News @ M-Media

၂၀၀၆ ကမ္ဘာ့ဖလား မသမာမှုအတွက် ဂျာမနီဘောလုံးအဖွဲ့ချုပ်ရုံးကို အာဏာပိုင်များ စီးနင်းရှာဖွေ

နိုဝင်ဘာ ၃၊ ၂၀၁၅
M-Media

german

– ၂၀၀၆ ကမ္ဘာ့ဖလားပွဲအတွက် ငွေပေးချေမှုများနှင့် ပတ်သက်၍ သံသယရှိသည့်အတွက် ဂျာမန်ဘောလုံးအဖွဲ့ချုပ်
DFB ၏ ရုံးခန်းကို အခွန်ဆိုင်ရာ အာဏာပိုင်များက ယနေ့မနက်ပိုင်းတွင် ၀င်ရောက်စီးနင်းကာ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဖရန့်ဖတ်မြို့တွင်ရှိသည့် ရုံးချုပ်အဆောက်အဦးအပြင် DFB ဥက္ကဌ ၀ုဖ်ဂန် နီယာဘက်ခ်ျနှင့် ဥက္ကဌဟောင်း သီယို ဇွမ်ဇင်ဂါတို့၏ အိမ်များကိုလည်း အာဏာပိုင်များက ၀င်ရောက်ရှာဖွေခဲ့ကြသည်။

ထိုဆောင်ရွက်မှုမှာ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ရွေးချယ်ခံရခြင်းကိစ္စ၊ အဆိုပါ ကမ္ဘာဖလားပြိုင်ပွဲအတွက် ဖီဖာသို့ ကန်ဒေါ်လာ ၇.၄ သန်း ပေးချေမှုတို့နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်ဟု ဂျာမန်အာဏာပိုင်များက ပြောကြားခဲ့သည်။

အစိုးရမှ ထုတ်ပြန်သော ကြေငြာချက်တွင် ထိုစုံစမ်းစစ်ဆေးမှုမှာ ၂၀၀၆ ကမ္ဘာဖလား ကျင်းပရေးကော်မတီတွင် ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ နီယာဘက်ခ်ျ၊ ၂၀၀၆ ခုနှစ် DFB ဥက္ကဌနှင့် ကမ္ဘာ့ဖလား ကျင်းပရေးကော်မတီ၏ ဘဏ္ဍာရေးအကြီးအကဲဖြစ်သူ ဇွမ်ဇင်ဂါတို့နှင့် ပတ်သက်သည်ဟု ဖော်ပြထားသည်။

“အခွန်ရှောင်ခဲ့တယ်ဆိုတဲ့ သံသယဖြစ်မှုအတွက် အထောက်ထားတွေကို ရှာဖွေနေပါတယ်” ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တစ်ဦးက ပြောကြားခဲ့သည်ဟု ဂျာမန်သတင်းစာ Bild တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ ၀င်ရောက်စီးနင်းရှာဖွေမှုတွင် အခွန်ဆိုင်ရာနှင့် တရားရေးဌာနမှ တာဝန်ရှိသူ ၅၀ ကျော် ပါဝင်ခဲ့ပြီး ဖိုင်များ၊ ကွန်ပျူတာများနှင့် Hard Disk များကို သိမ်းဆည်းခဲ့သည်။

ဂျာမန်ဘောလုံးအဖွဲ့ချုပ်ကမူ ၂၀၀၆ ကမ္ဘာ့ဖလား ကျင်းပခွင့်ရရေးအတွက် ငွေကြေးအမြောက်အများပေးကာ ဖီဖာအမှုဆောင်ကော်မတီ အဖွဲ့ဝင်များထံမှ မဲဝယ်ခဲ့သည်ဆိုသော သတင်းများကို ငြင်းဆိုခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply