News @ M-Media

Blog

  • IS အား ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို အိန္ဒိယမွတ်စလင်များ နိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်

    IS အား ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို အိန္ဒိယမွတ်စလင်များ နိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်

    နိုဝင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယနိုင်ငံတွင် ထင်ရှားသည့် အစ္စလာမ်ဘာသာရေးအဖွဲ့ဖြစ်သော ဂျမာအသ် အိုလမာ အလ်-ဟင်ဒ်အဖွဲ့မှ ဦးဆောင်ကာ နိုင်ငံတစ်ဝှမ်းတွင် IS အကြမ်းဖက်အဖွဲ့အား ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    “အပြစ်မဲ့တဲ့သူတွေကို သတ်ဖြတ်ဖို့ အစ္စလာမ်က ခွင့်မပြုပါဘူး။ အစ္စလာမ်ရဲ့အမည်နာမ၊ ဂျေဟာဒ်ရဲ့ အမည်နာမတွေကို အသုံးပြုပြီး သတ်ဖြတ်တာတွေ များလာတဲ့အတွက် ဒီလိုလုပ်ရပ်ကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုဖို့ဟာ ကျွန်တော်တို့ရဲ့ ဘာသာရေးတာဝန်ပါပဲ” ဟု ဂျမာအသ် အိုလမာ အီ-ဟင်ဒ်အဖွဲ့ အကြီးအကဲ မောင်လာနာ မဟ်မူးဒ် မဒနီက ပြောကြားခဲ့သည်။

    ထောင်သောင်းချီသော မွတ်စလင်များမှာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အိန္ဒိယနိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ဆန္ဒပြခဲ့ကြပြီး IS အဖွဲ့နှင့် ၎င်းတို့အား သစ္စာခံသော အဖွဲ့များကို ဆန့်ကျင်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ကျွေးကြော်သံများကို ကျွေးကြော်ခဲ့ကြသည်။

    ပြီးခဲ့သည့် သီတင်းပတ်အတွင်း တူရကီ၊ လက်ဘနွန်နှင့် ပဲရစ်တို့တွင် IS အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များ၏ ၎င်းတို့အဖွဲ့အား ဆန့်ကျင်မှုများမှာ ပိုမို အရှိန်မြင့်လာခဲ့သည်။

    “ဒါတွေဟာ ကုရ်အာန်၊ အစ္စလာမ်နဲ့ တမန်တော်မြတ်ကြီးကို နာမည်ဖျက်ဖို့ ကြံစည်တာပါပဲ။ ဒီလိုကြံစည်မှုတွေကို ကျွန်တော်တို့ တွန်းလှန်တိုက်ဖျက်ရပါမယ်။ ဒီလိုတုန့်ပြန်ခြင်းဟာ ကျွန်တော်တို့ရဲ့ ဂျေဟာဒ် (အမှန်တရားပေါ် ရပ်တည်ခြင်း) ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေ လုပ်နေတဲ့သူတွေ (IS) အလ္လာဟ်အရှင်မြတ်ရဲ့ ရန်သူပါပဲ” ဟု မောင်လာနာက ထည့်သွင်းပြောကြားခဲ့ကြသည်။

    ဆန္ဒပြမှုတွင် ကိုင်ဆောင်ခဲ့ကသော ဆိုင်းဘုတ်များတွင် “IS မှာ လူသားအားလုံးအတွက် ခြိမ်းခြောက်မှု” “နေရာတိုင်းမှာ IS ကို ရပ်တန့်ပါ” ဟူ စာတမ်းများလည်း ပါဝင်ခဲ့သည်။

    “ကျွန်တော်တို့ကို တော်တော်လေး ထောက်ခံကြပါတယ်။ အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ မွတ်စလင်အဖွဲ့အစည်း အားလုံးနီးပါး ကျွန်တော်တို့ရဲ့ ဆန္ဒထုတ်ဖော်မှုမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်”

    အိန္ဓိယနိုင်ငံတွင် ထင်ရှားသည့် အစ္စလာမ့်အဖွဲ့အစည်းထဲမှ တစ်ခုဖြစ်သော ဂျမာအသ် အိုလမာ-အီ-ဟင်ဒ်အဖွဲ့ကို ၁၉၁၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယ၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားခဲ့သည့် အဖွဲ့လည်းဖြစ်သည်။ ထို့ပြင် ၂၀၀၈ ခုနှစ်ကလည်း အကြမ်းဖက်ဝါဒအား ဆန့်ကျင်သည့် ဖသ်ဝါ ဓမ္မသတ်ကို ထုတ်ပြန်ခဲ့သည်။

    မဒနီကမူ IS အဖွဲ့မှာ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် အစ္စလာမ်အား အသုံးချနေသည်ဟု ဆိုသည်။

    “ပြောချင်တာက အစ္စလာမ်ဟာ အကြမ်းဖက်ဝါဒနဲ့ ဘာမှမဆိုင်ဘူး ဆိုတာပါပဲ”

    Ref: Aljazeera

  • ဘာသာရေး အသုံးချ စည်းရှုံးလှုံ့ဆော်သူ လင်မယား အရေးယူခံရ

    ဘာသာရေး အသုံးချ စည်းရှုံးလှုံ့ဆော်သူ လင်မယား အရေးယူခံရ

    နိုဝင်ဘာ ၁၉ ၊ ၂၀၁၅
    မေသန္တာမျိုး
    .12278735_496476763856949_469226572134746750_n
    မန္တလေး။        ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းများ ပြုလုပ် ခွင့်မပြုတော့သည့် နိုဝင်ဘာ(၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြိး ပျော်ဘွယ်မြို့နယ်၌ အစ္စလာမ်ဘာသာဝင် တို့၏ မြန်မာပြည်သိမ်းပိုက်ရေး စီမံချက်(စ/ဆုံး) ခေါင်းစဉ်ပါ တရားမဝင်စာရွက် နှစ်ရွက်အား ကိုင်ဆောင်၍  စည်းရုံးလှုံ့ဆော်ခြင်းများ ပြုလုပ်ခဲသူ လင်မယားအား နိုဝင်ဘာလ (၁၈) ရက်နေ့ ၊နေ့လည်(၁၂း၀၅) အချိန်တွင် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံက သိရသည်။
    .
    ဖြစ်စဉ်မှာ နိုဝင်ဘာ(၇) ရက်နေ့ ညနေ(၅း၃၀) အချိန်က ပျော်ဘွယ်မြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု၊ စံပါယ်ကုန်းကျေးရွာ တွင် ဦးပေါ်မှင် (၆၀) နှစ် နှင့် ၄င်း၏ ဇနီး ဒေါ်နု(၆၁) နှစ် တို့သည် အစ္စလာမ် ဘာသာဝင်တို့၏ မြန်မာပြည် သိမ်းပိုက်ရေး စီမံချက်(စ/ဆုံး) ခေါင်းစဉ်ပါ တရားမဝင်စာရွက် နှစ်ရွက် (ထုတ်ဝေသူအမည်/ နေရပ်လိပ်စာ မပါ) အား ကိုင်ဆောင်၍ တစ်အိမ်ဝင် တစ်အိမ်ထွက်သွားရောက်ကာ NLD ပါတီအားမဲထည့်လျှင် အစ္စလာမ်ဘာသာဝင်တို့၏ စော်ကားခြင်း ခံရမည်ဖြစ်ကြောင်းနှင့် ပြည်ခိုင်ဖြိုး ပါတီအား မဲထည့်ရန် စည်းရုံးလှုံ့ဆော်ခဲ့ကြောင်း မှုခင်းမှတ်တမ်းများ အရ သိရသည်။
    .
    ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ အဆိုပါကျေးရွာနေ NLD ပါတီဝင် ၊ အမှတ်(၅) မဲရုံကိုယ်စားလှယ် ဦးစံလှ (၃၈)နှစ် က တိုင်တန်း၍ ဦးပေါ်မှင် ဒေါ်နု တို့အား ပျော်ဘွယ်မြို့မ ရဲစခန်းတွင် (ပ) ၃၆၅/ ၂၀၁၅ ၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေပုဒ်မ ၅၈(ဂ) အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက သိရသည်။
    .
    ၂၀၊၁၁၊ ၂၀၁၅ ထုတ် မန္တလေးအလင်း နေ့စဉ်သတင်းစာမှ ကူးယူဖော်ပြသည်။

    Image via-ko aung tun FB

  • ပြင်သစ်ရှိဗလီများတွင် အကြမ်းဖက်တိုက်ဖျက်ရေး ဒေသနာများ ယနေ့ ဟောကြားမည်

    ပြင်သစ်ရှိဗလီများတွင် အကြမ်းဖက်တိုက်ဖျက်ရေး ဒေသနာများ ယနေ့ ဟောကြားမည်

    နိုဝင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    france

    – နိုင်ငံအတွင်းရှိ ၂၅၀၀ သော ဗလီဝတ်ကျောင်းတော်များအနေဖြင့် ယနေ့တွင်ပြုလုပ်မည့် သောကြာဝတ်ပြုမှု၏ တရားဒေသနာတော်တွင် အကြမ်းဖက်မှု ပုံစံအားလုံးကို ရှုတ်ချသည့်အကြောင်း ထည့်သွင်းဟောကြားရန် ပြင်သစ်မွတ်စလင်ကောင်စီ CFCM က တိုက်တွန်းပြောကြားလိုက်သည်။

    “ပြင်သစ်မွတ်စလင်တွေဟာ ပြင်သစ်ပြည်သူတွေရဲ့ ခံယူချက်နဲ့ ပြင်သစ်ကို ဖွဲ့စည်းတည်ထောင်ထားတဲ့ တန်ဖိုးတွေအပေါ်မှာ ပျက်ဆီးစေလိုတဲ့ စိတ်စေတနာမျိုး မရှိဘူးလို့ အခိုင်အမာ ဆိုချင်ပါတယ်” ဟု CFCM အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြင်သစ်သတင်းစာ Le Figaro က ပြောကြားခဲ့သည်။

    ပြင်သစ်နိုင်ငံရှိ အကြီးဆုံးဗလီဝတ်ကျောင်းတော်ကြီးဖြစ်သော Great Mosque ကလည်း ရှေ့ဆောင်အီမာမ်များအနေဖြင့် ယနေ့ ၀တ်ပြုဆုတောင်းမှုတွင် နိုဝင်ဘာ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများ၌ ထိခိုက်ခဲ့သူများအတွက် ဆုတောင်းပတ္ထနာ ပြုပေးကြရန် တိုက်တွန်းခဲ့သည်။

    “ပြင်သစ်က ကျွန်တော်တို့ မွတ်စလင်တွေအားလုံးဟာ ကျွန်တော်တို့ကို ထိခိုက်နာကျင်စေတဲ့ ဘာသာလူမျိုး မခွဲခြားတဲ့ ဒီကံဆိုးမိုးမှောင်ကျမှုကို ဆန့်ကျင်ပြီး အမျိုးသားညီညွတ်ရေးအပေါ်မှာ အခိုင်အမာ ရပ်တည်ပါတယ်။ ဒီရက်စက်ကြမ်းကြုတ်မှုအတွက် ကျွန်တော်တို့အားလုံးက သားကောင်တွေပါပဲ” ဟု ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ် ဒါလီလ် ဘူဘေကာရ်က ပြောကြားခဲ့သည်။

    ထို့ပြင် ပြင်သစ်အကြမ်းဖက်တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူများက ၎င်းတို့ကိုယ်ကို မွတ်စလင်များဟု ဆိုသော်လည်း ၎င်းတို့အား ရက်စက်ကြမ်းကြုတ်သူများအဖြစ် သမုတ်ခြင်းသာ မှန်ကန်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Great Mosque ဗလီဝတ်ကျောင်းတော်မှာ စောစောပိုင်းကလည်း မွတ်စလင်များအနေဖြင့် ဗလီဝတ်ကျောင်းတော်များတွင် စုစည်းကာ “အကြမ်းဖက်မှု အလိုမရှိ” “ငါတို့အားလုံးဟာ ပဲရစ်များဖြစ်ကြသည်” ဟု ကျွေးကြော် ဆန္ဒထုတ်ဖော်ရန် တိုက်တွန်းခဲ့သော်လည်း ယနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အဆိုပါ လှုပ်ရှားမှုကို နိုင်ငံတစ်ဝှမ်း အရေးပေါ်အခြေအနေ ကြေငြာထားခြင်းကြောင့် ဖျက်သိမ်းခဲ့သည်။

    Ref: Aljazeera

  • အစွန်းရောက် အမျိုးသားရေး၊ ဘာသာရေး အစွဲများကို လက်မခံကြောင်း ရွေးကောက်ပွဲက တစ်ဆင့် ပြသလိုက်သော မြန်မာလူထု

    အစွန်းရောက် အမျိုးသားရေး၊ ဘာသာရေး အစွဲများကို လက်မခံကြောင်း ရွေးကောက်ပွဲက တစ်ဆင့် ပြသလိုက်သော မြန်မာလူထု

    Untitled-1

    ဆောင်းပါးရှင်- ဆွေဝင်း (Myanmar Now)

    ရန်ကုန် (Myanmar Now) – နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကြီးတွင် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  အပြတ်အသတ် အနိုင်ရခြင်းသည်  စစ်တပ်နှင့် ၄င်း၏ ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေး အင်အားစုတို့ကို ပြည်သူတို့ကအောင်ပွဲခံလိုက်ခြင်းဖြစ်သည်ဟု ပြည်တွင်းပြည်ပတွင် ပြောဆိုမှုများရှိနေသည်။

    ဆယ်စုနှစ်များစွာ လူထုကို ဖိနှိပ်အုပ်ချုပ်ခဲ့ခြင်းကို မဲတစ်ပြားစီဖြင့် ကလဲ့စားချေလိုက်ကြခြင်းဖြစ်သည်ဟု ဆိုနိုင်သကဲ့သို့၊  မဲမသမာမှုတို့ အကြီးအကျယ် ဖြစ်ပွားခဲ့သော၂ဝ၁ဝ ရွေးကောက်ပွဲမှ တက်လာခဲ့သည့် သမ္မတဦးသိန်းစိန် ဦးဆောင်သော အရပ်သားတစ်ပိုင်းအစိုးရ အာဏာလက်လွှတ်ရန် ပြည်သူတို့က “သင်တို့ သွားကြလော့၊ ဆင်းကြလော့” ဟု တစ်ခဲနက်ကြွေးကြော်လိုက်သည်ဟုလည်း ဆိုနိုင်သည်။

    သေချာသည်ကတော့ စစ်မှန်သည့် ဒီမိုကရေစီ အကူးအပြောင်းများဖြစ်ပေါ်ရန် ပြည်သူလူထုက NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ အာဏာ အပ်နှင်းလိုက်ခြင်းဖြစ်သည်။

    ဤရွေးကောက်ပွဲတွင် အရှုံးကြီးရှုံးနိမ့်သွားသော စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုသာ  ပြည်သူများက အလဲ ထိုးအနိုင်ယူခဲ့ခြင်းမဟုတ်ချေ။

    နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံကို ဂုဏ်သိက္ခာညှိးနွမ်းစေခဲ့သော ဗုဒ္ဓဝါဒအမည်ခံ အစွန်းရောက် မျိုးချစ်အင်အားစုတို့ကို  ပြည်သူများက အနိုင်ယူခဲ့ခြင်းဖြစ်သည်ဟုလည်း  ကောက်ချက်ပြုနိုင်သည်။

    ဗုဒ္ဓဟောကြားသည့် တရားဓမ္မများနှင့် ကိုက်ညီမှုမရှိသော၊ ကျဉ်းမြောင်းသည့် အစွန်းရောက်တရားများဖြစ်သော “အမျိုး” ၊ “ဘာသာ” စသည့် အယူအဆများအား ကာကွယ်မည်ဟု ကြွေးကြော်နေသော ဘုန်းတော်ကြီးအချို့ဦးစီးသည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း (မဘသ) က ရွေးကောက်ပွဲမတိုင်မီ လအနည်းငယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ အာဏာရလာပါက မြန်မာပြည်ကြီး အစ္စလမ်ဘာသာလွှမ်းမိုး လတ္တံ့ဟု ပြည်သူလူထုကို မုသာဝါဒ၊ ပိသုဏာဝါစာ စသည့် ဝစီဒုစရိုက်မျိုးစုံဖြင့် မှိုင်းတိုက်ရန် ကြိုးပမ်းခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံခြားသားကိုအိမ်ထောင်ပြုခဲ့၍ အမျိုးမစောင့်သည့် ပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊  NLD ပါတီသည် မဘသအဖွဲ့ကအကြံပြုတင်သွင်းပြီး နောက်ဆုံး သမ္မတ အတည်ပြုသည့် မျိုးစောင့်ဥပဒေလေးရပ်ကို လွှတ်တော်တွင် ကန့်ကွက်ခဲ့သဖြင့် ထိုပါတီအာဏာရလာပါက ထိုဥပဒေများအားပြင်ဆင်နိုင်သဖြင့် ဘာသာ သာသနာဆုတ်ယုတ်ကုန်တော့မည်ဟူ၍လည်းကောင်း စသဖြင့် မဘသ ဆရာတော်များက နိုင်ငံအနှံ့လှည့်လည်၍ ဟောပြောခဲ့ကြသည်။

    ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ကို မိမိတို့က မထောက်ခံဟု ဟစ်ကြွေးခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌဖြစ်သူ သမ္မတကြီးဦးသိန်းစိန်မှာ တိုင်းပြည်အပေါ် အထူးကျေးဇူးဥပကာရရှိသူ ပုဂ္ဂိုလ်၊ ကျေးဇူးရှိသူအပေါ် ကျေးဇူးတုံ့ပြန်ခြင်းမှာ ဗုဒ္ဓတရားတော်နှင့်ညီသည် စသဖြင့် ချီးမွမ်းခန်းများဖွင့်ကာ  ပြည်ခိုင်ဖြိုးပါတီအတွက် တစ်ဖက်လှည့်ဖြင့် မဲဆွယ်ခဲ့ကြသည်။

    ထို့ပြင် မဘသအဖွဲ့က ရွေးကောက်ပွဲမတိုင်မီ ထုတ်ဝေခဲ့သော သာကီသွေး၊ အတုမရှိ စသည့် ဂျာနယ် မဂ္ဂဇင်းများတွင်လည်း မဘသ၏ ဥက္ကဋ္ဌ ဆရာတော် ဦးတိလောကဘိဝံသ အပါအဝင် မဘသ ဦးဆောင်ဆရာတော်များ၊ လူပုဂ္ဂိုလ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍ တစ်ဖုံ ထိုးနှက်တိုက်ခိုက်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။

    သမ္မတဦးသိန်းစိန်ကို ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်စေလိုတယ်ဟု မဘသ၏ အထွေအထွေအတွင်းရေးမှုးဖြစ်သူ ဆရာတော်ဦးဝိမလဗုဒ္ဓိက ဇွန်လတွင်ကျင်းပခဲ့သည့် မဘသ ညီလာခံတွင် အတိအလင်း ထုတ်ဖော်ပြောကြားခဲ့သည်။

    မဘသဆရာတော်များ ထိုကဲ့သို့လှုပ်ရှားနေချိန်တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်သူ အစိုးရဝန်ကြီးတချို့ကလည်း အမျိုးဘာသာ သာသနာကို ထမ်းရွက်မည်ဟု အသံကောင်းဟစ်ခဲ့လေသည်။ ပြည်ခိုင်ဖြိုး ပါတီဝင်တချို့ကလည်း မဘသအဖွဲ့ကရေးသားသည်ဟု သံသယဖြစ်ဖွယ်ရာရှိသော ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သည့် စာရွက်စာတမ်းများကို ဧရာဝတီတိုင်းရှိ မြို့နယ်များတွင် ဝေငှခဲ့သည်။

