News @ M-Media

Blog

  • ဗုံးလုပ်သည်ဟု စွပ်စွဲခံရသူ အမေရိကန်မွတ်စလင်လူငယ် အဟ်မဒ် အိမ်ဖြူတော် အခမ်းအနားသို့ တက်ရောက်

    ဗုံးလုပ်သည်ဟု စွပ်စွဲခံရသူ အမေရိကန်မွတ်စလင်လူငယ် အဟ်မဒ် အိမ်ဖြူတော် အခမ်းအနားသို့ တက်ရောက်

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    – အိမ်တွင်းဖြစ်နာရီ တီထွင်မှုအား ဗုံးလုပ်သည်ဟု စွပ်စွဲခံရကာ အဖမ်းခံခဲ့ရသည့် အမေရိကန်မွတ်စလင်လူငယ်လေး အဟ်မဒ်မှာ တနင်္လာနေ့က အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သော Astronomy Night အခမ်းအနားသို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

    “စူးစမ်းလေ့လာလိုစိတ်ရှိပြီး အလားအလာကောင်းတဲ့ တောက်မယ့်မီးခဲလေးတွေကို ကျွန်တော်တို့ဟာ စောင့်ကြည့်၊ ပျိုးထောင်ပေးရမှာဖြစ်ပြီး သူတို့ကို ဖိနှိပ်တာမျိုး၊ တားမြစ်ပိတ်ပင်တာမျိုး လုပ်ရမှာ မဟုတ်ပါဘူး။ (ဒီလိုဖိနှိပ်တာမျိုးဟာ) လူငယ်တွေရဲ့ အနာဂတ်အတွက်သာ အန္တရာယ်ရှိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အနာဂတ်လည်း ပျောက်ဆုံးသွားပါလိမ့်မယ်” ဟု သမ္မတ ဘာရက်အိုဘားမားက အဆိုပါ အခမ်းအနားမိန့်ခွန်းတွင် အဟ်မဒ်၏ ကိစ္စကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

    အသက် ၁၄ နှစ်အရွယ် အဟ်မဒ်နှင့် အိုဘားမားတို့မှာ ထိုအခမ်းအနားတွင် တွေ့ဆုံစကားပြောဆိုခဲ့ကြသည်။ Astronomy Night အခမ်းအနားကို ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး နာဆာမှ သိပ္ပံပညာရှင်များ၊ အာကသပညာရှင်များ၊ ကျောင်းသားများ၊ ဆရာများနှင့် အခြားသော နာမည်ကြီး ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

    တက္ကဆက်ပြည်နယ် အာရ်ဗင်းမြို့ရှိ အထက်တန်းကျောင်းသို့ အိမ်တွင်းလုပ်နာရီကို ယူဆောင်သွားသည့် အဟ်မဒ်ကို ဗုံးလုပ်သည်ဟု စွပ်စွဲကာ စက်တင်ဘာ ၁၄ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း အိုဘားမားနှင့် Facbook ကို တည်ထောင်သူ ဇူကာဘာ့ဂ်တို့အပါအ၀င် ကမ္ဘာတစ်ဝှမ်း အောင်မြင်ကျော်ကြားသူများက အဟ်မဒ်အား နှစ်သိမ့်အားပေးခဲ့ကြသည်။ ထို့ပြင် အိုဘားမားကလည်း အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။

    အဟ်မဒ်မှာ Astronomy Night အခမ်းအနားတွင် ယခင် အာကာသယာဉ်မှူးဟောင်း ဂျွန် ဂရန်စ်ဖဲလ်ဒ်နှင့်လည်း Selfie တွဲရိုက်ခဲ့သည်။

    အခမ်းအနာသို့ မတက်ရောက်ခင် မနက်ပိုင်းက အဟ်မဒ်မှာ မိမိကို ထောက်ခံအားပေးမှုအတွက် သမ္မတအိုဘားမားအား ကျေးဇူးတင်ကြောင်း၊ မိမိကို clock kid ဟု အမည်ပြောင်ပေးထားခြင်းကိုလည်း မိမိက ကြိုက်နှစ်သက်ကြောင်း ပြောကြားခဲ့သည်။

