နိုဝင်ဘာ ၂၅၊ ၂၀၁၅
M-Media
– ၆ ကြိမ်မြောက် အာရှစီးပွားရေး ခေါင်းဆောင်မှုဖိုရမ် ABLF ကို ယူအေအီး ယဉ်ကျေးမှု၊ လူငယ်နှင့် လူမှုဖွံ့ဖြိုးရေးဌာန
ဝန်ကြီး ရှိခ် နဟ်ယန် ဘင် မူဘာရက် အလ် နဟ်ယန်၏ စီစဉ်မှုဖြင့် ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် ဒူဘိုင်း၌ ကျင်းပပြုလုပ်မည်ဟု သိရသည်။
ဖိုရမ်၏ ခေါင်းစဉ်မှာ Technology and Disruptive Innovation in 21st Century Asia ဖြစ်ပြီး ထိုဖိုရမ်တွင် ဒေသတွင်းနှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ အာရှတွင် ပိုကောင်းသည့်အနာဂတ်ကို ဖန်တီးရေးနှင့် ပတ်သက်သည့် ဆွေးနွေးမှုများကို ပြုလုပ်သွားမည်ဟု နဟ်ယန်က ထည့်သွင်း ပြောကြားခဲ့သည်။
ABLF 2015 ဖိုရမ် ကျင်းပမှုတွင် ဒူဘိုင်းကုန်သည်ကြီးများအသင်းကလည်း မိတ်ဖက်အဖြစ် ပါဝင်မည်ဖြစ်ပြီး အာရှမှ စီးပွားရေးခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းကြီးများ တက်ရောက်မည်ဖြစ်ကာ ယူအေအီးတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုဆောင်ရွက်ရေးနှင့် ကမ္ဘာ့စီးပွားရေးစင်တာသစ်အဖြစ် အသက်သွင်းရေးတို့ကို ရည်ရွယ် ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။
အဆိုပါ ဖိုရမ်ကြောင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းတို့မှတစ်ဆင့် ယူအေအီးက အခြားသော အာရှနိုင်ငံများနှင့် စီးပွားရေး ဆက်စပ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အာရှ၏ လာမည့်ရာစုနှစ်များတွင် ပိုမို မျှတပြီး တာဝန်ယူနိုင်စွမ်းရှိသည့် အနာဂတ်ကို မောင်းနှင်ပေးမည့် ခိုင်မာသော တိုးတက်မှုကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
ပြီးခဲ့သည့်နှစ်များအတွင်း ပြုလုပ်ခဲ့သည့် ABLF ဖိုရမ်များတွင် ထိပ်တန်းစီးပွားရေးခေါင်းဆောင်များနှင့် အဖွဲ့အစည်း ၂၇၀၀၀ ကျော် ပါဝင်ခဲ့ကြပြီး အာရှနိုင်ငံပေါင်း ၁၄ နိုင်ငံတွင် စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ကုန်သွယ်ရေး၊ အုပ်ချုပ်ရေးနှင့် ပေါ်လစီ ရေးကာ ဖိုရမ်ပေါင်း ၂၃ ခုကို ဆွေးနွေးနိုင်ခဲ့သည်။ ထို့ပြင် ABLF စွမ်းဆောင်ရှင်များဆုကိုလည်း ချီးမြှင့်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ ခေါင်းဆောင်ပေါင်း ၆၈ ဦးက ဆွတ်ခူးရရှိခဲ့သည်။
ယခုနှစ် ဖိုရမ်တွင်မူ အမျိုးသမီးများ ခေါင်းဆောင်မှုဆိုင်ရာ အကျိုးသက်ရောက်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုတို့နှင့် ပတ်သက်၍လည်း ဆွေးနွေးသွားမည်ဖြစ်သည်။
ကမ္ဘာကြီးတွင် နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အပြောင်းအလဲက အာရှနိုင်ငံအတွင်း စီးပွားရေးနှင့် တိုးတက်မှုများ၊
ရေရှည်ခံသည့် ဖွံ့ဖြိုးမှုအတွက် ဒေသတွင်းနှင့် နိုင်ငံတကာ နည်းလမ်းများ၊ အယူအဆများတွင် မည်ကဲ့သို့ ပြောင်းလဲသည်ဆိုသည်ကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။
Ref: IINA News
Leave a Reply
You must be logged in to post a comment.