News @ M-Media

Blog

  • နေရာပြောင်းကစားရခြင်းက အကျိုးရှိသည်ဟု မန်စီးတီးတိုက်စစ်မှူးဆို

    နေရာပြောင်းကစားရခြင်းက အကျိုးရှိသည်ဟု မန်စီးတီးတိုက်စစ်မှူးဆို

    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media

    de

    – မိမိမှာ အထောင်တိုက်စစ်မှူးအဖြစ် မည်သည့်အခါကမှ မကစားခဲ့ဖူးဘဲ ထိုနေရာတွင် ကစားရခြင်းက မိမိအတွက် အကျိုးရှိစေသည်ဟု မန်စီးတီးတိုက်စစ်မှူး ဒီဘရူနီက ပြောကြားလိုက်သည်။

    တောင်ပံကစားသမား သို့မဟုတ် နံပါတ် ၁၀ နေရာတွင်သာ ပုံမှန်ကစားလေ့ရှိသည့် ဘရူနီမှာ ယနေ့မနက် ဆီးဗီးလားနှင့် ချန်ပီယံလိဂ်ပွဲတွင် အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့ရပြီး နာကျင်အချိန်ပိုတွင် အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

    “ရိုးရိုးသားသားပြောရရင် ကျွန်တော်ဟာ အထောင်တိုက်စစ်မှူးအဖြစ် များများစားစား မကစားခဲ့ဖူးပါဘူး။ အခုအချိန် ကျွန်တော်တို့မှာ တိုက်စစ်မှူးတွေ အများကြီး ရှိမနေတာကြောင့် နည်းပြက အဲဒီနေရာကို ကစားခိုင်းရင် ကျွန်တော် ကြိုးစားမှာပါ” ဟု ဒီဘရူနီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဘရူနီမှာ မန်စီးတီးအတွက် ၇ ပွဲကစားပေးထားပြီး ၅ ဂိုးသွင်းယူနိုင်ခဲ့ကာ နေရာအပြောင်းအလဲလုပ်၍ ကစားရခြင်းက မိမိအတွက် အကျိုးရှိသည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • မြန်မာနိုင်ငံနှင့် မိမိတို့၏ ဆက်ဆံရေး ရွေးကောက်ပွဲအခြေအနေပေါ် မူတည်ဟု အမေရိကန်ပြော

    မြန်မာနိုင်ငံနှင့် မိမိတို့၏ ဆက်ဆံရေး ရွေးကောက်ပွဲအခြေအနေပေါ် မူတည်ဟု အမေရိကန်ပြော

    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media

    – လာမည့်လတွင် ပြုလုပ်ရန်ရှိနေသည့် မြန်မာ့ရွေးကောက်ပွဲအား အမေရိကန်က လစ်လျူရှုမည် မဟုတ်ဘဲ၊ အနာဂတ်မြန်မာအစိုးရကို ကူညီရေးနှင့် ကျန်ရှိနေသည့် ပိတ်ဆို့မှုများ ဖယ်ရှားရေးမှာ ထိုရွေးကောက်ပွဲ လုပ်ငန်းစဉ်အားလုံးအပေါ် မူတည်နေသည်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီယဲလ် ရပ်ဆဲလ်က ပြောကြားလိုက်သည်။

    ယမန်နေ့က ၀ါရှင်တန်တွင် ပြုလုပ်ခဲ့သည့် ကွန်ဂရက်အစည်းအဝေးတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ရိုဟင်ဂျာလူနည်းစုများအား မြန်မာအစိုးရက ဆက်ဆံနေမှုများကို အလွန်အမင်း စိုးရိမ်မိပြီး၊ နိုင်ငံရေးတွင် ဘာသာတရားကို အသုံးချခြင်းနှင့် အမုန်းစကားများ ဆက်လက်ပြန့်နှံ့နေခြင်းက ရွေးကောက်ပွဲနေ့များတွင် အကြမ်းဖက်မှုဆီသို့ ဦးတည်သွားနိုင်သည်ဟုလည်း သတိပေးခဲ့သည်။

    “ကျွန်တော်တို့ မြင်ရတာ ကြားရတာအပေါ်မူတည်ပြီး အကဲဖြတ်သွားမှာပါ။ ရွေးကောက်ပွဲအပြီး အခြေအနေကိုလည်း ကျွန်တော်တို့ စောင့်ကြည့်သွားမှာဖြစ်ပြီး ရလဒ်ကို ပါတီအားလုံးက လက်ခံလားဆိုတာလည်း သိပ်ရေးကြီးပါတယ်။ မြန်မာအစိုးရသစ်ကို ကူညီဖို့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်နိုင်မှု၊ ပိတ်ဆို့မှုတွေ လျော့ချပေးရေးအတွက် စဉ်းစားပေးမှုတွေဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးမှာ အားလုံးပါဝင်နိုင်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ အကဲဖြတ်သုံးသပ်မှုအပေါ်မှာ မူတည်ပါတယ်” ဟု ရပ်ဆဲလ်က ပြောကြားခဲ့ပြီး
    ထိုသုံးသပ်မှုတွင် ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများနှင့် မီဒီယာများ၏ အသံများလည်း ပါဝင်သွားမည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ရွေးကောက်ပွဲကျင်းပမှုနဲ့ ရလဒ်တွေက ၂၀၁၆ နဲ့ နောက်ပိုင်းမှာ မြန်မာအစိုးရနဲ့ ကျွန်တော်တို့ရဲ့ ထိတွေ့ဆက်ဆံမှုကို အခြေခံကျကျ ပုံပေါ်စေပါလိမ့်မယ်”

    နိုဝင်ဘာ ၈ ရက်နေ့တွင်ပြုလုပ်မည့် ရွေးကောက်ပွဲမှာ နှစ်ပေါင်း ၂၅ နှစ်အတွင်း လွတ်လပ်၍ တရားမျှတမည့် ရွေးကောက်ပြွဲုဖစ်မည်ဟု မျှော်လင့်နေကြပြီး လွန်ခဲ့သည့် ၄ နှစ်အရင်က စတင်ခဲ့သည့် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး အခြေအနေနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဆုံးအဖြတ်လည်း ဖြစ်လာမည်ဖြစ်သည်။

    ရပ်ဆဲလ်ကမူ အဆိုပါရွေးကောက်ပွဲ အောင်မြင်မည်လားဆိုသည်ကို အာမခံ၍ မရဘဲ၊ ထင်ရှားသည့် ပြဿနာများ ဆက်လက်ရှိနေဆဲဟု ဆိုကာ ရိုဟင်ဂျာ ၇၅၀၀၀၀ ၏ မဲပေးခွင့်ဆုံးရှုံးမှုနှင့် နိုင်ငံသားဖြစ်မှု၊ နေထိုင်မှုလိုအပ်ချက်များ အကြောင်းပြကာ ကိုယ်စားလှယ်လောင်း ၇၅ ဦးကို ပယ်ချမှုတို့ကို ၎င်းက ထောက်ပြခဲ့သည်။

    နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်မှာ အကျဉ်းထောင်များအတွင်း ရှိနေသေးပြီး၊ ကျောင်းသားများနှင့် ဂျာနယ်လစ်များ အပါအ၀င် တက်ကြွလှုပ်ရှားသူ ၄၀၀ ခန့်မှာလည်း တရားစွဲဆိုမှုများနှင့် ရင်ဆိုင်နေရသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဒန်နီယဲလ် ရပ်ဆဲလ်မှာ အမေရိကန်၏ အာရှဆိုင်ရာကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးလည်း ဖြစ်သည်။

    Ref: Reuters

  • အမှားလုပ်ခဲ့သော်လည်း မာရှယ်ကို ဗန်ဂါးလ် ချီးကျူး

    အမှားလုပ်ခဲ့သော်လည်း မာရှယ်ကို ဗန်ဂါးလ် ချီးကျူး

    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media

    martial

    – ယနေ့မနက် ချန်ပီယံလိဂ်ပွဲတွင် မကျူးလွန်သင့်သည့်အမှားကို ကျူးလွန်ခဲ့သည့် မာရှယ်အား မိမိအနေဖြင့် ခွင့်လွှတ်ပြီးခဲ့ပြီဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားခဲ့ပြီး စွမ်းဆောင်ရည်အတွက်လည်း ချီးကျူးခဲ့သည်။

    စီအက်စ်ကေအေ အသင်းနှင့် ၁ ဂိုး စီသရေကျခဲ့သည့် ထိုပွဲတွင် စီအစ်က်ကေအေ ရရှိခဲ့သည့် ဦးဆောင်ဂိုးမှာ မာရှယ်က ဧရိယာအတွင်း လက်ဖြင့် တမင်တားခဲ့ခြင်းကြောင့် ပေးခဲ့ရသည့် ပင်နယ်တီမှ ပြန်ထွက်လာသော ဘောလုံးကို ဒွမ်ဘီယာက ပိတ်သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် မာရှယ်ကပင် အသင်းအတွက် ချေပဂိုး ပြန်သွင်းပေးခဲ့သည်။

    “မာရှယ်လို တုန့်ပြန်မှုမျိုးက ရူးနှမ်းတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဖြစ်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့အားလုံးဟာ လူသားတွေဖြစ်ကြတယ်။ စိတ်ဆိုးတယ်ဆိုတာ မှန်ကန်တဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ ဘောလုံးပိုင်ဆိုင်မှုမှာ ကျွန်တော်တို့ သိပ်နှေးတာကြောင့် စိတ်ပျက်ကောင်းစိတ်ပျက် ကြပါလိမ့်မယ်” ဟု ဗန်ဂါးလ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မာရှယ်မှာ ပြိုင်ဘက်များကို ဒုက္ခပေးနိုင်ပြီး၊ အသက် ၁၉ နှစ်အရွယ် လူငယ်ကစားသမားဖြစ်သော်လည်း အဆင့်တစ်ခုတွင် ရှိနေကြောင်း ချီးကျူးပြောဆိုခဲ့သည်။

