အောက်တိုဘာ ၃၁၊ ၂၀၁၅
M-Media

– စားပွဲများအကြား အပြေးအလွှား စားပွဲထိုးနေရပြီး၊ အော်ဒါမှာခြင်း၊ စီးရက်တိုများကို လှဲကျင်းခြင်း စသည့် အလုပ်များကို လုပ်နေရသည့် အသက် ၁၂ နှစ်အရွယ် မြတ်နိုးတစ်ယောက် တစ်နေ့လျှင် လုပ်အားခ တစ်ထောင်ကျော်သာ ရရှိလေသည်။ မြန်မာနိုင်ငံမှာ ကမ္ဘာပေါ်တွင် ကလေးအလုပ်သမားကိစ္စနှင့်ပတ်သက်၍ ဆိုးရွားသောမှတ်တမ်းများရှိသည့် နိုင်ငံလည်း ဖြစ်သည်။
ယခင် အာဏာရှင်အုပ်စိုးသော မြန်မာနိုင်ငံတွင် မြတ်နိုးကဲ့သို့သော ကလေးငယ် သန်းနှင့်ချီသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြပြီး လက်ဖက်ရည်ဆိုင်များမှ စက်ရုံအလုပ်ရုံများအထိ ဖြစ်သည်။ သို့သော်လည်း ထိုအနေအထားနှင့် ဥပဒေများကို ပြောင်းလဲရန် ဖိအားများလည်း ရှိနေသည်။
နိုဝင်ဘာရွေးကောက်ပွဲ ကျင်းပရန် သီတင်းပတ်အနည်းငယ်သာ လိုတော့သည့်အချိန်တွင် နိုင်ငံရေးပါတီများမှာ မဲဆွယ်မှုများ ပြုလုပ်နေကြပြီး ၅ နှစ်အတွင်း နိုင်ငံတကာ စံချိန်စံညွှန်မှီပြီး မသင်မနေရ အခမဲ့ပညာရေးစနစ်ကို ဆောင်ရွက်ပေးရန် လွှတ်တော်အမတ်များကို တိုက်တွန်းနေလေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထိုရွေးကောက်ပွဲတွင် နေရာအတော်များများ အနိုင်ရလိမ့်မည်ဟု မျှော်လင့်နေကြသည်။ သူမကလည်း ပညာရေးစနစ်မှာ နိုင်ငံအတွင်း ဆင်းရဲမွဲတေမှုကို လျှော့ချရန် အဓိကအရေးကြီးသည့် ကိစ္စတစ်ခုဖြစ်သည်ဟု သတ်မှတ်ထားသည်။ သို့သော်လည်း ယခုအချိန်အထိတော့ ထိုတောင်းဆိုချက်မှာ အထမမြောက်သေး။
ရန်ကုန်မြို့၏ လမ်းမများတစ်လျှောက် ကြည့်ရှုလိုက်ပါက တိုင်းပြည်မှာ ရှေ့ဆက်သွားရန် လိုအပ်နေသေးသည်ကို မြင်ရမည်ဖြစ်သည်။ ပလက်စတစ်ထိုင်ခုံများ၊ စားပွဲများ ပြန့်ကျဲနေပြီး များသောအားဖြင့် ဆေးလိပ်သရဲများက မင်းမူထားသော လမ်းဘေး လက်ဖက်ရည်ဆိုင်များတွင် ၀န်ထမ်းအများစုက ကလေးငယ်များဖြစ်ပြီး အသက် ၇ နှစ်အရွယ်လေးများပင် ရှိနေသည်။
“ကျွန်မ ရွာကနေ မြို့တက်လာတာပါ။ မိဘတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီရမယ်လေ။ သူတို့မှာ ငွေမရှိကြဘူးရှင့်” ဟု မြတ်နိုးက ပြောကြားခဲ့သည်။ ပုဂ္ဂိုလ်ရေး လုံခြုံမှုရှိစေရန်အတွက် သူမ၏ အမည်ကို ပြောင်းလဲဖော်ပြထားခြင်းဖြစ်သည်။ ကလေးလုပ်သားအများစုကဲ့သို့ပင် သူမမှာလည်း မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးသည့် တိုင်းရင်းသား မျိုးနွယ်စုမှ ဆင်းသက်လာခြင်းဖြစ်ပြီး အသက် ၉ နှစ်အရွယ်ကတည်းက လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်နေသူဖြစ်သည်။
ကလေးအလုပ်သမားများက တစ်နေ့လျှင် ၁၄ နာရီခန့်ဖြင့် တစ်ပတ်လုံး အလုပ်လုပ်ရသည်။ အိပ်စက်ရာတွင်လည်း အခြားသောကလေးများနှင့်အတူ အခန်းတစ်ခုထဲတွင် အိမ်ရသလို၊ နေ့ခင်းပိုင်း ၎င်းတို့ စားပွဲထိုးရသည့် ပလက်စတစ်စားပွဲများပေါ်တွင် အိပ်ကြရသည်များလည်း ရှိလေသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအရ မြတ်နိုးမှာ မြန်မာနိုင်ငံတွင် ကျောင်းမတက်ရသည့် ၄.၄ သန်းသော ကလေးငယ်များထဲတွင် တစ်ဦးအပါအ၀င် ဖြစ်သည်။
မြန်မာနိုင်ငံမှာ ကမ္ဘာပေါ်တွင် ကလေးအလုပ်သမားများအတွက် အဆိုးဝါးဆုံးနေရာအဖြစ် ဘေးအန္တရာယ် စူးစမ်းလေ့လာရေးအဖွဲ့ Verish Maplecroft မှ သတ်မှတ်သော စာရင်းတွင် အဆင့် ၇ နေရာ၌ ရှိနေကာ အိန္ဒိယနှင့် လိုက်ဘေးရီးယားတို့၏ အထက်တွင် ရှိနေသည်။
ရှုပ်ထွေးသည့် အလုပ်သမားဥပဒေကလည်း ကလေးအလုပ်သမားများကို ပိတ်ပင်မထားဟု ရန်ကုန်ရှိ နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO မှ အမျိုးသမီး ပီယမဲလ် ပီချိုင်ဝွန်က ပြေကြားခဲ့သည်။
“အလုပ်စလုပ်နိုင်မယ့် အသက်အရွယ်အပိုင်းအခြားကို ဥပဒေမှာ တိတိကျကျ ဖော်မပြထားပါဘူး။ ပြီးတော့ အဲဒီဥပဒေတွကိုလည်း ကျင့်သုံးမှုမရှိပါဘူ”
၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှာ ILO ၏ သဘောတူညီချက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ထိုသဘောတူညီချက်၌ ကလေးအလုပ်သမား၊ စစ်တပ်နှင့် လိင်လုပ်ငန်းအပါအ၀င် အတင်းအဓမ္မခိုင်းစေမှုတို့ကို တရားမ၀င်အဖြစ် ဖော်ပြထားသည်။ မြန်မာအစိုးရကမူ မိမိတို့အနေဖြင့် ထိုအခြေအနေကို ဖြေရှင်းချင်သော်လည်း ကလေးအလုပ်သမားများမှာ ဆက်လက်ရှိနေမည်ဟု ပြောကြားခဲ့သည်။
အလုပ်လုပ်နေသော ကလေးငယ်များ ပညာရေး ရရှိရန်အတွက် အဖွဲ့အစည်းအများအပြားမှာ ၎င်းတို့၏ အလုပ်သို့ သွားရောက်၍ အခမဲ့ စာသင်ကြားမှုများကို ပြုလုပ်ပေးနေသည်။
စာပွဲထိုးအဖြစ် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၅ နှစ်အရွယ် နိုင်လင်းအောင်မှာ လွန်ခဲ့သည့် ၆ လမှစ၍ တစ်ပတ်လျှင် ၃ ည ထိုအတန်းကို တက်ရောက်နေသည်။
“အနာဂတ်မှာ ကျွန်တော် ဘာဖြစ်မလဲဆိုတာ မသိပါဘူး။ ဒါ့ကြောင့် အင်္ဂလိပ်စာ နည်းနည်းတတ်ချင်တယ်။ ကွန်ပျူတာလည်း နည်းနည်းလောက် သုံးတတ်ချင်တယ်။ ဖျားတဲ့နာတဲ့အချိန် အသုံးဝင်ဖို့အတွက် ဆေးဘက်ဆိုင်ရာ ဗဟုသုတလည်း ကျွန်တော် ရချင်ပါတယ်” ဟု အိပ်ရေးပျက်၍ နီရဲနေသော မျက်လုံးဖြင့် နိုင်လင်းအောင်က ပြောကြားခဲ့သည်။
မြန်မာရွေ့လျား ပညာရေးစီမံကိန်း (myME) မှာ ရန်ကုန်နှင့် မန္တလေးမြို့များရှိ လက်ဖက်ရည်ဆိုင်များမှ ကလေးငယ် ၆၀၀ ခန့်ကို ဆိုင်ပိတ်သည့်အချိန်များတွင် ပညာသင်ကြားပေးလျက် ရှိနေသည်။ ၂၄ နာရီပတ်လုံး အလုပ်လုပ်နေရသည့် ထိုကလေးငယ်များအတွက် မီနီဘတ်စ်ကားလေးတွင် စာသင်ခန်းလုပ်ကာ ထိုအဖွဲ့က သင်ကြားပေးနေခြင်းဖြစ်သည်။
myME ကို တည်ထောင်ခဲ့သူ ဦးတင်အေးဟာဒီက မြန်မာနိုင်ငံရှိ မျိုးဆက်များမှာ ဆင်းရဲမွဲတေမှုဒဏ်ကို ခါးစည်းခံနေရသည်ဟု ပြောကြားခဲ့သည်။
“သူတို့လေးတွေအတွက် ဘယ်လိုအလုပ်အကိုင်မျိုး ရနိုင်စရာရှိသလဲ။ သူတို့နဲ့ တိုင်းပြည်အတွက် ဘယ်လိုအနာဂတ်မျိုး ရှိနေသလဲ” ဟူ၏။
Ref: The Straits Times