News @ M-Media

ကမ္ဘာတစ်ဝှမ်း ပိုလီယိုအမြစ်ပြတ်ရေးတွင် ယူအေအီးက ၅ နှစ်အတွင်း ဒေါ်လာ ၁၉၄ သန်း ထောက်ပံ့ခဲ့

ဒီဇင်ဘာ ၈၊ ၂၀၁၅
M-Media

uae

– အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံမှာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ပိုလီယိုရောဂါ အမြစ်ပြတ် တိုက်ဖျက်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွင် ကန်ဒေါ်လာ ၁၉၄ သန်း ထောက်ပံ့ခဲ့သည်ဟု နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါသတင်းမှာ အဘူဒါဘီတွင်ကျင်းပသော ပိုလီယိုရောဂါ အမြစ်ပြတ်တိုက်ဖျက်ရေး သူရဲကောင်းများ ဆုပေးပွဲ အခမ်းအနားနှင့် တိုက်ဆိုင်စွာ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ ယူအေအီးနိုင်ငံမှ ထောက်ပံ့ပေးခဲ့သည့် အဆိုပါပမာဏမှာ ပိုလီယိုရောဂါ တိုက်ဖျက်ရေးအတွက် ကန်ဒေါ်လာ သန်း ၁၂၀ ကူညီမည်ဟု ၂၀၁၃ ခုနှစ် ဧပြီလတွင် အဘူဒါဘီ၌ ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကာကွယ်ဆေး ထိပ်သီးအစည်းဝေး၌ အဘူဒါဘီအိမ်ရှေ့မင်းသားက ကတိပြုခဲ့သည့် ပမာဏလည်း ပါဝင်သည်။

၂၀၁၁ ခုနှစ်တွင် အဘူဒါဘီ အိမ်ရှေ့မင်းသားနှင့် ဂိတ်ဖောင်ဒေးရှင်းအဖွဲ့တို့ ပူးပေါင်းကာ အာဖဂန်နှင့် ပါကစ္စတန်ရှိ ကလေးငယ်များအတွက် ပိုလီယိုကာကွယ်ဆေးများ ၀ယ်ယူနိုင်ရေး ဒေါ်လာ သန်း ၁၀၀ ဖိုး ထောက်ပံ့ပေးရန် ကတိပြုခဲ့ကြသည်။ အဆိုပါ ပမာဏ၏ သုံးပုံတစ်ပုံကို ၃ နှစ်အတွင်း ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးရာတွင် အသုံးပြုရန် လျာထားခဲ့သည်။

၂၀၁၃-၁၄ ခုနှစ်တွင်မူ UAE နှင့် ဂိတ်စ်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ပါကစ္စတန်တွင် ပြုလုပ်သော ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းအတွက် အဆိုပါ ရန်ပုံငွေများကို အသုံးပြုခဲ့သည်။

ဝန်ကြီး ရှိခ်ခါ အလ်ကာဆီမီကမူ ကမ္ဘာ့ပိုလီယိုရောဂါတိုက်ဖျက်ရာတွင် UAE ၏ ဦးဆောင်ဦးရွက် ပြုပေးခဲ့ခြင်းအပေါ် ကျေးဇူးတင်ခဲ့ပြီး UAE သည် အကြပ်အတည်းနှင့် ဘေးဒုက္ခများအတွက် နိုငံတကာ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

Ref: INNA News

Comments

Leave a Reply