    “ပုံပန်းသွင်ပြင်ကို ကြည့်ပြီး လူတွေကို မဆုံးဖြတ်ပါနဲ့။ အမြဲတမ်း သူတို့ရဲ့ နှလုံးသားကိုကြည့်ပြီး ဆုံးဖြတ်တာမျိုးသာ ဖြစ်ပါစေ” ဟု အဟ်မဒ်က ထည့်သွင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အဟ်မဒ်မှာ Google Science Fair သို့ တက်ရောက်ခဲ့ပြီး၊ မက္ကာသို့လည်း အွမ္မရာဘုရားဖူးခရီး သွားရောက်ခဲ့သည်။

    အဟ်မဒ်၏ သိပ္ပံပါရမီကို သိရှိခဲ့ပြီးနောက် Qatar Foundation က လူငယ်ပညာရှင်များအား ပြုစုပြိုးထောင်ပေးသည့် Young Innovater Programme အစီအစဉ်တွင် လာရောက်ဆက်သွယ်ရန် ဖိတ်ခေါ်ခံခဲ့ရပြီး ၎င်းက ယမန်နေ့တွင် လက်ခံခဲ့သည်။

    Ref: Huffingtonpost, Aljazeera

  • ဘိုင်ယန်ကို နိုင်ခြင်းက အသင်းအား ပိုမိုတောင့်တင်းစေခဲ့ဟု ၀င်းဂါးပြော

    ဘိုင်ယန်ကို နိုင်ခြင်းက အသင်းအား ပိုမိုတောင့်တင်းစေခဲ့ဟု ၀င်းဂါးပြော

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    are

    – ချန်ပီယံလိဂ်တွင် ပြိုင်ဘက်ကောင်းဖြစ်သော ဘိုင်ယန်မြူးနစ်အသင်းအား အနိုင်ရရှိခြင်းက မိမိတို့အသင်း၏ အင်အားကို ပိုမိုတောင့်တင်းစေခဲ့သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ချန်ပီယံလိဂ် အဖွင့်ပွဲစဉ် ၂ ခုစလုံးကို ရှုံးနိမ့်ထားခဲ့သည့် အာဆင်နယ်မှာ ယနေ့မနက်က အီမရိတ်၌ ကစားခဲ့သည့် ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် ဂျရူးနှင့် အိုဇေးလ်တို့၏ ဂိုးများဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆုံး ၃ မှတ်ရရှိကာ နောက်တစ်ဆင့်တက်ရေးအတွက် မျှော်လင့်ချက် ရှင်သန်လာခဲ့ပြီဖြစ်သည်။

    “နောက်ဆုံးမှာတော့ ကျွန်တော်တို့ဟာ အင်မတန်တောင့်တင်းတဲ့အသင်းကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ Clean Sheet ကိုလည်း ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အသင်းဟာ အာရုံစူးစိုက်မှုရှိပြီး သွက်သွက်လက်လက်လည်း ရှိခဲ့ပါတယ်။ ဒီညမှာတော့ ကျွန်တော်တို့ လိုအပ်နေတာကို ရယူနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့ရဲ့ ယုံကြည်ချက်နဲ့ အသင်းသားတွေရဲ့ စိတ်ဓာတ်ကိုလည်း ပိုမိုခိုင်မာစေခဲ့ပါတယ်။ တိုက်စစ်နဲ့ ခံစစ်မှာ မျှမျှတတဖြစ်ခဲ့တာလည်း ကျွန်တော်တို့အတွက် အရေးပါ ပါတယ်” ဟု ၀င်းဂါးက ပွဲအပြီးတွင်
    ပြောကြားခဲ့သည်။

    Ref: Goal

  • လူနာများအား HIV ပိုး ကူးစက်စေခဲ့သည့် ကမ္ဘောဒီးယားမှ လိုင်စင်မဲ့ဆေးမှုး ထောင်တစ်သက် ကျနိုင်

    လူနာများအား HIV ပိုး ကူးစက်စေခဲ့သည့် ကမ္ဘောဒီးယားမှ လိုင်စင်မဲ့ဆေးမှုး ထောင်တစ်သက် ကျနိုင်