    ဘာသာရေးနှင့် နိုင်ငံရေး ဒွေးရောယှက်တင် မပြုရန် တားမြစ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခဲ့ကြသော်လည်း အာဏာပိုင်တို့က မသိကျိုးကျွံပြုခဲ့ကြသည်။

    12088003_733607360116108_4583512116009096811_n

    စစ်ခေါင်းဆောင်များကို မနှစ်မြို့သော၊  ပြည်ခိုင်ဖြိုးပါတီကို မထောက်ခံသောသူတို့၏ မဲများကို ရရှိရန် သမ္မတဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေးတစ်ဦးဖြစ်သူ ဦးနေဇင်လတ်ကလည်း ရာထူးမှ ထွက်ကာ အမျိုးသားတိုးတက်ရေးပါတီ (NDP) ကို ထူထောင်ပြီး၊ မဘသအဖွဲ့တွင် တက်ကြွစွာလှုပ်ရှားနေသည့် လူပုဂ္ဂိုလ်တို့ကို အမတ်လောင်းများအဖြစ် ထမ်းဆောင်ရန် ကမ်းလှမ်းခဲ့သည်။ NDP ၏ ပါတီကြေညာ စာတမ်းတွင်လည်း အမျိုးဘာသာ သာသနာစောင့်ရှောက်မည်ဟု ထည့်သွင်းထားသည်။

    ထိုအမျိုးသားရေးလှုပ်ရှားမှုများကိုထောက်ရှု၍ ၁၉၉ဝ ရွေးကောက်ပွဲတွင်ကဲ့သို့  NLD အပြတ်အသတ် အနိုင် မရနိုင်ဟု တွက်ဆမှုများ ထွက်ပေါ်လာသည်။

    သို့သော် ထိုတွက်ဆချက်များ အလုံးစုံမှားယွင်းကြောင်း NLD ၏ အောင်ပွဲရလဒ်များက သက်သေခံလိုက်သည်။

    WNK_4249

    ပြည်ခိုင်ဖြိုးက လွှတ်တော်နေရာ အနည်းငယ်မျှသာ ရရှိပြီး ဦးနေဇင်လတ်၏ ပါတီမှာ ဘဲဥပင် မကွဲခဲ့ပေ။ ထိုနည်းတူ အမျိုးသားရေး၊ ဘာသာရေး အသံများ ဟစ်ထားသော၊ NLD မှ ခွဲထွက် ဖြစ်ပေါ်လာသည့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)၊ မွတ်စလင် မုန်းတီးရေးများပြုလုပ်နေသည့် ဦးနေမျိုးဝေ၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီတို့မှာလည်း ရွေးကောက်ပွဲတွင် နေရာ တစ်နေရာမှ မရရှိခဲ့ပေ။

    မဘသ အားအကောင်းဆုံးဟူ ဆိုစမှတ်ပြုထားသည့် ဧရာဝတီတိုင်းတွင်ပင် NLD ပါတီက လွှတ်တော်နေရာ အားလုံးနီးပါး ရရှိခဲ့သည်။

    စစ်တပ်ခေါင်းဆောင်များလွှမ်းမိုးထားသော အုပ်ချုပ်ရေးကို ပြည်သူတို့ စက်ဆုပ်ရွံရှာမှုသည် မွတ်စလင် ဆန့်ကျင်သည့် လှုပ်ရှားမှုများထက် ပိုမိုအား ကောင်းနေခြင်း၊ လူမျိုးရေး ဘာသာရေးအမည်ခံ အစွန်းရောက် လှုပ်ရှားမှုများကို ပြည်သူအများစုက လက်မခံခြင်းတို့ကို ဤရွေးကောက်ပွဲတွင် ထင်ထင်ရှားရှားပြသလိုက်ခြင်းဟု ကောက်ယူနိုင်သည်။

