News @ M-Media

Blog

  • အီရတ်စစ်ပွဲကို သတင်းအမှားဖြင့် ၀င်တိုက်ခဲ့သည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ၀န်ခံ

    အီရတ်စစ်ပွဲကို သတင်းအမှားဖြင့် ၀င်တိုက်ခဲ့သည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ၀န်ခံ

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    – အီရတ်တွင် ဖျက်အားပြင်း ဓာတုလက်နက်များ ရှိသည်ဆိုသော ထောက်လှမ်းရေးသတင်းမှာ သတင်းအမှားသာဖြစ်သည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ၀န်ခံပြောကြားလိုက်ပြီး အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့သည့် အီရတ်စစ်ပွဲ အမှားများအတွက်လည်း တောင်းပန်လိုက်သည်။

    “ထောက်လှမ်းရေးကရတဲ့ သတင်းဟာ မှားယွင်းတယ်ဆိုတာအတွက် ကျွန်တော် တောင်းပန်ပါတယ်။ အစီအစဉ်ဆွဲမှု အတွင်းမှာ မှားယွင်းမှုတွေနဲ့၊ အာဏာရှင်ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချပြီးနောက်ပိုင်းမှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့တွက်ချက်မှုမှာ တက်တက်စင်အောင် လွဲခဲ့တာတွေအတွက်လည်း ကျွန်တော် တောင်းပန်ပါတယ်” ဟု CNN Europe နှင့် အင်တာဗျူးတွင် တိုနီဘလဲက ပြောကြားခဲ့သည်။

    အဆိုပါ အင်တာဗျူးကို ယနေ့တွင် ဥရောတစ်လွှား၌ ထုတ်လွှင့်ပြသမည်ဖြစ်သည်။ ထို့ပြင် အမေရိကန်နှင့် ဗြိတိန်တို့၏ အီရတ်စစ်ပွဲမှာ IS အဖွဲ့ ပေါ်ထွက်လာမှု၏ “အဓိက အကြောင်းအရင်း” ဖြစ်သလားဟု မေးမြန်းရာတွင်လည်း ဘလဲက တစ်စိတ်တစ်ပိုင်း မှန်ကန်သည်ဟု ၀န်ခံခဲ့သည်။

    “၂၀၀၃ ခုနှစ်မှာ ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချခဲ့တဲ့ ကျွန်တော်တို့ဟာ ဒီ ၂၀၁၅ က အခြေအနေတွေမှာ လုံးဝ တာဝန်မရှိဘူးလို့တော့ ပြောလို့မရပါဘူး”

    တိုနီဘလဲနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကလည်း ဘလဲမှာ ထောက်လှမ်းရေး၏ အမှားလုပ်မှုနှင့် အစီအစဉ် မမှန်ကန်မှုများအတွက် အမြဲတမ်း တောင်းပန်ခဲ့ကြောင်း၊ သို့သော်လည်း ဆက်ဒမ်အား ဖြုတ်ချခြင်းမှာ မှားယွင်းမှုတစ်ခုဟု ၎င်းက မထင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    အီရတ်ကျူးကျော်စစ်အတွင်း ဗြိတိန်အစိုးရ၏ ပါဝင်ပတ်သက်မှုအား စုံးစမ်းရန် ဖွဲ့စည်းထားသော Chilcot အဖွဲ့မှာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ရန်ရှိနေပြီး ဘလဲ၏ ယခုတောင်းပန်မှုက အစီရင်ခံစာထွက်ပြီးနောက် ဖြစ်ပေါ်လာဖွယ်ရှိနေသည့် ဝေဖန်မှုများအတွက် ကြိုတင် ကာထားခြင်းဖြစ်သည်ဟု စကော့တလန် ပထမ၀န်ကြီးချုပ် နီကိုလာ စတာဂျီယန်က ပြောကြားခဲ့သည်။

    “ဘလဲရဲ့ ဝေ့လည်ကြောင်ပတ်ဇာတ်လမ်းက စပါပြီ။ ဒါပေမယ့် တိုင်းပြည်က အမှန်တရားကို စောင့်ဆိုင်းနေပါတယ်။ Chilcot စုံစမ်းရေးအဖွဲ့က အစီရင်ခံစာ နှောင့်နှေးနေတာကလည်း မသမာမှုပါပဲ” ဟု စတာဂျီယန်က ပြောကြားခဲ့သည်။

    အဆိုပါ စုံစမ်းရေးအဖွဲ့ကို လွန်ခဲ့သည့် ၆ နှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တစ်နှစ်အတွင်း အပြီး ဆောင်ရွက်ပေးမည်ဟု ထိုစဉ်က ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက အသေအချာ ပြောခဲ့သော်လည်း ယနေ့အချိန်အထိ အစီရင်ခံစာ ထွက်မလာသေးဘဲ နောက်ဆုံးအစီရင်ခံစာကို ထုတ်ပြန်ရန် ရက်အတိအကျကိုလည်း သတ်မှတ်ထားခြင်းမရှိချေ။

    ထိုကဲ့သို့ အစီရင်ခံစာ ထုတ်ပြန်မှု အလွန်အမင်း နောက်ကျနေခြင်းက တိုနီဘလဲအပါအ၀င် အီရတ်စစ်ပွဲအတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ရနိုင်သူများ အစီရင်ခံစာ ထွက်မလာခင် အမြင်လှအောင် လုပ်ဆောင်ရန် အခွင့်အရေး ရစေခဲ့သည်။

    စစ်ပွဲအတွင်း သေဆုံးသွားသော စစ်သားများ၏ မိသားစု ဆွေမျိုးများကမူ ထိုအစီရင်ခံစာထွက်မည့်ရက်ကို သတ်မှတ်ထုတ်ပြန်ခြင်း မရှိပါက တရားဥပဒေအရ တုန့်ပြန်သွားမည်ဟု ခြိမ်းခြောက်ထားသည်။

    အမေရိကန်၏ အီရတ်ကျူးကျော်စစ်တွင် ပါဝင်ရန် တိုနီဘလဲက ဆုံးဖြတ်ချက်ချသည့်အချိန်တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် လော့ဒ် ဘလန့်ကတ်က ဆက်ဒမ်အား ဖြုတ်ချအပြီး ဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်၍ ဘလဲထံမှ ရေရေရာရာ မသိခဲ့ရဟု ဆိုသည်။

    “စစ်ဆင်ရေး ပြီးသွားတဲ့အခါ ဘာဖြစ်မလဲဆိုတာကို တိုနီက ဘာမှမပြောနိုင်ခဲ့ပါဘူး။ သူက ဒစ်ချေနီ (အမေရိကန် ဒုတိယသမ္မတ) နဲ့ ဒေါ်နယ်လ်ရမ်းစဖဲလ် (အမေရိကန် ကာကွယ်ရေးဝန်ကြီး) တို့ကို ယုံကြည်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ယနေ့တွင် Dailymail သို့ ပြောကြားခဲ့သည်။

    “ပြန်ပြောင်းတွေးကြည့်တဲ့အခါ အစိုးရယန္တရားတစ်ခုလုံးကို ဖြုတ်ချခြင်းအားဖြင့် ဆက်ဒမ်ရဲ့ ဘာ့သ်ပါတီ သြဇာလွှမ်းမိုးမှုကို လုံးဝ ဖြိုဖျက်ဖို့ဆိုတဲ့အပေါ် သူတို့ ပါဝင်ခဲ့တာလို့ အခု ကျွန်တော်တို့ သိရှိရပါတယ်။ ဒါက တကယ်အလုပ်လုပ်နိုင်တဲ့ ဘယ်လိုအစိုးရမျိုးကိုမှ ဖွဲ့လို့မရတာ၊ ထိမ်းမနိုင်သိမ်းမရအခြေအနေမျိုးတွေ ဖြစ်လာတာဆီကိုပဲ ဦးတည်ခဲ့ပါတယ်”

    “တိုနီဘလဲကို ဓားစာခံလုပ်တာတော့ မဟုတ်ပါဘူး။ အမေရိကန်အပေါ်မှာ ကျွန်တော်တို့ဟာ ပိုကြီးများတဲ့ လွှမ်းမိုးမှု ရှိမယ်လို့ ယုံကြည်ထင်မှတ်ပြီး မှောက်မှားသွားတဲ့ ဒီကိစ္စအတွက် ကျွန်တော်တို့အားလုံးကို အပြစ်တင်ရမှာပါ”

    ထို့ပြင် ထိုစုံစမ်းစစ်ဆေးမှု၏ တွေ့ရှိချက်များနှင့် ပတ်သက်၍ ကနဦးအစီရင်ခံစာကို အလျင်အမြန် ထုတ်ပြန်ခြင်း မရှိပါက၊ အစီရင်ခံစာတစ်ခုလုံးမှာ ယုံကြည်၍မရဟူသော အခြေအနေအထိ ဖြစ်သွားနိုင်သည်ဟုလည်း ၎င်းက ထည့်သွင်းသတိပေးခဲ့သည်။

    Ref: Gurdian

  • အသင်းမှာ လျင်မြန်မှုနှင့် ဖန်တီးနိုင်စွမ်း လိုသေးသည်ဟု မန်ယူနည်းပြပြော

    အသင်းမှာ လျင်မြန်မှုနှင့် ဖန်တီးနိုင်စွမ်း လိုသေးသည်ဟု မန်ယူနည်းပြပြော

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    mu

    – မိမိ၏ အသင်းတွင် လျင်မြန်မှုနှင့် ဖန်တီးနိုင်စွမ်း ပိုမိုလိုအပ်နေပြီး ထိုအတွက် လာမည့်ဇန်န၀ါရီ အပြောင်းအရွှေ့တွင် လူအင်အားဖြည့်တင်းရမည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် နွေရာသီတွင် ဗန်ဂါးလ်မှာ မမ်ဖစ် ဒီပိုင်း၊ အန်သိုနီမာရှယ်တို့ဖြင့် အသင်းတိုက်စစ်အား ဖြည့်တင်းခဲ့သော်လည်း အိန်ဂျယ် ဒီမာရီယာ၊ ရော်ဘင်ဗန်ပါစီ၊ ဖယ်လ်ကာအိုနှင့် နာနီတို့ အသင်းမှ ထွက်ခွာသွားသောကြောင့် အ၀င်အထွက် မကာမိခဲ့ပေ။

    “ကျွန်တော်တို့ဟာ လျင်မြန်မှုနဲ့ တိုက်စစ်ပိုင်းမှာ ဖန်းတီးနိုင်စွမ်းရှိတဲ့ ကစားသမားတွေ လိုအပ်တယ်လို့ ကျွန်တော်ပြောဖူးပါတယ်။ ဘယ်ကစားသမားမျိုးကို ကျွန်တော်ဝယ်ခဲ့သလဲဆိုတာ ခင်ဗျားတို့ မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ထပ်ပြီး လိုအပ်ပါသေးတယ်။ ကျွန်တော်လိုချင်တဲ့ ကစားသမားအားလုံးကလည်း ဒီကို လာချင်ကြတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    မန်ယူမှာ ယနေ့ညတွင် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဗန်ဂါးလ်က မန်စီးတီးမှာ မိမိတို့ထက်ပို၍ ရေပန်းစားနေသည်ဟု စောစောပိုင်းတွင် ပြောကြားထားသည်။

    Ref: Goal

  • WTA Finals တင်းနစ်ပြိုင်ပွဲ အုပ်စုခွဲမှု ပြီးစီး

    WTA Finals တင်းနစ်ပြိုင်ပွဲ အုပ်စုခွဲမှု ပြီးစီး

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    tennis

    – ယခုနှစ် တင်းနစ်ရာသီ၏ နောက်ဆုံး အမျိုးသမီးပြိုင်ပွဲဖြစ်ပြီး စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်မည့် WTA Finals ပွဲအတွက် သောကြာနေ့က အုပ်စုခွဲပွဲကို ကျင်းပခဲ့ရာ နိုင်ခြေ အဆင့် ၁ ရ ဆီမွန်နာ ဟဲလ်ပ်မှာ ဂရင်းစလမ် ချန်ပီယံ မာရီယာရှာရာပိုဗာနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။

    ကမ္ဘာ့ နံပါတ် ၁ ဖြစ်ပြီး၊ လက်ရှိချန်ပီယံလည်းဖြစ်သူ ဆရီနာဝီလီယံမှာ ပါဝင်မည်မဟုတ်ဟု ကြေငြာထားသောကြောင့် ကမ္ဘာ့ ထိပ်တန်း အမျိုးသမီးကစားသမား ၈ ဦးသာ ၀င်ရောက်ယှဉ်ပြိုင်ရသည့် အဆိုပါပြိုင်ပွဲတွင် ဟဲလ်ပ်က နိုင်ခြေအဆင့် ၁ ရရှိခဲ့ခြင်းဖြစ်သည်။

    အနီရောင်နှင့် အဖြူရောင်အုပ်စုနှစ်ခု ခွဲခဲ့ရာတွင် အနီရောင်၌ ဆီမွန်နာ ဟဲလ်ပ် (ရိုမေးနီးယား)၊ မာရီယာ ရှာရာပိုဗာ(ရုရှား)၊ အဂ်နစ်ဇ်ကာ ရဒ်ဝမ်စကာ (ပိုလန်)နှင့် ဖလာဗီယာ ပန်နတ္တာ (အီတလီ) တို့ ပါဝင်ခဲ့ပြီး၊ အဖြူရောင်အုပ်စုတွင် ဂါဘိုင်း မူဂူရူဇာ (စပိန်)၊ ပီထရာ ကဗီတိုဗာ (ချက်)၊ အိန်ဂျလစ်က် ကာရ်ဘာရ် (ဂျာမနီ)နှင့် လူစီ ဆာဖာရိုဗာ (ချက်) တို့ ပါဝင်ခဲ့သည်။ ပြိုင်ပွဲကို ယနေ့တွင် စတင်ယှဉ်ပြိုင်မည်ဖြစ်သည်။

    Ref: Dailymail

  • ပါလက်စတိုင်းမငြိမ်သက်မှု ဖြေရှင်းရန် သဘောတူညီချက် ရရှိ

    ပါလက်စတိုင်းမငြိမ်သက်မှု ဖြေရှင်းရန် သဘောတူညီချက် ရရှိ

    အေက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    – ပါလက်စတိုင်းပိုင်နက်များနှင့် အစ္စရေးတို့တွင် ပြီးခဲ့သည့် သီတင်းပတ်များကတည်းက ဖြစ်ပွားခဲ့သည့် တင်းမာမှုများကို အဆုံးသတ်ရေး ကြိုးပမ်းမှုအဖြစ် ဂျော်ဒန်နှင့် အစ္စရေးတို့မှာ သဘောတူညီချက်များကို ရရှိခဲ့ပြီး ထိုအထဲတွင် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်၌ ၂၄ နာရီ လုံခြုံရေး စောင့်ကြည့်ကင်မရာများ တပ်ဆင်ရန်လည်း ပါဝင်သည်ဟု အမေရိကန်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်လအတွင်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဂျူးအစွန်းရောက်များက အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်အတွင်းသို့ ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းများအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ပါလက်စတိုင်းများအကြားတွင် တင်းမာမှုများ မြင့်တက်လာခဲ့ကာ ဆန္ဒပြမှုများ၊ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

    ပါလက်စတိုင်းများ၏ တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၀ ဦးခန့် သေဆုံးခဲ့ပြီး၊ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုနှင့် ပါလက်စတိုင်းပိုင်နက်အတွင်းရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာများ၌ နေထိုင်သူ ဂျူးများ၏ တိုက်ခိုက်မှုတို့ကြောင့် ပါလက်စတိုင်း ၅၀ ကျော် သေဆုံးခဲ့သည်။

    ထိုပြဿနာအား ပြေလည်စေရန်အတွက် ပါလက်စတိုင်းသမ္မ မဟ်မူဒ်အဘတ်စ်၊ ဂျော်ဒန်ဘုရင် အဘ်ဒူလာနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ ယမန်နေ့က ဆွေးနွေးခဲ့ကြပြီး၊ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း ၂၄ နာရီ စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားရန် ဂျော်ဒန်ဘုရင်၏ အကြံပြုချက်ကို အစ္စရေးက လက်ခံခဲ့သည်ဟု ကယ်ရီက ပြောကြားခဲ့သည်။ ဘုရင်အဘ်ဒူလာမှာ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်အား ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။

    ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးက တစ်စတစ်စ ကျူးကျော်သိမ်းပိုက်မှုနှင့် အလ်-အက်ဆွာတည်ရှိသော အရှေ့ဂျေရုစလင်နှင့် ပတ်သက်၍ ၀င်ရောက်စွက်ဖက်များကြောင့် အလ်-အက်ဆွာမှာ ပါလက်စတိုင်းပိုင်ဖြစ်သည်ဟူသော အမှန်တရားကို အစ္စရေးက ပြောင်းလဲချင်နေသည်ဟု ပါလက်စတိုင်း အာဏာပိုင်များနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ ဝေဖန်ခဲ့ကြသည်။

    သို့သော်လည်း ကယ်ရီက အစ္စရေးမှာ လက်ရှိအခြေအနေကို ပြောင်းလဲမည်မဟုတ်ကြောင်း အသေအချာ ပြောခဲ့သည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် ထိုဗလီဝတ်ကျောင်းတော် အပါအ၀င် အရှေ့ဂျေရုစလင်ကို အစ္စရေးက ထိန်းချုပ်ထားပြီး ပါလက်စတိုင်းများ ၀င်ရောက်ခွင့်ကိုလည်း ကန့်သတ်ထားသည်။

