News @ M-Media

Blog

  • ရုရှားလေယာဉ်ကို ဆီးရီးယားနယ်စပ်တွင် တူရကီပစ်ချ

    ရုရှားလေယာဉ်ကို ဆီးရီးယားနယ်စပ်တွင် တူရကီပစ်ချ

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    turkey

    – ဆီးရီးယားနယ်စပ်အနီးရှိ ရုရှားတိုက်လေယာဉ်တစ်စီးကို မိမိတို့က ယနေ့တွင် ပစ်ချလိုက်သည်ဟု တူရကီ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

    မိမိတို့၏ လေပိုင်နက်ကို ယနေ့မနက်ပိုင်းက ချိုးဖောက်ဝင်ရောက်မှုကြောင့် ဆောင်ရွက်ရမည့် ဥပဒေများနှင့်အညီ ဆောင်ရွက်ပြီး ပစ်ချလိုက်ခြင်းဖြစ်ကာ သမ္မတရုံးကလည်း ရုရှားတိုက်လေယာဉ်ဟု အတည်ပြုခဲ့သည်။ ထို့ပြင် ပစ်မချခင် မိမိတို့မှာ သတိပေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

    သတင်းများ၏ ဖော်ပြချက်အရ အဆိုပါလေယာဉ်မှာ ဆီးရီးယားနိုင်ငံ လာတာကီယာမြို့ရှိ ယာမာဒီရွာတွင် ပျက်ကျသွားခြင်းဖြစ်သည်ဟု သိရသည်။ တူရကီစစ်တပ်မှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ရုရှားတိုက်လေယာဉ်မှာ ဟာတေပြည်နယ်ရှိ တူရကီလေပိုင်နက်အတွင်းသို့ ၀င်ရောက်လာခြင်းဖြစ်ပြီး ၅ မိနစ်အတွင်း ၁၀ ကြိမ် သတိပေးခဲ့သည်ဟု ဖော်ပြခဲ့သည်။

    ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း Su-24 တိုက်လေယာဉ်တစ်စင်းမှာ မြေပြင်မှ တိုက်ခိုက်မှုကြောင့် ဆီးရီးယားတွင် ပျက်ကျသွားသည်ဟု အတည်ပြုခဲ့သည်။ ထို့ပြင် ထိုပျက်ကျမှုအတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု ဆိုကာ မိမိတို့လေယာဉ်မှာ ဆီးရီးယား လေပိုင်နက်အတွင်းသာ ရှိနေပြီး တိုက်ရိုက်စောင့်ကြည့်သည့် အချက်အလက်များက ထိုအချက်ကို အတည်ပြုနေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် လေယာဉ်မှူး ၂ ဦးမှာ လေထီးဖြင့် ခုန်ထွက်လွတ်မြောက်သွားသည်ဟု မျက်မြင်သက်သေများ၏ ပြောကြားမှုများအရ သိရသည်။

    Ref: Aljazeera

  • ဒီမာရီယာ၏ Facebook ပေ့ခ်ျ ဖယ်ရှားခံရ

    ဒီမာရီယာ၏ Facebook ပေ့ခ်ျ ဖယ်ရှားခံရ

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    psg

    – ပီအက်စ်ဂျီအသင်းတွင် ရော်နယ်ဒိုနှင့် ပြန်လည် တွဲကစားရတော့မည်ဟူသော မှတ်ချက်ရေးသားမှုကြောင့် ပီအက်စ်ဂျီကွင်းလယ်လူ ဒီမာရီယာ၏ အမည်ဖြင့် Facebook အကောင့်တစ်ခုမှာ ဖယ်ရှားခံလိုက်ရသည်ဟု သိရသည်။

    ဒီမာရီယာအမည်ဖြင့် အဆိုပါအကောင့်တွင် ၎င်းနှင့် ရိုနယ်ဒိုတို့၏ နှစ်ဦးပုံကို လွှင့်တင်ထားပြီး “ခရစ္စယာနို ရော်နယ်ဒိုရေ – မကြာမီဆုံရတော့မယ် သူငယ်ချင်း” ဟု ရေးသားထားသည်။

    ရော်နယ်ဒို၏ ရီးယဲလ်နှင့် အနာဂတ်မှာ မသေချာဟု သတင်းများ ထွက်ပေါ်နေပြီး ပြီးခဲ့သည့် ရီးယဲလ်နှင့် ပီအက်စ်ဂျီတို့၏ ချန်ပီယံလိဂ်ပွဲတွင်လည်း ရော်နယ်ဒိုမှာ ပီအက်စ်ဂျီနည်းပြနှင့် လက်ဆွဲနှုတ်ဆက်ခဲ့သောကြောင့် အသင်းပြောင်းတော့မည်ဆိုသည့် ကောလဟာလများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့သည်။

    သို့သော်လည်း ထိုစာမျက်နှာမှာ ဒီမာရီယာ ကိုယ်တိုင်သုံးသည့် အကောင့်မဟုတ်ဘဲ မည်သူက ကိုင်တွယ်အသုံးပြုနေသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရှိရပေ။ ဒီမာရီယာ၏ဇနီး ဂျော်ဂျီလီနာ ကာဒိုဆိုကလည်း ထိုပို့စ်ကို ၎င်း၏ခင်ပွန်းက တင်ခဲ့ခြင်းမဟုတ်ဟု Instagram တွင် ပြန်လည် ရှင်းလင်းခဲ့သည်။

    “အိန်ဂျဲလ် (ဒီမာရီယာ) ဟာ Facebook မသုံးပါဘူး။ Twitter လည်း မသုံးပါဘူး”

    ထိုဓာတ်ပုံနှင့် ပို့စ်တင်မှုကို သတင်းမီဒီယာများက ကိုးကားကာ ရော်နယ်ဒိုမှာ ပီအက်စ်ဂျီသို့ ရောက်ရှိတော့မည်ဟု ဖော်ပြမှုများ ရှိခဲ့သောကြာင့် ထိုစာမျက်နှာကို Facebook က နောက်ပိုင်းတွင် ဖယ်ရှားခဲ့သည်။

    Ref: Goal

  • ပါလက်စတိုင်းကလေးငယ်များကို ဖမ်းဆီးထောင်ချရန် ဥပဒေတစ်ခုကို အစ္စရေးဝန်ကြီးများ အတည်ပြု

    ပါလက်စတိုင်းကလေးငယ်များကို ဖမ်းဆီးထောင်ချရန် ဥပဒေတစ်ခုကို အစ္စရေးဝန်ကြီးများ အတည်ပြု

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    plas
    အစ္စရေး၏ စစ်ကြောမေးမြန်းမှုအတွင်း ရိုက်နှက်ခံခဲ့ရသည့် အသက် ၁၃ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ် အဟ်မဒ် မန်ဆာရာ

    – အသက် ၁၂ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ်များအား ဖမ်းဆီးထိန်းသိမ်းနိုင်ပြီး လူ့အခွင့်အရးအဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်နေသည့် ဥပဒေကြမ်းတစ်ခုကို အစ္စရေး ၀န်ကြီးများ၏ ဥပဒေရေးရာ ကော်မတီက ယမန်နေ့တွင် အတည်ပြုခဲ့သည်ဟု သိရသည်။

    အဆိုပါ ဥပဒေကြမ်းက လူသတ်မှု၊ လူသတ်ရန်ကြိုးစားမှုတို့ အပါအ၀င် အမျိုးသားရေးက လှုံ့ဆော်သည့် တိုက်ခိုက်မှုများအတွက် အပြစ်ရှိသည်ဟု တွေ့ရှိရသော အသက် ၁၂ နှစ်နှင့် အထက် ပါလက်စတိုင်း လူငယ်များကို ထောင်ဒဏ်များ ချမှတ်နိုင်မည့် ဥပဒေဖြစ်သည်။ လက်ရှိတွင် ထိုဥပဒေကြမ်း အသက်ဝင်လာစေရေးအတွက် အစ္စရေး ပါလီမန်က အတည်ပြုရန် လိုအပ်နေသည်။

    လူ့အခွင့်အရေး အဖွဲ့များကမူ ထိုဥပဒေက အစ္စရေးမှ သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ရှိ ပါလက်စတိုင်း ကလေးငယ်များ၊ အစ္စရေးနိုင်ငံသား ကိုင်ဆောင်ထားသူများ၊ အစ္စရေးတစ်ဝှမ်းတွင် နေုထိုင်သည့် ပါလက်စတိုင်းများအပေါ် သက်ရောက်မည်ဟု ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် အရှေ့ဂျေရုစလင်မှ ပါလက်စတိုင်းကလေးငယ်များကို အသက် ၁၄ နှစ်နှင့်အထက် မဟုတ်မချင်း ထောင်ချ၍ မရပေ။

    အစ္စရေးမှာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းကို ကျူးကျော်ပိတ်ဆို့ထားကာ စစ်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးနေပြီး ပြီးခဲ့သည့်လများအတွင်း ဖြစ်ပွားခဲ့သော တင်းမာမှုများ၌ ကလေးငယ် ၁၇၇ ဦးအပါအ၀င် ပါလက်စတိုင်းပြည်သူ ၁၁၉၇ ဦးကို ဖမ်းဆီးခဲ့သည်။

