News @ M-Media

Blog

  • နယူးဇီလန်တွင် ရဟတ်ယာဉ်ပျက်ကျ လူ ၇ ဦးသေဆုံး

    နယူးဇီလန်တွင် ရဟတ်ယာဉ်ပျက်ကျ လူ ၇ ဦးသေဆုံး

    နိုဝင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    heli

    – နယူးဇီလန်နိုင်ငံ South Island ရှိ ရေခဲပြင်ထဲသို့ ရဟတ်ယာဉ်တစ်စင်း ယနေ့တွင် ပျက်ကျမှုကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ ၇ ဦးစလုံး သေဆုံးခဲ့သည်ဟု သိရသည်။

    ရဲတပ်ဖွဲ့ ကယ်ဆယ်ရေးမှ ရိုက်ကူးထားသည့် ဓာတ်ပုံများအရ ရဟတ်ယာဉ်ပျက် အပိုင်းအစများမှာ အလွန်ကြီးမားသည့် ရေခဲအက်ကြောင်းကြီးထဲသို့ စိုက်ဝင်နေသည်ကို တွေ့ရှိခဲ့ရသည်။ တာဝန်ရှိသူများကမူ ဆိုးရွားသော ရာသီဥတုနှင့် လေယာဉ်ပျံသန်းရန်အတွက် မသင့်တော်သော အခြေအနေတို့က ကယ်ဆယ်ရေးလုပ်ငန်းများကို အနှောက်အယှက်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    မြေပြင်သို့ ဆင်းသက်ကာ ပြုလုပ်နေသည့် ကယ်ဆယ်ရေးအဖွဲ့ကမူ လိုက်ပါသွားသူများတွင် အသင်ရှင်သူမရှိဟု ဆိုသည်။ South Island မှာ ကမ္ဘာလှည့်ခရီးသွားများအကြား ရေပန်းစားရာ ဒေသဖြစ်ပြီး ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသူ ၇ ဦးထဲမှ ၆ ဦးမှာ နိုင်ငံခြားသားများဖြစ်သည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။

    Ref: Aljazeera

  • အရည်အသွေးမြင့် ကစားသမားများကို ထိန်းသိမ်းမည်ဟု ကလော့ပ်ပြော

    အရည်အသွေးမြင့် ကစားသမားများကို ထိန်းသိမ်းမည်ဟု ကလော့ပ်ပြော

    နိုဝင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    liver

    – အသင်းနေဖြင့် လာမည့်နှစ်များတွင် အရည်အသွေးမြင့် ကစားသမားများကို ထိန်းသိမ်းသွားရမည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ဆွာရက်ဇ်ကို ထိန်းထားနိုင်ခြင်းမရှိခဲ့သည့် လီဗာပူးလ်မှာ ပြီးခဲ့သည့်နှစ်က ရဟီမ်းစတာလင်ကို မန်စီးတီးသို့ ပေါင် ၄၉ သန်းဖြင့် လက်လွှတ်ခဲ့ရသည်။ ယခုတစ်ပတ်တွင် စတာလင်မှာ လီဗာပူးလ်အသင်းနှင့် ပြန်လည် တွေ့ဆုံရမည်ဖြစ်သည်။

    “စတာလင်ရဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှ မသိပါဘူး။ ဒါပေမယ့် အဲဒါမျိုးနဲ့တူညီတဲ့ ဇာတ်လမ်းမျိုးတွေကိုတော့ ကျွန်တော် ကြားဖူးပါတယ်။ ဘယ်ကစားသမားမှ ထွက်မသွားချင်တဲ့ ကလပ်အသင်းဖြစ်လာအောင် ကျွန်တော် ကြိုးစားချင်ပါတယ်။ ဒါမျိုးကို ကျွန်တော်တို့ လုံးဝ လုပ်ရမယ့်အရာပါ။ ပြီးတော့ လုပ်လို့လည်း ရနိုင်ပါတယ်။ သွားရမယ့်ခရီးက ရှည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စလုပ်ရမှာဖြစ်ပြီး ဖြစ်လည်း ဖြစ်လာနိုင်မှာပါ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal

  • မွတ်စလင်ဆန့်ကျင်ရေး လုပ်ရပ်ကို ပြင်သစ်ပြည်ထဲရေးဝန်ကြီး ရှုတ်ချ၊ နိုင်ငံသားတိုင်း ညီညွတ်ကြရန် သမ္မတ တိုက်တွန်း

    မွတ်စလင်ဆန့်ကျင်ရေး လုပ်ရပ်ကို ပြင်သစ်ပြည်ထဲရေးဝန်ကြီး ရှုတ်ချ၊ နိုင်ငံသားတိုင်း ညီညွတ်ကြရန် သမ္မတ တိုက်တွန်း

    နိုဝင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    france

    – ပြင်သစ်နိုင်ငံမြောက်ပိုင်းတွင် မွတ်စလင်များနှင့် ဂျူးများအပေါ် ပစ်မှတ်ထားခဲ့သည့် လူမျိုးရေးတိုက်ခိုက်မှုများကို ပြည်ထဲရေးဝန်ကြီး ဘားနတ် ကာဇန်နျူဗီက ကြာသာပတေးနေ့တွင် ရှုတ်ချ ပြောဆိုလိုက်သည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မာဆေးလ်မြို့ရှိ မြေအောက်ရထားလိုင်းတစ်ခုတွင် ဟီဂျဘ်ဝတ်ဆင်ထားသည့် မွတ်စလင်အမျိုးသမီးတစ်ဦးမှာ လူအုပ်စုတစ်ခု၏ ရန်ပြုခံရကာ၊ ထိုးကြိတ်ကန်ကျောက်ခြင်း ခံခဲ့ရသည်။ နောက်ပိုင်းတွင် သူမကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး အသက်အန္တရာယ် စိုးရိမ်ရခြင်း မရှိချေ။

    ကာဇန်နျူဗီကမူ ထိုတိုက်ခိုက်မှုအတွင်း တာဝန်ရှိသူများကို တွေ့အောင်ရှာဖွေကာ တရားစွဲဆိုသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဗုဒ္ဓဟူးနေ့ကလည်း ပြင်သစ်သမ္မတ ဖရန်ကိုအစ် ဟော်လန်ဒေးက အကြမ်းဖက်ဝါဒအား တိုက်ဖျက်ရာတွင် ပြည်သူများအနေဖြင့် စည်းလုံးညီညွှတ်ကြရန် လိုအပ်ပြီး ထိုအကြမ်းဖက်ဝါဒ၏ ပစ်မှတ်မှာ ပြည်သူများအကြား သွေးကွဲရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “နိုင်ငံခြားသားကြောက်၊ ဂျူးဆန့်ကျင်ရေးတိုက်ခိုက်မှု ဒါမှမဟုတ် မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုတွေ အားလုံးကို သည်းခံသွားမှာ မဟုတ်ပါဘူး” ဟု ပြင်သစ်ရှိ မြို့တော်ဝန်များသို့ ပြောကြားသည့် မိန့်ခွန်းတွင် ဟော်လန်ဒေးက ထည့်သွင်းပြောဆိုခဲ့သည်။

    ကာဇန်နျူဗီကလည်း “တိုက်ခိုက်ခံရသူတွေကို အားပေးထောက်ခံသလိုပဲ မာဆေးလ်မှာရှိတဲ့ ဂျူးတွေ၊ မွတ်စလင်တွေရဲ့ ဘာသာတရားကိုလည်း အားပေးကာကွယ်သွားမှာပါ။ ဖော်ပြလို့မရတဲ့ ဒီ လုပ်ရပ်တွေ ကျူးလွန်သူကို ရှာဖွေဖမ်းဆီးဖို့ အားလုံးကို ဆောင်ရွက်သွားမှာပါ။ သူတို့ တရားရုံးမှာ အဖြေပေးရပါလိမ့်မယ်”

    Ref: IINA News

  • တရုတ်မိုင်းတွင်း မီးလောင်မှု လူ ၂၁ ဦး သေဆုံး

    တရုတ်မိုင်းတွင်း မီးလောင်မှု လူ ၂၁ ဦး သေဆုံး

    နိုဝင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    – တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေလိုဂျီယန်းပြည်နယ်ရှိ ကျောက်မီးသွေး မိုင်းတွင်းတစ်ခုတွင် ယမန်နေ့ ညပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့သောကြောင့် လူ ၂၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။

