုံများ ပါဝင်ပါတယ်။

    “ဒီပြပွဲလေးမှာ ဘာသာတရားတို့ရဲ့ ကွဲပြားစုံလင်မှုနဲ့ အလှတရားတွေ ပါဝင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပူးပေါင်း ပါဝင်ရတာလည်း မြန်မာနိုင်ငံမှာရှိတဲ့ ဘာသာရေး အမုန်းတရားတွေကို ပျောက်ပျက်စေချင်လို့ပါ” ၅၉လမ်း ဆုတောင်းပြည့် ဗလီဝတ်ကျောင်းတော် ကုရ်အာန် အသိပညာပြန့်ပွားရေး အဖွဲ့ မှ ဦးဆန်းအောင်က သုံးသပ်ပြောဆိုခဲ့ပါတယ်။

    ထိုအနုပညာပြပွဲကို ဒီဇင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့ထိ ဓမ္မပီယဘုန်းကြီးကျောင်း၊ ၅၉လမ်း ဆုတောင်းပြည့် ဗလီဝတ်ကျောင်းတော်၊ မဟာသျှီဝ ဟိန္ဒူဘုရားကျောင်း၊ စိန်မေရီကာဒီနယ် ချာလ်ဘိုကျောင်း တို့တွင် တစ်ရက်စီ ပြသသွားမှာ ဖြစ်ပါတယ်။

    1 2 4