    ပြီးခဲ့သည့်လကလည်း အစ္စရေးမှာ အရှေ့ဂျေရုစလင်တွင် ကလေးငယ်များအား စစ်ကြောရေးနှင့် ထိန်းသိမ်းရေးစင်တာ တစ်ခုကို ဖွင့်လှစ်ခဲ့သည်။ လက်ရှိအချိန်တွင် အစ္စရေးအကျဉ်းထောင်များ၌ ပါလက်စတိုင်းပြည်သူ ၆၇၀၀ ကို ဖမ်းဆီးထိန်းသိမ်းထားပြီး အနည်းဆုံး ကလေးငယ် ၃၂၀ ဦး ပါဝင်သည်။

    Ref: Aljazeera

  • ဘော်လ်ကန်ဒေသတွင် ပိတ်မိနေသည့် ဒုက္ခသည်များ အစာငတ်ခံ ဆန္ဒပြ

    ဘော်လ်ကန်ဒေသတွင် ပိတ်မိနေသည့် ဒုက္ခသည်များ အစာငတ်ခံ ဆန္ဒပြ

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    ref

    – ဂရိ-မက်ဆိုဒီုးနီးယား နယ်စပ်တွင် သောင်တင်နေသည့် ဒုက္ခသည်များမှာ အချို့သော ဘော်လ်ကန်နိုင်ငံများ၏ ကန့်သတ်မှုအစီအစဉ်ကို ဆန့်ကျင်သည့်အနေဖြင့် အစာငတ်ခံ ဆန္ဒပြမှုများ၊ နှုတ်ခမ်းအား အပ်ချည်ဖြင့် ချုပ်ကာ ဆန္ဒပြမှုများကို ပြုလုပ်နေသည်ဟု သိရသည်။

    ပြီးခဲ့သည့် နိုင်ဝင်ဘာ ၁၇ ရက်နေ့က ဆလိုဗေးနီးယား၊ မက်ဆီဒိုးနီးယား၊ ခရိုအေးရှားနှင့် ဆားဘီးယားနိုင်ငံတို့မှာ ဒုက္ခသည်များ သွားလာခွင့်ကို ပိတ်ပစ်ခဲ့ပြီး ဆီးရီးယား၊ အာဖဂန်နှင့် အီရတ်နိုင်ငံတို့မှ ဒုက္ခသည်များကိုလည်း နိုင်ငံသားအဖြစ် သတ်မှတ်မည်မဟုတ်ဟု ကြေငြာခဲ့သည်။

    ထိုကဲ့သို့ ပိတ်ပင်မှုများကြောင့် ဘော်လ်ကန်နိုင်ငံများ၏ နယ်ခြားများတွင် ဒုက္ခသည်များ ပိတ်မိခဲ့ကြပြီး အိုင်ဒိုမီနီနယ်ခြားတွင် ဒုက္ခသည် ထောင်ပေါင်းများစွာမှာ ထိုကိစ္စအတွက် အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။ အီရန်နှင့် ကာ့ဒ်ဒုက္ခသည်များကလည်း ၎င်းတို့အား ပိတ်ဆို့ထားမှုကို ဆန္ဒပြသည့်အနေဖြင့် ပါစပ်များကို အပ်ချည်ဖြင့်ချုပ်ခဲ့ကြပြီး ထိုဓာတ်ပုံများမှာ ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့ခဲ့သည်။

    “အခုအချိန်မှာတော့ ဂရိက အိုင်ဒိုမီနီ နယ်ခြားဒေသမှာ အခြေအနေဟာ အဆိုးရွားဆုံး ဖြစ်နေပါတယ်။ ဆီးရီးယား၊ အာဖဂန်နဲ့ အီရတ်က ဒုက္ခသည်တွေကလွဲလို့ အခြားသူတွေအတွက် နယ်စပ်တွေ ပိတ်လိုက်တာကြောင့် အဲဒီမှာ အီရန်၊ မော်ရိုကိုနဲ့ အခြားနိုင်ငံသား အနည်းဆုံး ၂၀၀၀ လောက် ပိတ်မိနေပါတယ်” ဟု ဒုက္ခသည်များအရေး ဆောင်ရွက်ပေးနေသည့် ဇာဂရဘ်မြို့အခြေစိုက် Are You Syrious အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မီလီနာ ဇာဂျိုဗစ်က ပြောကြားခဲ့သည်။

    “လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ စေတနာ့ဝန်ထမ်းတွေဟာ တော်တော်လေး တုန်လှုပ်ဖွယ်ကောင်းတဲ့ အခြေအနေတွေကို တွေ့ကြုံနေရပါတယ်။ ပါကစ္စတန်တစ်ယောက်ဆိုရင် စနေနေ့က အားလုံးအရှေ့မှာ ကြိုးဆွဲချသေဖို့ ကြိုးစားတယ်။ ဒီနေ့ (တနင်္လာနေ့) မှာတော့ အီရန်အုပ်စုတစ်ခုဟာ ဆန္ဒပြတဲ့အနေနဲ့ သူတို့ရဲ့ ပါးစပ်တွေကို အပ်နဲ့ ချုပ်ထားကြပါတယ်”

