News @ M-Media

Blog

  • လသားကလေးငယ်အပါအ၀င် ပါလက်စတိုင်း ၃ ဦး အသတ်ခံရပြန်

    လသားကလေးငယ်အပါအ၀င် ပါလက်စတိုင်း ၃ ဦး အသတ်ခံရပြန်

    အောက်တိုဘာ ၃၁၊ ၂၀၁၅
    M-Media

    pla

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းနှင့် ဂါဇာကမ်းမြှောင်တို့တွင် ယမန်နေ့ ဆန္ဒပြမှုအတွင်း အစ္စရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ၈ လအရွယ် ကလေးငယ်တစ်ဦးအပါအ၀င် ပါလက်စတိုင်း ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ဘက်သလီဟမ်အနီးရှိ ရွာတွင် ရမ်ဒန် မိုဟာမက် ဖိုက်ဆယ် သာဝဘ်တာ ပစ်သတ်ခံရမှုနှင့် ၎င်း၏ ၈ လအရွယ် ကလေးငယ်မှာ မီးခိုးဗုံးကြောင့် အသက်ရှုကြပ်ကာ သေဆုံးခဲ့ရမှုအတွက် ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

    ပါလက်စတိုင်းပိုင်နက်များနှင့် အစ္စရေးတို့တွင် အောက်တိုဘာ ၁ ရက်နေ့မှ စတင်ခဲ့သည့် မငြိမ်သက်မှုအတွင်း ပါလက်စတိုင်း ၆၉ ဦးမှာ အစ္စရေး လုံခြုံရေးတပ်ဖွဲ့နှင့် တရားမ၀င်အခြေချအိမ်ယာများတွင် နေထိုင်သော ဂျူးများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည်။ ပါလက်စတိုင်း၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ အစ္စရေး အရေအတွက်မှာ ၉ ဦး ရှိခဲ့သည်။

    Ref: Aljazera

  • ထုတ်ပယ်ခံရမည်ကို မကြောက်ဟု မော်ရင်ဟို ပြော

    ထုတ်ပယ်ခံရမည်ကို မကြောက်ဟု မော်ရင်ဟို ပြော

    အောက်တိုဘာ ၃၁၊ ၂၀၁၅
    M-Media

    mrh

    – လက်ရှိချန်ပီယံအသင်းအဖြစ် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးအ၀ါးဆုံးအနေအထားကို ရင်ဆိုင်နေရသော်လည်း မိမိအနေဖြင့် အထုတ်ခံရမည်ကို မကြောက်ဟု မော်ရင်ဟိုက ထပ်မံ ပြောကြားလိုက်ပြီး မိမိ အထုတ်ခံရမလား ဆိုသည်နှင့်ပတ်သက်၍ အဘယ်ကြောင့် လူအများက စိတ်လှုပ်ရှားနေသနည်းဟု မေးခွန်းထုတ်ခဲ့သည်။

    ချယ်ဆီးမှာ ကစားပြီးခဲ့သည့် ပရီးမီးယားလိဂ် ၁၀ ပွဲတွင် တစ်ဝက်တိတိ ရှုံးနိမ့်ထားပြီး အဆင့် ၁၅ အထိ ရောက်ရှိနေကာ ယနေ့တွင် လီဗာပူးလ်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ထပ်မံရှုံးနိမ့်ပါက မော်ရင်ဟိုမှာ အသင်းမှ အထုတ်ခံရတော့မည်ဟု ထင်ကြေးပေး ပြောဆိုမှုများ ရှိနေသည်။

    “ဒါနဲ့ပတ်သက်လို့ ကျွန်တော် ဘယ်လိုမှကို မနေပါဘူး။ အဲဒီအတွက် စဉ်းစားဖို့လည်း ကျွန်တော် အချိန်ကုန်မခံပါဘူး။ ရလဒ်အတွက်ပဲ သောကရောက်တာပါ။ စနေနေ့ပွဲ နိုင်ဖို့အတွက်နဲ့ ချန်ပီယံလိဂ် နောက်တစ်ဆင့်တက်ဖို့အတွက်သာ သောကဖြစ်နေတာပါ။ ပြီးတော့ အသင်း ပုံမှန်ရှိနေရမယ့် နေရာကို ပြန်ရောက်ဖို့အတွက်လည်း ကျွန်တော် သောကဖြစ်ပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal

  • ကုလ၀န်ထမ်းများ၏ ကျင့်ဝတ်ဖောက်ဖျက်မှု အစီရင်ခံစာ ထွက်လာ

    ကုလ၀န်ထမ်းများ၏ ကျင့်ဝတ်ဖောက်ဖျက်မှု အစီရင်ခံစာ ထွက်လာ

    အောက်တိုဘာ ၃၁၊ ၂၀၁၅
    M-Media

    – ရုံးတွင် အသုံးပြုသည့် ကွန်ပျူတာများတွင် အပြာဇာတ်ကာများ ထည့်သွင်းထားခြင်းနှင့် အဖွဲ့၏ယာဉ်ကို အသုံးပြု၍ ဆေးခြောက်ပို့ဆောင်မှုတို့ အပါအ၀င် ပြဿနာများကြောင့် မိမိတို့ဝန်ထမ်းများအား ထုတ်ပယ်မှုများ ရှိခဲ့သည်ဟု ကုလသမဂ္ဂ စီမံခန့်ခွဲရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။

    AFP က ယမန်နေ့တွင် ရရှိခဲ့သည့် အဆိုပါ အစီရင်ခံစာတွင် ၂၀၁၄ ခုနှစ် ဇူလိုင်လမှ ယခုနှစ်အထိ ကုလ၏ ၀န်ထမ်းပေါင်း ၄၀၀၀၀ ခန့်တွင် ကျင့်ဝတ်ဖောက်ဖျက်မှုများနှင့် ရာဇ၀တ်မှုဟု ယူဆနိုင်သည့် ကိစ္စများကို ကျူးလွန်မှုပေါင်း ၆၀ အား အသေးစိတ်ဖော်ပြထားသည်။

    ကုလ၀န်ထမ်းလေးဦးကမူ ကလေးငယ်များပါဝင်သော အပြာဇာတ်လမ်းများကို ရုံးတွင် အသုံးပြုသည့် ကွန်ပျူတာထဲတွင် ထည့်သွင်းသိမ်းဆည်းထားပြီး ကုလ၏ အီးမေးလ်ကို အသုံးပြုကာ အပြာရုပ်ပုံများကို ဖြန့်ဝေခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

    အခြားတစ်ဦးမှာ ဆေးခြောက် ၁၇၃ ကီလိုဂရမ်ကို ကုလ၏ ရုံးသုံးယာဉ်ကို အသုံးပြု၍ ပေးပို့ခဲ့သာကြောင့် အလုပ်ထုတ်ခံခဲ့ရသည်။ အဖွဲ့ခေါင်းဆောင်အား သတ်ပစ်မည်ဟု ခြိမ်းခြောက်သည့် ၀န်ထမ်းတစ်ဦးကိုလည်း မိမိတို့မှာ စာချုပ်အား ဖျက်သိမ်းကာ အလုပ်ထုတ်ပစ်ခဲ့သည်ဟု ကုလက ပြောကြားခဲ့သည်။

    ထို့ပြင် အခြားသော ကျင့်ဝတ်ဖောက်ဖျက်မှုများနှင့် ရာဇ၀တ်မှုများတွင် လုပ်ဖော်ကိုက်ဖက်အား ဓားဖြင့်ခြိမ်းခြောက်ခြင်းမှ ကုလလေယာဉ်ဖြင့် ခရီးသွားသူ တစ်ဦး၏ ခရီးဆောင်အိတ်ထဲမှ ကန်ဒေါ်လာ ၂၂၀၀ ကို ခိုးယူခြင်းတို့အထိ ပါဝင်ကာ လောင်စာဆီ၊ တာယာနှင့် စာရွက်များခိုးသည့် ပြဿနာများလည်း ရှိခဲ့သည်။

    သို့သော်လည်း ထိုအစီရင်ခံစာတွင် ပြစ်မှုကျူးလွန်သူများ၏ နေရာအတိအကျကို ဖော်ပြထားခြင်းမရှိဘဲ၊ တရားစွဲဆိုမှုများလည်း ပြုလုပ်ခဲ့ခြင်း မရှိပေ။

    ကုလ၏ ငြိမ်းချမ်းရေးတပ်များမှာ အာဖရိကတွင် ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ရှိခဲ့သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် ကုလမှာ စုံစမ်းစစ်ဆေးများ ပြုလုပ်ကာ ယခုအစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော်လည်း အဆိုပါ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိစ္စမှာ ထိုအစီရင်ခံစာတွင် ပါဝင်ခြင်း မရှိပေ။

    Ref: Alarabiya

  • ရာသီပိတ် WTA Finals တင်းနစ်ပြိုင်ပွဲ ဆီးမီးအဆင့်ရောက်

    ရာသီပိတ် WTA Finals တင်းနစ်ပြိုင်ပွဲ ဆီးမီးအဆင့်ရောက်

    အောက်တိုဘာ ၃၁၊ ၂၀၁၅
    M-Media

    tinnes

    – စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်နေသည့် WTA Finals အမျိုးသမီး တင်းနစ်ပြိုင်ပွဲတွင် အဖြူရောင်အုပ်စုမှ ဂါဘိုင်း မူဂူရူဇာနှင့် ပီထရာ ကဗီတိုဗာတို့မှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဟု သိရသည်။

    ယမန်နေ့က ကစားခဲ့သည့် အုပ်စုနောက်ဆုံးပွဲတွင် မူဂူရူဇာမှာ ကဗီတိုဗာကို ခက်ခက်ခဲခဲကစားကာ ၆-၄၊ ၄-၆၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ စပိန်တင်းနစ်မယ်ဖြစ်သူ သူမမှာ ကမ္ဘာ့ ထိပ်ဆုံးတင်းနစ်မယ် ၈ ဦးသာ ၀င်ရောက်ယှဉ်ပြိုင်ရသည့် WTA Finals ပွဲတွင် ယခုနှစ်မှ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ်တွင် ပိုလန်တင်းနစ်မယ် ရဒ်ဝမ်စကာနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    ဂျာမနီ နာမည်ကြီး အိန်ဂျလီက် ကာရ်ဘာရ်မှာ ပွဲငယ် ၁ ပွဲနိုင်ရုံမျှဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သော်လည်း လူစီ ဆာဖာရိုဗာအား ၆-၄၊ ၆-၃ ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ကာရ်ဘာရ်အရှုံးကြောင့် ကဗီတိုဗာမှာ အဖြူရောင်အုပ်စုတွင် ဒုတိယရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့ပြီး ရုရှားမှ ရှာရာပိုဗာနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    Ref: Daiilymail

  • ရုရှားခရီးသည်တင်လေယာဉ်တစ်စီး အီဂျစ်တွင် ပျက်ကျ (Breaking News!)

    ရုရှားခရီးသည်တင်လေယာဉ်တစ်စီး အီဂျစ်တွင် ပျက်ကျ (Breaking News!)

    အောက်တိုဘာ ၃၁၊ ၂၀၁၅
    M-Media

    plan

    – ရုရှားလေကြောင်းလိုင်း Kogalymavia မှ ခရီးသည် ၂၀၀ ကျော် တင်ဆောင်လာသည့် Airbus A-321 မှာ ပင်လယ်နီ အပန်းဖြေမြို့ဖြစ်သော ရှမ် အလ်-ရှိခ်မှ ရုရှားနိုင်ငံ စိန့် ပီတာစဘက်သို့ ယနေ့မနက်ပိုင်းက ပျံသန်းစဉ် ဆိုင်းနိုင်းကျွန်းဆွယ် အလယ်ပိုင်း၌ ပျက်ကျသွားခဲ့သည်ဟု အီဂျစ်ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။

    လေယာဉ်ပေါ်တွင် လိုက်ပါသွားခဲ့ကြသူ အများစုမှာ ရုရှား ခရီးသွားများဖြစ်ပြီး တစ်ချို့ကမူ ဆိုက်ပရက်၌ ပျက်ကျသွားသည်ဟုလည်း ပြောကြားမှုများ ရှိနေသည်။ နောက်ဆုံးရရှိသည့် သတင်းများအရ လေယာဉ်ပေါ်တွင် ခရီးသည် ၂၁၇ ဦးနှင့် လေယာဉ်အမှုထမ်း ၇ ဦးတို့ လိုက်ပါသွားသည်ဟု သိရသည်။

    ရုရှားအာဏာပိုင်များကမူ ထိုလေယာဉ်မှာ ပျံတက်ပြီး ၂၃ မိနစ်အကြာတွင် ဆိုက်ပရက်ရှိ လေကြောင်းထိန်းသိမ်းရေး စခန်းနှင့် အဆက်အသွယ်မရတော့ဘဲ ရေဒါမှလည်း ပျောက်သွားခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    Ref: BBC