နိုဝင်ဘာ ၁၀၊ ၂၀၁၅
M-Media
– စပိန်နိုင်ငံ ကတာလိုနီယာဒေသ လွှတ်တော်က ၂၀၁၇ ခုနှစ်တွင် စပိန်နိုင်ငံမှ ခွဲထွက်၍ သီးခြား လွတ်လပ်သော သမ္မတနိုင်ငံ ထူထောင်ရေး မူဝါဒလမ်းစဉ်ကို ယမန်နေ့တွင် မဲခွဲအတည်ပြုခဲ့သည်ဟု သိရသည်။
အဆိုပါ မူဝါဒလမ်းစဉ် အဆိုပြုချက်ကို Together for Yes အဖွဲ့နှင့် လက်ဝဲစွန်းရောက် CUP ပါတီတို့မှ အမတ်များက ဒေသလွှတ်တော်အတွင်းသို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အုပ်စုမှာ စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် ဒေသတွင်း ရွေးကောက်ပွဲတွင် မဲအများစု ရရှိခဲ့သည်။
ထိုဆုံးဖြတ်ချက်အား ကာတာလိုနီယာဒေသ လွှတ်တော်တွင် ထောက်ခံသူများ ရှိသကဲ့သို့ ကန့်ကွက်သူများကလည်း စပိန်နှင့် ကာ့တ်လန်အလံနှစ်ခုကို ယှဉ်တွဲဝှေ့ယမ်းခဲ့ကြသည်။ စပိန်အစိုးရကမူ ထိုမူဝါဒလမ်းစဉ်ကို ချက်ခြင်းပင် တုန့်ပြန်ခဲ့ပြီး ရုပ်မြင်သံကြားမှ ပြောကြားခဲ့သည် မိန့်ခွန်းတွင် ၀န်ကြီးချုပ် မာရီယာနို ရာဂျွိုင်းက မိမိတို့အစိုးရအနေဖြင့် ထိုဆုံးဖြတ်ချက်အတွက် အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။
ခုံရုံးမှာ ယခင်က ကာတာလိုနီယာဒေသ ခွဲထွက်ရေးကို ကန့်ကွက်ခဲ့ဖူးသည်။ ၀န်ကြီးချုပ်ကမူ မိမိမှာ အဓိက အတိုက်အခံ ဆိုရှယ်လစ်ပါတီ၏ ခေါင်းဆောင် ပက်ဒရို ဆန်းချက်ဇ်နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ခွဲထွက်ရေးသမားများကို ရင်ဆိုင်ရန် ဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
Ref: CBS News