    ထို့ပြင် ဘော်လ်ကန်နိုင်ငံများက ပြုလုပ်သော ထိုဆောင်ရွက်မှုများမှာ ဒုက္ခသည်များ ခိုလှုံ့မှု အခွင့်အရေးကို ဆုံးရှုံးစေသည်ဟုလည်း ဇာဂျိုဗစ်က ထည့်သွင်းပြောကြားခဲ့သည်။

    နယ်စပ်များတွင် သောင်တင်နေသည့် ဒုက္ခသည်များ၏ ကျန်းမာရေးအတွက်လည်း စိုးရိမ်မှုများ ရှိနေပြီး အမေရိကန်ရှိ ဟားဗတ်တက္ကသိုလ်မှ လူ့အခွင့်အရေးနှင့် ဒုက္ခသည်များဆိုင်ရာ ပါမောက္ခ ဂျေးလ် ဂိုလ်ဒန်ဇီလ်က ဒုက္ခသည်များကို ဆန်းစစ်ခြင်းမှာ လုပ်သင့်သည့်အလုပ် ဖြစ်သော်လည်း နိုင်ငံကိုလိုက်၍ ဆောင်ရွက်၍မရဘဲ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်က ဒုက္ခသည်တစ်ဦးချင်းစီ၏ အခွင့်အရေးကို အာမခံပေးထားသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • OIC ကျန်းမာရေးဝန်ကြီးများကောင်စီတွင် ပါလက်စတိုင်းက တင်းပြည့်အဖွဲ့ဝင် ဖြစ်လာ

    OIC ကျန်းမာရေးဝန်ကြီးများကောင်စီတွင် ပါလက်စတိုင်းက တင်းပြည့်အဖွဲ့ဝင် ဖြစ်လာ

    နိုဝင်ဘာ ၂၃၊ ၂၀၁၅
    M-Media
    ples
    – မိမိတို့ ပါလက်စတိုင်းနိုင်ငံမှာ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) အဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးများ ကောင်စီတွင် တင်းပြည့်အဖွဲ့ဝင်အဖြစ် ရရှိပြီဖြစ်ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဂျဝဒ်အော်ဝဒ်က ထုတ်ဖော်ပြောကြားလိုက်သည်။
    အိုအိုင်စီ ကျန်းမာရေးဝန်ကြီးများကောင်စီတွင် ထိုကဲ့သို့ အဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်းက လွပ်လပ်သော နိုင်ငံအဖြစ် ကျန်းမာရေးကဏ္ဍကို ထောက်ပံ့မှုနှင့် သက်ဆိုင်သည့် ပြည့်ဝသော အခွင့်အရေးများ၊ အခြာသော အဖွဲ့အ၀င်နိုင်ငံများကဲ့သို့ မဲပေးပိုင်ခွင့် တို့ကို ရရှိမည်ဖြစ်သည်ဟု အော်ဝဒ်က ပါလက်စတိုင်းသတင်းဌာန (WAFA) သို့ပေးပို့သော ကြေငြာချက်တွင် ပြောဆိုခဲ့သည်။
    ဒေါက်တာအော်ဝဒ်မှာ ပြီးခဲ့သောကြသပတေးနေ့က တူရကီနိုင်ငံအစ္စတန်ဘူလ်မြို့တွင် ကျင်းပခဲ့သောအိုအိုင်စီ ကျန်းမာရေးဝန်ကြီးများကောင်စီ၏ ငါးကြိမ်မြောက် ညီလာခံကိုတက်ရောက်ခဲ့သည်။
    ပါလက်စတိုင်းဝန်ကြီးက အစ္စရေးမှ သိမ်းပိုက်ထာသော ပါလက်စတိုင်းပိုင်နက်များတွင် ပါလက်စတိုင်းများအပေါ် လက်ရောက်တိုက်ခိုက်မှုများတွင် အစ္စရေး အာဏာပိုင်များက ပါဝင်ပတ်သက်မှုများ၊ ဆေးအမှုထမ်းနှင့် လူနာတင်ယာဉ်များကို ဂျူးလူမျိုးအခြေချနေထိုင်သူများက ပစ်မှတ်ထား တိုက်ခိုက်မှုများနှင့် ဆးရုံများကိုစီးနင်း၍ လူနာများအား သွေးအေးအေးဖြင့် သတ်ဖြတ်မှုများကိုလည်း အဆိုပါ ညီလာခံတွင် အသိပေးပြောကြားခဲ့သည်။
    -AB/IINA