    Ref: Goal

  • ကူဝိတ်နှင့် ပြင်သစ်တို့ ကန် ၃ ဘီလီယံနီးပါးဖိုး ကာကွယ်ရေးစာချုပ်များ ချုပ်ဆို

    ကူဝိတ်နှင့် ပြင်သစ်တို့ ကန် ၃ ဘီလီယံနီးပါးဖိုး ကာကွယ်ရေးစာချုပ်များ ချုပ်ဆို

    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media

    kuwait

    – စစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာများဝယ်ယူရေးနှင့် ကူညီထောက်ပံ့ရေးအတွက် ယူရို ၂.၅ ဘီလီယံ (ကန်ဒေါ်လာ ၂.၈ ဘီလီယံ) တန်ဖိုးရှိသည့် သဘောတူညီချက်တစ်ခုကို ပြင်သစ်နှင့် ကူဝိတ်နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့သည်ဟု ပြင်သစ်အစိုးရက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထိုသဘောတူညီချက်တွင် Airbus လေယာဉ်များ ထုတ်လုပ်သော ကုမ္ပဏီမှ တည်ဆောက်သည့် Caracal တိုက်ပွဲဝင် ရဟတ်ယာဉ် ၂၄ စင်း ၀ယ်ယူရန်လည်း ပါဝင်သည်။ အဆိုပါရဟတ်ယာဉ်များမှာ ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်နှင့် ဝေဟင်မှ မြေပြင်ပစ်၊ ဝေဟင်မှ ရေပြင်ပစ် ဒုံးကျည်စနစ်များလည်း ပါဝင်သည်။

    ဒေသတွင်း IS အကြမ်းဖက်အဖွဲ့ အားကောင်းလာခြင်းနှင့်အတူ ကူဝိတ်နိုင်ငံမှာ ၎င်းတို့၏ စစ်တပ်အား အဆင်မြှင့်တင်မှုများ ပြုလုပ်လျက် ရှိနေပြီး မကြာခင်ကပင် တိုက်ပွဲဝင် တိုင်ဖုန်း တိုက်လေယာဉ် ၂၈ စင်းကို Eurofighter ကုမ္ပဏီမှ ၀ယ်ယူရန် သဘောတူညီချက် ရရှိထားသည်။

    Ref: Arabnews

  • နည်းပြနှင့်ပြဿနာအားလုံး ပြီးသွားပြီးဟု ရီးယဲလ်နောက်ခံလူ ရာမို့စ်ပြော

    နည်းပြနှင့်ပြဿနာအားလုံး ပြီးသွားပြီးဟု ရီးယဲလ်နောက်ခံလူ ရာမို့စ်ပြော

    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media

    real

    – မိမိနှင့် နည်းပြဘင်နီတက်ဇ်တို့အကြား စကားလုံးတိုက်ပွဲများမှာ အဆုံးသတ်သွားပြီဟု နောက်ခံလူ ဆာဂျီယို ရာမို့စ်က ပြောကြားလိုက်သည်။

    မြို့ခံပြိုက်ဘက် အက်သလက်တီကိုအသင်းအား သရေကျခဲ့သည့်ပွဲတွင် ပေးခဲ့ရသော ပင်နယ်တီအတွက် ဘင်နီတက်ဇ်က ရာမို့စ်အား ဝေဖန်ခဲ့ပြီး၊ ရာမို့စ်ကလည်း ထိုပွဲတွင် နည်းပြ၏ လူစားလဲမှုအတွက် ပြန်လည် ပြစ်တင်ခဲ့ကာ ၎င်းတို့နှစ်ဦးအကြား တင်းမာမှုများ ဖြစ်လာခဲ့သည်။

    “ဘင်နီတက်ဇ်နဲ့ ပြဿနာအားလုံး ဖြေရှင်းပြီးပါပြီ။ နောက်ဆုံး ပြစ်တင်ပြောဆိုမှုတွေအပြီး နောက်နေ့မှာ ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်က အမြင်တစ်ခုရှိတယ်။ သူက အခြားအမြင်တစ်ခု ရှိပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ပိုကောင်းအောင် လုပ်နိုင်ခဲ့ပါတယ်။ နေ့တစ်နေ့ အဆုံးပိုင်းမှာ ကစားသမားတွေနဲ့ အသင်းနည်းပြဟာ တွေ့ဆုံစကားပြောဆိုရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ဆက်ဆံရေးတွေဟာ စုစည်းညီညွတ်သွားပါတယ်။ ဘင်နီတက်ဇ်နဲ့ပတ်သက်ပြီး ဘာမှ
    အဖုအထစ်မရှိပါဘူး” ဟု ရာမို့စ်က ယနေ့မနက် ချန်ပီယံလိဂ်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal