အောက်တိုဘာ ၂၅၊ ၂၀၁၅
M-Media
– ပြီးခဲ့သည့်လက ထိုင်းအမျိုးသမီးတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာငါးဖမ်းအလုပ်သမား ၂ ဦးကို နိုင်ငံတောင်ပိုင်း Phangnga ပြည်နယ်တွင် ဖမ်းဆီးခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
အသက် ၂၀ အရွယ် မောင်စိန်ဆိုသူနှင့် အသက် ၁၈ နှစ်အရွယ် ကျော်စိုးဝင်းဆိုသူတို့ ဖြစ်ပြီး သောကြာနေ့ညပိုင်းတွင် ၎င်းတို့အလုပ်လုပ်ရာ ငါးဖမ်းသင်္ဘောပေါ်၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးကို ယမန်နေ့ မနက်ပိုင်းတွင် Kura Buri ခရိုင်သို့ ခေါ်ဆောင်လာကာ အသက် ၁၉ နှစ်အရွယ် ထိုင်းအမျိုးသမီး Orawee Samphaothong ကို သတ်မှုဖြင့် တရားစွဲဆိုထားသည်။
Muang ခရိုင်တွင်နေထိုင်သည့် သူမမှာ အိမ်အနီးရှိ ကျောင်းအတူတက်သည့် သူငယ်ချင်းအိမ်သို့ သွားရောက်စဉ် စက်တင်ဘာ ၂၈ ရက်နေ့က ဓားဒဏ်ရာ ၁၇ ချက်ဖြင့် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့ကမူ ထိုလူသတ်မှုနောက်ကွယ်တွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းအရင်းရှိမည်ဟု ကောက်ချက်ချခဲ့ပြီး သူမထံမှ ဓားပြတိုက်ရန် ကြိုးစားမှုမျိုးမဟုတ်ဟု ဆိုသည်။ ထိုမြန်မာနိုင်ငံသား ၂ ဦးထံမှ ရရှိသည့် သက်သေခံကဒ်ပြားများ၌ အခင်းဖြစ်ပွားသည့် Muang ခရိုင်လိပ်စာကို ရေးသားထားသည်။
ထိုင်းရဲတပ်ဖွဲ့မှာ နိုင်ငံအတွင်း ဖြစ်ပွားသော ရာဇ၀တ်မှုများအတွက် မြန်မာအပါအ၀င် နိုင်ငံခြားသား အလုပ်သမားအချို့ကို ဓားစာခံလုပ်ကာ ဖမ်းဆီးထောင်ချမှုမျိုး ရှိသည်ဟု သတင်းများထွက်ပေါ်နေပြီး ပြီးခဲ့သည့်နှစ်ကလည်း ခိုတောင်ကျွန်းတွင် ဗြိတိန်စုံတွဲ ရက်ရက်စက်စက် အသတ်ခံရမှုအတွက် မြန်မာနိုင်ငံသား ၂ ဦးကို တရားခံဟုစွပ်စွဲကာ ဖမ်းဆီးခဲ့သည်။ သို့သော်လည်း ထိုင်းပြည်သူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ ထိုမြန်မာလူငယ်နှစ်ဦးမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံရခြင်းသာ ဖြစ်သည်ဟု ယုံကြည်နေကြသည်။
Ref: Bangkokpost