အောက်တိုဘာ ၂၅၊ ၂၀၁၅
M-Media
– ယခုနှစ် တင်းနစ်ရာသီ၏ နောက်ဆုံး အမျိုးသမီးပြိုင်ပွဲဖြစ်ပြီး စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်မည့် WTA Finals ပွဲအတွက် သောကြာနေ့က အုပ်စုခွဲပွဲကို ကျင်းပခဲ့ရာ နိုင်ခြေ အဆင့် ၁ ရ ဆီမွန်နာ ဟဲလ်ပ်မှာ ဂရင်းစလမ် ချန်ပီယံ မာရီယာရှာရာပိုဗာနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။
ကမ္ဘာ့ နံပါတ် ၁ ဖြစ်ပြီး၊ လက်ရှိချန်ပီယံလည်းဖြစ်သူ ဆရီနာဝီလီယံမှာ ပါဝင်မည်မဟုတ်ဟု ကြေငြာထားသောကြောင့် ကမ္ဘာ့ ထိပ်တန်း အမျိုးသမီးကစားသမား ၈ ဦးသာ ၀င်ရောက်ယှဉ်ပြိုင်ရသည့် အဆိုပါပြိုင်ပွဲတွင် ဟဲလ်ပ်က နိုင်ခြေအဆင့် ၁ ရရှိခဲ့ခြင်းဖြစ်သည်။
အနီရောင်နှင့် အဖြူရောင်အုပ်စုနှစ်ခု ခွဲခဲ့ရာတွင် အနီရောင်၌ ဆီမွန်နာ ဟဲလ်ပ် (ရိုမေးနီးယား)၊ မာရီယာ ရှာရာပိုဗာ(ရုရှား)၊ အဂ်နစ်ဇ်ကာ ရဒ်ဝမ်စကာ (ပိုလန်)နှင့် ဖလာဗီယာ ပန်နတ္တာ (အီတလီ) တို့ ပါဝင်ခဲ့ပြီး၊ အဖြူရောင်အုပ်စုတွင် ဂါဘိုင်း မူဂူရူဇာ (စပိန်)၊ ပီထရာ ကဗီတိုဗာ (ချက်)၊ အိန်ဂျလစ်က် ကာရ်ဘာရ် (ဂျာမနီ)နှင့် လူစီ ဆာဖာရိုဗာ (ချက်) တို့ ပါဝင်ခဲ့သည်။ ပြိုင်ပွဲကို ယနေ့တွင် စတင်ယှဉ်ပြိုင်မည်ဖြစ်သည်။
Ref: Dailymail


Leave a Reply
You must be logged in to post a comment.