News @ M-Media

Blog

  • အစ္စရေးစစ်ဆေးရေးဂိတ်များကို ပြသပေးမည့် ဖုန်း Apps များကို ပါလက်စတိုင်း တီထွင်

    အစ္စရေးစစ်ဆေးရေးဂိတ်များကို ပြသပေးမည့် ဖုန်း Apps များကို ပါလက်စတိုင်း တီထွင်

    နိုဝင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    pla

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ အလွန်စောင့်ဆိုင်းရသော အစ္စရေး စစ်ဆေးရေးဂိတ်များကို ပြသပေးပြီး ယာဉ်ကျောပိတ်ဆို့မှုများကို ပြေလျော့စေရေး အထိုက်အလျောက် ကူညီပေးမည့် ဖုန်း အက်ပလီကေးရှင်းနှစ်ခုကို ပါလက်စတိုင်းများက တီထွင်ထုတ်လုပ်လိုက်သည်ဟု သိရသည်။

    အဆိုပါ အက်ပလီကေးရှင်းနှစ်ခု၏ အမည်များမှာ Azmeh (ယာဉ်ကျောပိတ်ဆို့မှု) နှင့် Qalandiya (ဂျေရုစလင် ဆင်ခြေဖုံးရှိ အစ္စရေး၏ အဓိက စစ်ဆေးရေးဂိတ်) တို့ ဖြစ်ကြပြီး ပြီးခဲ့သည့်လက ထုတ်လုပ်ဖြန့်ချီခဲ့ခြင်း ဖြစ်သည်။ ပါလက်စတိုင်း ဆက်သွယ်ရေးကုမ္ပဏီများ 3G ၀န်ဆောင်မှုပေးခြင်းကို အစ္စရေးက တားမြစ်ထားသောကြောင့် အဆိုပါ အက်ပလီကေးရှင်းများကို နှေးကွေးသည့် အင်တာနက်လိုင်းတွင် အသုံးပြုနိုင်အောင် စီစဉ်ပေးထားသည်။

    လက်ရှိအချိန်တွင် ထို အက်ပလီကေးရှင်းကို ထောင်းနှင့်ချီသော ပါလက်စတိုင်းပြည်သူများက အခမဲ့ Download ဆွဲယူ အသုံးပြုနေပြီး၊ ပြည်သူများအကြားတွင် လူကြိုက်များနေပြီဖြစ်သည်။ ထိုဆော့ဖ်ဝဲကို ထုတ်လုပ်သူများကမူ ၎င်းတို့၏ ထိုဖန်းတီးမှုမှာ အစ္စရေး စစ်ဆေးရေးဂိတ်များတွင် ဖြစ်ပွားတတ်သည့် ပိတ်ဆို့မှု ပြဿနာကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းပေးခြင်းဖြစ်မည်ဟု ပြောကြားခဲ့သည်။

    “အစ္စရေးရဲ့ သိမ်းပိုက် ပိတ်ဆို့မှုဟာ ပါလက်စတိုင်းပြည်သူတွေရဲ့ အခြေအနေတိုင်းကို ထိခိုက်စေပါတယ်။ အခွင့်အရေးတွေ ဆုံးရှုံးတယ်။ အဲဒီအခွင့်အရေးတွေထဲက တစ်ခုကတော့ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ဆုံးရှုံးတာပါပဲ။ ဒီအက်ပလီကေးရှင်းက သူတို့တွေကို လွတ်လပ်စွာ သွားလာခွင့်တော့ မပေးနိုင်ဘူးပေါ့လေ။ ဒါပေမယ့် တစ်ချို့ကိစ္စလေးတွေကိုတော့ ပိုပြီး လွယ်ကူသွားစေနိုင်ပါတယ်” ဟု Azmeh အက်ပလီကေးရှင်းကို တီထွင်ခဲ့သူ အသက် ၂၀ အရွယ် ဘေဆဲလ် ဆာဒါရ်က ပြောကြားခဲ့သည်။ ဆာဒါရ်မှာ အရှေ့ဂျေရုစလင်တွင် နေထိုင်သူ ဥပဒေကျောင်းသားတစ်ဦးလည်း ဖြစ်သည်။

    အစ္စရေးမှာ ပါလက်စတိုင်းပိုင် အနောက်ဖမ်းကမ်းတွင် စစ်ဆေးရေးဂိတ်အများအပြားကို ချထားပြီး အချို့သော လမ်းများကိုလည်း ပါလက်စတိုင်းများ သွား၍မရရန် ပိတ်ဆို့ထားသည်။ ထို့ကြောင့် အနောက်ဖက်ကမ်း တောင်ဘက်အခြမ်းမှ မြောက်ဖက်အခြမ်းသို့ သွားရောက်ရန်အတွက် နာရီပေါင်းများစွာ ကြာမြင့်လေသည်။

    အဆိုပါ စစ်ဆေးရေးဂိတ်များတွင် အစ္စရေးစစ်သားများမှာ ပါလက်စတိုင်းပြည်သူများကို မကြာခဏ အရှက်ရဖွယ် ရှာဖွေမှုများလည်း ပြုလုပ်လေ့ရှိသည်။ ထို့ပြင် အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ကို ၀င်ရောက်ရန်အတွက်လည်း ပါလက်စတိုင်းများမှာ အစ္စရေးထံမှ ခွင့်ပြုချက် ရယူရပြီး ပါလက်စတိုင်း ဂျော်ဒန်နယ်စပ်တစ်လျှောက်ကိုလည်း အစ္စရေးက ထိန်းချုပ်ထားသည်။

    ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ဆောက်လုပ်ထားသည့် တရားမ၀င် အခြေချအိမ်ယာများတွင် နေထိုင်သော ဂျူးများကိုမူ အစ္စရေးက လွတ်လပ်စွာ သွားလာခွင့်ပြုထားသည်။

    Ref: Aljazeera

  • ဒုက္ခသည် ၂ ဦးအား တရုတ်သို့ပြန်ပို့မှုအတွက် ထိုင်းကို ကုလ ရှုတ်ချ

    ဒုက္ခသည် ၂ ဦးအား တရုတ်သို့ပြန်ပို့မှုအတွက် ထိုင်းကို ကုလ ရှုတ်ချ

    နိုဝင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    china

    – ဒုက္ခသည်စာရင်းသွင်းထားသော တရုတ်နိုင်ငံသား ၂ ဦးကို ထိုင်းနိုင်ငံက ပြန်ပို့သည့်ကိစ္စအတွက် ကုလသမဂ္ဂက ဆန့်ကျင်လိုက်ပြီး ၎င်းတို့၏ အသက်များ အန္တရာယ်ရှိနေသည့် ဒေသသို့ ပြန်မပို့သင့်ဟု ပြောကြားလိုက်သည်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ယနေ့တွင် ထိုကဲသို့ ဆန့်ကျင်ခဲ့ခြင်းဖြစ်ပြီး နယ်နှင်ခံရသည့် အဆိုပါ ဒုက္ခသည်နှစ်ဦးမှာ ကုလ၏ “အာမခံစာ” ကို ကိုင်ဆောင်ထားသည်ဟု ဆိုသည်။ ထိုင်းအာဏာပိုင်များက ၎င်းတို့အားဖမ်းဆီးစဉ် ၎င်းတို့မှာ ဒုက္ခသည်များအဖြစ် စာရင်းသွင်းခဲ့ပြီ ဖြစ်ပြီး ကနေဒါသို့ သွားရောက်ရန် စောင့်ဆိုင်းနေချိန်ဖြစ်သည်။

    “သူတို့ဟာ ဒုက္ခသည်တွေအဖြစ် အသိအမှတ်ပြု ခံထားရသူတွေ ဖြစ်တယ်။ ဆိုလိုတာက သူတို့ကို အင်တာဗျူးခဲ့ပြီး သူတို့ ငြှင်းပမ်းနှိပ်စက် ခံရတာတွေကလည်း အမှန်တကယ်ဖြစ်ကြောင်း တွေ့ရှိခဲ့ရပြီး ဖြစ်ပါတယ်။ သူတို့ရဲ့ ဘ၀တွေ အန္တရာယ်ရှိလာနိုင်တဲ့နေရာဆီ ပြန်မပို့သင့်ပါဘူး” ဟု UNHCR မှ ပြောရေးဆိုခွင့်ရှိသူ ဗီဗီတန်က ပြောကြားခဲ့သည်။

    အဆိုပါ ဒုက္ခသည် ၂ ဦးမှာ ဂျီယန် ယီဖိုင်းနှင့် ဒေါင် ဂွမ်ပင်းတို့ဖြစ်ပြီး တရုတ်နိုင်ငံ၏ တောင်းဆိုမှုကြောင့် အောက်တိုဘာ ၂၈ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွန်လီကမူ ထိုကိစ္စအား ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ရ၀မ်ဒါနိုင်ငံတွင် လူပေါင်း ၃၀၀ ကျော် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်

    ရ၀မ်ဒါနိုင်ငံတွင် လူပေါင်း ၃၀၀ ကျော် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်

    နိုဝင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    rawanda

    – အာဖရိကတိုက်ရှိ ရ၀မ်ဒါနိုင်ငံ၌ ကမ္ဘာ့မွတ်စလင်လူငယ်အစည်းအရုံး WAMY မှ ဆောင်ရွက်သည့် ဒါဝါဟ်ဖိတ်ခေါ်မှု အစီအစဉ်တွင် ယူဂန်ဒါပြည်သူ ၃၄၈ ဦး အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့သည်ဟု သိရသည်။

    မြို့တော် ဂါချူရာတွင် ပြလုပ်ခဲ့သည့် အဆိုပါ ဖိတ်ခေါ်မှုတွင် မြို့တွင်းနှင့် ဆင်ခြေဖုံးတစ်ဝိုက်ရှိ ပြည်သူများစွာ လာရောက်ခဲ့သြသည်။ ယူဂန်ဒါနိုင်ငံသို့ သွားရောက်ခဲ့သည့် WAMY ၏ ကိုယ်စားလှယ်အဖွဲ့တွင် ဆရာဝန် ၄ ဦးနှင့် တရားဟောဆရာ ၉ ဦးတို့ ပါဝင်ပြီး ယူဂန်ဒါပြည်သူများအတွက် အခမဲ့ ဆေးကုသမှုများကိုလည်း ဆောင်ရွက်ပေးခဲ့သည်။

    တရားဟောဆရာများမှာ အစ္စလာမ်နှင့်ပတ်သက်သည့် မိတ်ဆက်တရာများ ဟောကြားခဲ့ကြပြီးရလဒ်အဖြစ် ထိုကဲ့သို့ ရာနှင့်ချီ၍ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာကြခြင်း ဖြစ်သည်။ သစ်လွင်မွတ်စလင်များအတွင် ဖက်ရှုရမည့် စာအုပ်စာတမ်းများကိုလည်း WAMY အဖွဲ့က ဝေငှခဲ့သည်။

    ဆေးအဖွဲ့မှာ ချို့တဲ့သူများအား ဆေးကုသပေးပြီး လူနာ ၅၆၁ ဦးကိုလည်း ခွဲစိတ်ကုသမှု ပြုလုပ်ပေးခဲ့ကာ ဆေးဝါးများကို ရ၀မ်ဒါပြည်သူများအား ဝေငှပေးခဲ့ကြသည်။ သစ်လွင်မွတ်စလင် အမျိုးသားများအတွက်မူ ဆေးအဖွဲ့မှာ အရေဖျားလှီးမင်္ဂလာကို ပြုလုပ်ပေးခဲ့သည်။

    ရ၀မ်ဒါနိုင်ငံလူဦးရေ၏ ၉၅ ရာခိုင်နှုန်းမှာ ကက်သလစ်ခရစ်ယာန်နှင့် နတ်ကိုးကွယ်သူများဖြစ်ကြပြီး ၅ ရာခိုင်းနှုန်မှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူများဖြစ်သည်။

    Ref: Mirajnews

  • ရီးယဲလ်နောက်တန်းက အခက်ခဲဆုံးဟု ဆွာရက်ဇ်ပြော

    ရီးယဲလ်နောက်တန်းက အခက်ခဲဆုံးဟု ဆွာရက်ဇ်ပြော

    နိုဝင်ဘာ ၁၈၊ ၂၁၀၅
    M-Media

    baca

    – မိမိတွေ့ဆုံးဖူးခဲ့သည့် နောက်တန်းများတွင် ရီးယဲလ်ခံစစ်က အခက်ခဲဆုံးဖြစ်သည်ဟု ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ပြောကြားလိုက်သည်။

    ရီးယဲလ်နှင့် ဘာစီလိုနာတို့မှာ စနေနေ့တွင် လာလီဂါပွဲ ကစားရမည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ် နျူးကမ့်တွင် ဘာစီလိုနာက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲ၌ ဆွာရက်ဇ်က အနိုင်ဂိုး သွင်းပေးခဲ့သည်။

    “ကျွန်တော် ရင်ဆိုင်ခဲ့ဖူးခဲ့သမျှထဲမှာ ရီးယဲလ်နောက်တန်းက အခက်အခဲဆုံး နောက်တန်းပါပဲ။ အရမ်း တောင့်တင်းတယ်၊ အတွေ့အကြုံလည်း ပြည့်ဝတယ်။ ပြီးတော့ တော်တော်လေး ယှဉ်ပြိုင်နိုင်စွမ်းလည်း ရှိပါတယ်။ ဒါ့ကြောင့် မက်ဒရစ်ကို ဂိုးသွင်းဖို့အတွက် ကျွန်တော် အားကုန်ထုတ်ရပါတယ်။ ရာမို့စ်နဲ့ ပီပီတို့ကြားထဲက နေရာလွတ်ကို မြန်နိုင်သမျှမြန်မြန် ကျွန်တော် အသုံးချနိုင်အောင် ကြိုးစားတယ်။ ဒါမှသာ သူတို့ အချိန်မရမှာလေ။ ကံကောင်းစွာနဲ့ပဲ အဲဒါက အလုပ်ဖြစ်ခဲ့ပါတယ်” ဟု ဆွာရက်ဇ်က ပြောကြားခဲ့သည်။

  • ဗုံးပေါက်ကွဲမှုပြီးနောက် နိုက်ဂျီးရီးယားတွင် Facebook က Safety Check လုပ်ဆောင်ချက် ထည့်သွင်းပေး

    ဗုံးပေါက်ကွဲမှုပြီးနောက် နိုက်ဂျီးရီးယားတွင် Facebook က Safety Check လုပ်ဆောင်ချက် ထည့်သွင်းပေး

    နိုဝင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    face book

    – နိုက်ဂျီးရီးယားအရှေ့မြောက်ပိုင်း ယိုလာမြို့ရှိ ဈေးတစ်ခုတွင် လူ ၃၀ ကျော် သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့သော ပေါက်ကွဲမှု ယမန်နေ့က ဖြစ်ပွားခဲ့ပြီးနောက် နိုက်ဂျီးရီးယားရှိ Facebook အသုံးပြုသူများအတွက် Safety Check လုပ်ဆောင်ချက်ကို Facebook က ထည့်သွင်းပေးခဲ့သည်ဟု သိရသည်။

    မိမိမှာ လုံခြုံသော နေရာတွင် ရှိနေကြောင်း မိသားစုများနှင့် မိတ်ဆွေများအား သိရှိစေနိုင်မည့် အဆိုပါ လုပ်ဆောင်ချက်ကို နိုက်ဂျီးရီးယားတွင် အသုံးပြု၍ရအောင် ပြုလုပ်ပေးခဲ့ကြောင်း ယနေ့မနက်ပိုင်းတွင် Facbook တည်ထောင်သူ မာ့ခ် ဇူကာဘာ့ဂ်က ၎င်း၏ အကောင့်တွင် ပို့စ်တင်၍ ကြေငြာခဲ့သည်။

    “(မနေ့) ညနေပိုင်းက နိုက်ဂျီးရီးယားမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ဟာ Safety Check လုပ်ဆောင်ချက်ကို သုံးစွဲလို့ရအောင် လုပ်ပေးခဲ့ပါတယ်”

    Facebook မှာ ထိုလုပ်ဆောင်ချက်ကို နိုဝင်ဘာ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်းတွင် ထည့်သွင်းပေးခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာ ၁၂ ရက်နေ့က လက်ဘနွန်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုတွင် မည်သည့်တုန့်ပြန်မှုမှ မလုပ်ခဲ့ဘဲ ပဲရစ်တိုက်ခိုက်မှုတွင်မှ ထိုကဲ့သို့ လုပ်ဆောင်ပေးမှုအတွက် ဇူကာဘာ့ဂ်မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

    အချို့ကမူ Facebook ၏ ထိုသို့ဆောင်ရွက်မှုက ကမ္ဘာ့အခြားသော ဒေသများမှ ပြည်သူများ၏ အသက်ထက် အနောက်တိုင်းသားများ၏ အသက်က ပို၍ တန်ဖိုးရှိသည်ဟု ဆိုလိုခြင်းဖြစ်နေကြောင်း ထောက်ပြခဲ့သည်။

    “ပဲရစ်တိုက်ခိုက်မှုပြီးတဲ့နောက်ပိုင်း ရှေ့ဆက် ဒီလိုအဖြစ်အပျက်တွေ ဖြစ်လာရင် အသုံးပြုဖို့အတွက် Safety Check လုပ်ဆောင်ချက်ကို ထည့်သွင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ အဲဒီ ပေါ်လစီအသစ်အတွက် စံချိန်စံညွှန်းတွေ ဖြစ်လာဖို့နဲ့ ဒီလုပ်ဆောင်ချက်ကို ဘယ်လို အကောင်းဆုံး အသုံးချနိုင်မလဲဆိုတာကို ဆုံးဖြတ်ဖို့အတွက် ကျွန်တော်တို့ အလျင်အမြန် လုပ်ဆောင်နေပါတယ်” ဟု ဇူကာဘာ့ဂ်က ပြောကြားခဲ့သည်။

    ယမန်နေ့ နိုက်ဂျီးယား ဗုံးခွဲမှုနောက်ပိုင်း ဆိုရှယ်မီဒီယာ အသုံးပြုသူများက Facebook တွင် Safety Check လုပ်ဆောင်ချက်ကို ထည့်သွင်းပေးရန် တောင်းဆိုခဲ့ကြပြီး ၎င်းတို့၏ ဆန္ဒ ပြည့်ဝမှုအတွက်လည်း ကျေးးဇူးတင်ကြောင်း ပြောကြားခဲ့ကြသည်။

    Ref: Aljazeera