    ထိုသဘောတူညီချက်အား အသေးစိတ်ဖော်ပြထားသော ကြေငြာချက်တွင် ၀န်ကြီးချုပ် နေတန်ယာဟုက မိမိတို့မှာ “အလ်-အက်ဆွာဗလီဝတ်ကျောင်းတော်က ဂျူး၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာတရားသုံးခုအတွက် အရေးပါသည်ကို အသိအမှတ်ပြုပြီး ပါလက်စတိုင်းပိုင်နက်ဖြစ်သည်ဟူသော လက်ရှိအခြေအနေကို စကားလုံး၊ သို့မဟုတ် လုပ်ရပ်များဖြင့် ပြောင်းလဲမည်မဟုတ်ဟူသော ကတိက၀တ်ကို စောင့်ထိန်းမည်ဟု ထပ်မံ ပြောကြားလိုကြောင်း” ဖော်ပြထားသည်။

    ထို့ပြင် ထိုဗလီဝတ်ကျောင်းတော်တွင် အစ္စလာမ်ဘာသာဝင်များကို ၀တ်ပြုခွင့်ပေးပြီး ဂျူးများနှင့် ခရစ်ယာန်များကို လာရောက်လည်ပတ်ခွင့်ပေးသည့် ပေါ်လစီကိုလည်း ဆက်လက်တည်ရှိသွားစေမည်ဖြစ်ပြီး ဗလီဝတ်ကျောင်းတော်၏ ပရ၀ုဏ်အား ခွဲထုတ်သွားရန် မိမိတို့၌ အစီအစဉ်မရှိကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    Ref: Aljazeera

  • အာဆင်နယ် ထိပ်ဆုံးပြန်ရောက်မည်ဟု မည်သူမှ မထင်ကြောင်း ၀င်းဂါးပြော

    အာဆင်နယ် ထိပ်ဆုံးပြန်ရောက်မည်ဟု မည်သူမှ မထင်ကြောင်း ၀င်းဂါးပြော

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    ars

    – အဖွင့်ပွဲ ရှုံးနိမ့်ခဲ့စဉ်ကတည်းက မိမိတို့အသင်းမှာ ထိပ်ဆုံးသို့ ရောက်ရှိမည်ဟု မည်သူမှ မထင်ခဲ့ဘဲ အသင်း၏ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ယမန်နေ့က အဲဗာတန်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်မှာ လက်ရှိအချိန်တွင် ဇယားကို ဦးဆောင်ထားပြီး ထိပ်ဆုံးမှ မန်စီးတီးနှင့် မန်ယူတို့ပွဲတွင် မန်စီးတီး ရှုံးနိမ့်ခဲ့ပါက ဇယားအား ဆက်လက် ဦးဆောင်နိုင်မည်ဖြစ်သည်။

    “ဆက်ပြီး သွားကြရအောင်ပါ။ မိမိကိုယ်ကို နှိမ့်ချမှုနဲ့ ပြင်းပြတဲ့ ဆန္ဒတွေက အသင်းအဖွဲ့အဖြစ် စုစည်းစေခဲ့ပါတယ်။ အီမရိတ်မှာ ကျွန်တော်တို့ ပထမဆုံးပွဲမှာ ရှုံးခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ဟာ ဒီညလို ထိပ်ဆုံး ပြန်ရောက်မယ်လို့ ဘယ်သူမှ မပြောကြတော့ပါဘူး။ အင်္ဂါနေ့က (ချန်ပီယံလိဂ်မှာ) သူတို့ရခဲ့တဲ့ နိုင်ပွဲမျိုးက အသင်းရဲ့စိတ်ဓာတ် ဘယ်လောက်မြင့်မားနေလဲဆိုတာကို ပြသနေတာပါပဲ။ ဒါ့ကြောင့်ပဲ ကျွန်တော့်အသင်းအတွက် ကျွန်တော့် တော်တော်လေး ဂုဏ်ယူမိပါတယ်။ ပြန်လည်အာရုံစိုက်ဖို့ စွမ်းဆောင်ရည်ကို သူတို့ ပြသခဲ့ပါတယ်” ဟု ၀င်းဂါးက ယမန်နေ့ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထိုပွဲတွင် ဂျရူးနှင့် ကွန်စီယဲလ်နီတို့က အာဆင်နယ်အတွက် အနိုင်ဂိုးများ သွင်းပေးခဲ့ကြသည်။

    Ref: Goal