    မီးလောင်သည့်အချိန်တွင် မိုင်းတွင်းမြေအောက်၌ အလုပ်သမား ၃၈ ဦး အလုပ်လုပ်နေပြီး ၁၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ သေဆုံးသူစာရင်းကိုလည်း တာဝန်ရှိသူများက အတည်ပြုခဲ့သည်။ ပျောက်ဆုံးနေသူ တစ်ဦးကို မိမိတို့က ရှာဖွေမှုများ ပြုလုပ်နေသည်ဟု ၎င်းတို့က ထည့်သွင်းပြောကြားခဲ့သည်။

    တရုတ်နိုင်ငံရှိ မိုင်းတွင်းများမှာ ကမ္ဘာပေါ်တွင် အသေအပျောက်အများဆုံး မိုင်းတွင်းများဖြစ်ပြီး ပြီးခဲ့သည့်နှစ်အတွင်း မိုင်းတွင်မတော်တဆမှုများကြောင့် သေဆုံးသူအရေအတွက်မှာ ၉၃၁ ဦး ရှိခဲ့သည်။ မိုင်းတွင်းပိုင်ရှင်များမှာ ၎င်းတို့လုပ်ငန်းအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး စနစ်များကို စနစ်တကျ ဆောင်ရွက်ထားမှု မရှိချေ။ တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ကျောက်မီးသွေးထုတ်လုပ်မှု အမြင့်ဆုံး နိုင်ငံလည်းဖြစ်သည်။

    Ref: Aljazeera

  • ဘလတ္တာနှင့် ပလာတီနီတို့ ဘောလုံးလောကမှ အပြီး ထွက်ရဖွယ်ရှိနေ

    ဘလတ္တာနှင့် ပလာတီနီတို့ ဘောလုံးလောကမှ အပြီး ထွက်ရဖွယ်ရှိနေ

    နိုဝင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    fifa

    – ၂၀၁၁ ခုနှစ်က ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီထံ ဖီဖာဥက္ကဌ ဘလတ္တာမှ ကန်ဒေါ်လာ ၁.၃ သန်း ပေးချေခဲ့မှုတွင် မသမာမှုများရှိခဲ့သည်ဆိုသည်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ အဆုံးသတ်ပြီးနောက် ၎င်းတို့နှစ်ဦးအား ပိတ်ဆို့မှုများ ပြုလုပ်ရန် ဖီဖာက တောင်းဆိုခဲ့သည်ဟု သိရသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ဆွဇ်ဇာလန် တရားသူကြီးများက စွပ်စွဲခဲ့ပြီးနောက်ပိုင်း ၎င်းတို့ ၂ ဦးအား ဖီဖာက ရက်ပေါင်း ၉၀ ရာထူးမှ ယာယီအနားပေးခဲ့ပြီး ကျင့်ဝတ်ကော်မတီကလည်း စုံစမ်းစစ်ဆးမှုများ ပြုလုပ်ခဲ့သည်။ ဘလတ္တာနှင့် ပလာတီနီတို့မှာ အယူခံများ ၀င်ထားပြီး ၎င်းတို့အား ရာထူးမှ ရပ်ဆိုင်းထားမှုကို ရုပ်သိမ်းရန် တောင်းမှုအား ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖီဖာမှ ပယ်ချခဲ့သည်။

    ယနေ့တွင် ဖီဖာက ထိုစုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ အဆုံးသတ်ပြီး နောက်ဆုံးအစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ဘလတ္တာနှင့် ပလာတီနီတို့မှာ နှစ်ရှည်ပြစ်ဒဏ်များ ချမှတ်ခံရဖွယ် ရှိနေသည်။ ဘလတ္တာမှာ ဖီဖာဥက္ကဌရာထူးမှ နှုတ်ထွက်တော့မည်ဟု ပြီးခဲ့သည့်မေလက ကြေငြာခဲ့ပြီး ပလာတီနီက ထိုနေရာကို ရယူရန် ရေးပန်းစားသော်လည်း ယခုကိစ္စကြောင့် ဖြစ်မလာတော့ပေ။

    Ref: Goal