    ၂ဝ၁၂ ရခိုင်ပြည်နယ်အဓိကရုဏ်းများဖြစ်ပွားပြီး၊ ထိုမီးပွားများ အရှိန်အဟုန်ဖြင့် မြန်မာနိုင်ငံ တစ်ဝှမ်းရိုက်ခတ်လာသည်တွင် မွတ်စလင်မုန်းတီးရေး ခံစားချက်များ တိုးပွားလာသည်ဟု ယူဆခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထိုအခြေအနေများသည် နိုင်ငံရေးနှင့် ဆက်နွယ်ကြောင်း ပြည်သူတို့က သံသယဖြစ်လာသည်။

    မွတ်စလင်မုန်းခြင်းသည် NLD ကို မုန်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးခြင်းအဖြစ်သို့ ဆွဲခေါ်ခံသွားရသည်၊ ထိုထိုအမုန်းစကား တရားပွဲများ၊ အင်တာနက်စာမျက်နှာများ၊ ဂျာနယ်များတွင် တသွင်သွင်ပြောဆို ထုတ်လွှင့်နေသူများကိုလည်း အာဏာပိုင်တို့က အရေးမယူ လျစ်လျူပြုနေသည်ကိုလည်း ပြည်သူတို့ သတိမူမိလာသည်။

    နောက်ဆုံး ပြည်သူတို့ကို အမျိုးမျိုးဖိနှိပ်ခဲ့သော ဗိုလ်ချုပ်ကြီးဟောင်းများကို အမျိုးဘာသာ သာသနာစောင့်ရှောင့်မည့် သူများအဖြင့် ပုံဖော် မဲဆွယ်နေခြင်းဖြစ်ကြောင်း  ပြည်သူတို့ တွေ့ရသော အခါ သူတို့၏မကျေနပ်ချက်များ အထွဋ်အထိပ်ရောက်လာခဲ့သည်။

    သို့သော် သံဃာတော်များကို အလွန်ကြည်ညိုကိုင်းရှိုင်းသည့် ဤထေရဝါဒနိုင်ငံတွင်ရှိသော ပြည်သူတို့သည် ထိုမကျေနပ်ချက်များကို မြိုသိပ်ခဲ့သည်။ ဆန့်ကျင်ဖက် ပြောဆိုပါကလည်း မွတ်စလင်ဘက်က ရပ်သူအဖြစ် စွပ်စွဲခံရမည်ကို စိုးကြောက်ခဲ့သည်။ ထို့ပြင် အကြောင်းမသင့်ပါက စာရေးဆရာ၊ ကျူရှင်ဆရာ ဦးထင်လင်းဦးကဲ့သို့ ဘာသာ သာသနာညှိးနွမ်းစေမှုဖြင့် ဖမ်းဆီးထောင်ချခံရမည်ကိုလည်း သတိထားခဲ့ကြရသည်။

    သို့သော် ရွေးကောက်ပွဲနေ့တွင်ကား မျိုးစောင့်ဥပဒေ ကန့်ကွက်တဲ့ပါတီကို မဲမထည့်ကြနဲ့ ဟူသောစကားများကို ရဲရဲတင်းတင်းဥပက္ခောပြု၍ NLD ပါတီ သောင်ပြိုကမ်းပြို အနိုင်ရစေရန် မဲပေးလိုက်ကြသည်။

    ရခိုင်ပြည်ရှိ အစိုးရအခေါ် ဘင်္ဂါလီ၊ ၎င်းတို့ကိုယ် ၎င်းတို့ ရိုဟင်ဂျာဟုခေါ်သောသူများ နိုင်ငံသားပြုခွင့်ရမရ ဆိုသော အကြောင်းအရာသည် ပြည်သူလူထုကြားတွင် အင်မတန် ထိလွယ်ရှလွယ်ကိစ္စအဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်သော်လည်း၊ အစွန်းရောက် အမျိုးသားရေး၊ ဘာသာရေး အမည်ခံဟောပြောမှုများကို ပြည်သူတို့ လက်မခံကြောင်း ရွေးကောက်ပွဲရလဒ်များက ထင်ထင်ရှားရှားဖော်ပြလိုက်သည်။

    ပြည်ခိုင်ဖြိုးရှုံးသွားသည်ကို မည်သို့သဘောရပါသနည်းဟု မိမိက မေးမြန်းသောအခါ ရန်ကုန်ရှိ မဘသ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက   “သေခါနီးဆဲဆဲလူကို ကယ်ဖို့ဆိုတာ မလွယ်ဘူးဗျ” ဟု မှတ်ချက်ပြုသည်။

    လက်ရှိအချိန်တွင်တော့ မဘသဆရာတော်များက NLD ပါတီ၏ အနိုင်ရမှုကို ကြိုဆိုသည်ဟူ၍လည်းကောင်း၊ မျိုးစောင့်ဥပဒေများနှင့် ၁၉၈၂ နိုင်ငံသားပြုခွင့်ဥပဒေအား ပြင်ဆင်ရန်ကြိုးစားပါက ငြိမ်နေလိမ့်မဟုတ်ဟု ထုတ်ဖော် မိန့်ကြားထားသည်။

    မည်သို့ပင်ဆိုစေကာမူ  မြန်မာနိုင်ငံရှိလူထုသည် ဘာသာရေးအစွဲ၊ လူမျိုးရေးအစွဲ ပြင်းထန်သူများ မဟုတ်ကြောင်း ရွေးကောက်ပွဲမှ တစ်ဆင့်ပြသလိုက်သည်ကို မဘသ ဆရာတော်များသည် လည်းကောင်း၊ နိုင်ငံတကာမှ စောင့်ကြည့် လေ့လာနေသူများသည် လည်းကောင်း အတန်အသင့် သဘောပေါက်နိုင်ပြီဖြစ်သည်။     ။

  • နိုင်ငံတကာ ရေနံကုမ္ပဏီတစ်ခု မြန်မာနိုင်ငံတွင် ၀င်ရောက်လုပ်ကိုင်မည်

    နိုင်ငံတကာ ရေနံကုမ္ပဏီတစ်ခု မြန်မာနိုင်ငံတွင် ၀င်ရောက်လုပ်ကိုင်မည်

    နိုဝင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    oil

    – နိုင်ငံတကာ၌ ရေနံသိုလှောင်ပြီး ရေနံထွက်ပစ္စည်းများကို ရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သော Puma Energy International မှာ မြန်မာနိုင်ငံတွင် ကန်ဒေါ် သန်း ၁၀၀ ကုန်ကျမည့် ရေနံသိုလှောင်ကန်ကို သီလ၀ါဆိပ်ကမ်း၌ ဆောက်လုပ်နေသည်ဟု သိရသည်။

    အဆိုပါ သိုလှောင်ကန်မှာ ရေနံပမာဏပေါင်း ၉၇၀၀၀ ကျုဗစ်မီတာကို သိုလှောင်နိုင်မည်ဖြစ်သည်။ စင်ကာပူတွင် အခြေစိုက်ပြီး ဂျီနီဗာတွင် အဓိကထား လုပ်ကိုင်နေသည့် Puma ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ပထမဆုံး လုပ်ပိုင်ခွင့်ရသည့် ရေနံကုမ္ပဏီတစ်ခု ဖြစ်သည်ဟု ကုမ္ပဏီဘဏ္ဍာရးအကြီးအကဲ ဒီနစ် ဂါရိန်းက ပြောကြားခဲ့သည်။

    ထို့ပြင် မြန်မာနိုင်ငံမှာ ရေနံထွက်ပစ္စည်းများအတွက် အလွန်အလာကောင်းသော ဈေးကွက်ရှိနေပြီး မိမိတို့မှာ စက်သုံးဆီ၊ ရေယာဉ်သုံးဆီနှင့် လက်ကားဈေးကွက်များကို အဓိက ပစ်မှတ်ထား ရောင်းချသွားမည်ဟု ပြောကြားခဲ့သည်။

    နိုင်ငံတော်ပိုင် ရေနံထွက်ပစ္စည်းကုမ္ပဏီနှင့် ပူးပေါင်းကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် မြန်မာအစိုးရမှ တင်ဒါခေါ်ယူမှုတွင် Puma အပါအ၀င် နိုင်ငံခြား ကုမ္ပဏီပေါင်း ၁၁ ခုက လျှောက်ထားခဲ့ကြသည်။

    Ref: Bloomberg