နိုဝင်ဘာ ၂၂၊ ၂၀၁၅
M-Media
– ဗြိတိန်လက်ဝှေ့သမား အန်သိုနီ ခရိုလာမှာ ကိုလံဘီယာမှ ဒါလေးစ်ပီရက်ဇ်ကို အလဲထိုးကာ ငယ်ဘ၀အိပ်မက်ဖြစ်သည့် WBA ကမ္ဘာ့လိုက်ဝိတ်တန်း ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။
ယမန်နေ့က မန်ချက်စတာတွင် ထိုးသတ်ခဲ့သည့် အဆိုပါပွဲတွင် ခရိုလာမှာ လက်ရှိချန်ပီယံ ပီရက်ဇ်ကို ၅ ချီမြောက်တွင် အလဲထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦးမှာ ပြီးခဲ့သည့်နွေရာသီက နောက်ဆုံးထိုးသတ်ခဲ့ရာတွင် ခရိုလာက ရှုံးနိမ့်ခဲ့ပြီး ယခုပွဲ၌ လက်စားချေနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုပွဲတွင် ခရိုလာကသာ လက်ရည်သာခဲ့ပြီး ဒိုင်လူကြီးများက ညစ်သောကြောင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု အများစုက ယူဆထားကြသည်။
ခရိုလာမှာ ၁၁ လအရင်က ချက်ဒါတန်မြို့ရှိ ၎င်းအိမ်ဘေးမှ အိမ်တစ်အိမ်သို့ ဖောက်ထွင်းခိုးယူသူတစ်ယောက်ကို လိုက်ဖမ်းပေးရင်း ဦးခေါင်းခွံကွဲအက်သည့် ဒဏ်ရာရရှိကာ အနားယူခဲ့ရသည်။ ယခုပွဲတွင် အလဲထိုးပြီးနောက် ဒိုင်လူကြီးက အမှတ်စဉ်ရေတွက်၍ မပြီးဆုံးမီမှာပင် ခရိုလာမှာ ၀မ်းသာ၍ မျက်ရည်များပင် ကျခဲ့သည်။
“အသက် ၁၀ နှစ်အရွယ်လောက်ကတည်းက ကျွန်တော် ဒီအိပ်မက်ကို မက်ခဲ့တာပါ။ ကျွန်တော် ပီရက်ဇ်ကို အလဲထိုးနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်” ဟု ခရိုလာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
Ref: Dailymail


Leave a Reply
You must be logged in to post a comment.