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    cam

    – ကမ္ဘောဒီးယား အနောက်မြောက်ပိုင်းရှိ ရိုကာရွာတွင် မသန့်ရှင်းသော ဆေးထိုးအပ်များကို အသုံးပြုကာ ပြည်သူ ၁၀၀ ကျော်ခန့်ကို HIV ပိုးကူးစက်စေခဲ့သည့် လိုင်စင်မဲ့ ဆေးမှူး ယမ်ချရင်ကို ယမန်နေ့က ကြားနာမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ထိုရွာမှ ရွာသား ၈၀၀ ကို စမ်းသပ်ကြည့်ရာ ၁၀၆ ဦးမှာ HIV ပိုး ကူးစက်ခံနေရသည်ကို တွေ့ရှိခဲ့ရပြီး အသက် ၃ နှစ်မှ ၈၂ နှစ်အရွယ်အတွင်းဖြစ်ကာ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးလည်း ပါဝင်ခဲ့သည်။ ချရင်အား ပြည်သူများက ဒေါသဖြင့် တုန့်ပြန်မည်စိုးသောကြောင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် တာဝန်ရှိသူများက ထိန်းသိမ်းထားသည်။

    လက်ရှိအချိန်တွင် ၎င်းကို HIV ပိုး တမင်တကာ ပြန့်နှံ့စေမှု၊ လူသတ်မှု၊ လိုင်စင်မရှိဘဲ ဆေးကုသမှုတို့ဖြင့် တရားစွဲဆိုထားပြီး အပြစ်ရှိကြောင်း ထင်ရှားပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ကျနိုင်သည်ဟု ၎င်း၏ ရှေ့နေဖြစ်သူက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဒေါ်လာထိန်းချုပ်မှုမှာ ကျပ်ငွေတန်ဖိုး တည်ငြိမ်ရန်ဟု မြန်မာပြော

    ဒေါ်လာထိန်းချုပ်မှုမှာ ကျပ်ငွေတန်ဖိုး တည်ငြိမ်ရန်ဟု မြန်မာပြော

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    kyat

    – စီးပွားရေးလုပ်ငန်များတွင် ဒေါ်လာများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုကို တားမြစ်ခြင်းမှာ မြန်မာကျပ်ငွေ မတည်မငြိမ်ဖြစ်မှုကို ထိန်းသိမ်းရန်ဖြစ်သည်ဟု မြန်မာအစိုးရက ပြောကြားလိုက်သည်။

    ဗဟိုဘဏ်မှာ ဟိုတယ်နှင့် စားသောက်ဆိုင်များမှ စ၍ ဂေါက်ကလပ်နှင့် ဆေးရုံများအထိ စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံခြားငွေ လဲလှယ်အသုံးပြုခွင့် လိုင်စင်များကို ပယ်ဖျက်ခဲ့ပြီး၊ အမေရိကန်ဒေါ်လာ သုံးစွဲမှု မြင့်တက်လာခြင်းက ဒေါ်လာ ၀ယ်လိုအားကို မြင့်တက်လာစေကာ ငွေလဲလှယ်နှုန်း မတည်မငြိမ် ဖြစ်လာမှုကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်ဒေါ်လာကို နိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည်။ ငွေကြေးလဲလှယ် အသုံးပြုခွင့် လိုင်စင်များကြောင့် ပြည်တွင်းလုပ်ငန်းများတွင် ဒေါ်လာအသုံးပြုမှု မြင့်တက်လာပြီး ယခုနှစ်အတွင်း ကျပ်ငွေတန်ဖိုးမှာ ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကာ ဒေသအတွင်း ဆိုးဆိုးဝါးဝါး ကျဆင်းခဲ့သည့် ငွေကြေး ဖြစ်လာခဲ့သည်။

    မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သော ကြေငြာချက်တွင် ထိုကဲ့သို့ ငွေလဲလှယ်သုံးစွဲခွင့် လိုင်စင်များကို ရုပ်သိမ်းလိုက်ခြင်းက “ဒေါ်လာယဉ်ကျေးမှု” ကို တိုက်ဖျက်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

    “ရောင်းတာ၊ ၀ယ်တာတွေကို ဒေါ်လာနဲ့ လုပ်လာတဲ့အတွက်ကြောင့်၊ ဒေါ်လာယဉ်ကျေးမှု ဖြစ်လာခဲ့ပြီး ဒေါ်လာဝယ်လိုအား တက်လာပါတယ်။ ဒါ့ကြောင့် ကျပ်ငွေတန်ဖိုး ပျော့သွားပြီး ငွေလဲလှယ်နှုန်းကလည်း မတည်မငြိမ် ဖြစ်လာခဲ့ပါတယ်” ဟု ဗဟိုဘဏ်က ပြောကြားခဲ့သည်။

    ထိုကဲ့သို့ စီးပွားရေးလုပ်ငန်းများတွင် ငွေလဲလှယ်သုံးစွဲခွင့် လိုင်စဉ်များ ရုပ်သိမ်းလိုက်ခြင်းကြောင့် နိုင်ငံခြားငွေများကို ဘဏ်များနှင့် အစိုးရအသိအမှတ်ပြု ငွေလဲဌာနများတွင်သာ လဲလှယ်နိုင်တော့မည်ဖြစ်သည်။

    မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှတွင် ဒေါ်လာကို တရားမ၀င် ဒုတိယငွေကြေးအဖြစ်သာ အသုံးပြုရသည့် တစ်ခုတည်းသောနိုင်ငံ မဟုတ်ဘဲ ကမ္ဘောဒီးယားတွင်လည်း အမေရိကန်ဒေါ်လာကို ပြည်တွင်းငွေကြေးနှင့်သာ တွဲဖက်၍ အသုံးပြုရသည်။

    Ref: BBC

  • မွတ်စလင်များကို စော်ကားမှုဖြင့် ပြင်သစ်လက်ယာပါတီခေါင်းဆောင် တရားရင်ဆိုင်နေရ

    မွတ်စလင်များကို စော်ကားမှုဖြင့် ပြင်သစ်လက်ယာပါတီခေါင်းဆောင် တရားရင်ဆိုင်နေရ

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    france

    – လွန်ခဲ့သည့် ၅ နှစ်က နိုင်ငံအတွင်းရှိ မွတ်စလင်နှင့်ပတ်သက်၍ စော်ကားသော မှတ်ချက်များ ပေးခဲ့သည့် ပြင်သစ်လက်ယာစွန်းရောက် အမျိုးသားပါတီ National Front ခေါင်းဆောင် မရိန်း လီပန်မှာ ယမန်နေ့က တရားရုံးသို့ လာရောက် အမှုရင်ဆိုင်ခဲ့သည်ဟု သိရသည်။

    ဗလီဝတ်ကျောင်းတော်တွင် နေရာမလောက်မှုကြောင့် ပြင်သစ်မွတ်စလင်များမှာ လမ်းမများပေါ်တွင် ၀တ်ပြုရခြင်းကို လီပန်က နာဇီတို့၏ သိမ်းပိုက်မှုနှင့် ခိုင်းနှိုင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး လူမျိုးရေး အမုန်းတရား လှုံ့ဆော်မှုဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။ ပန်အား လူမျိုးရေးခွဲခြားမှုနှင့် လူ့အခွင့်အရေးအဖွဲ့ ၄ ဖွဲ့က တရားလိုပြုလုပ်ကာ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

    “နိုင်ငံရေး ခေါင်းဆောင်တစ်ယောက်အနေနဲ့ အရေးပါတဲ့ ပြဿနာတစ်ခုကို မီးမောင်းထိုးပြဖို့ ကျွန်မမှာ အခွင့်အရေးရှိပါတယ်။ ပြီးတော့ ဒီလုပ်ဖို့က ကျွန်မရဲ့ တာဝန်လည်းဖြစ်ပါတယ်” ဟု လီပန်က ပြောကြားခဲ့ပြီး သူမမှာ တရားရေးစနစ်၏ ငြှင်းပန်းမှုကို ခံနေရသူ ဖြစ်သည်ဟုပင် ထည့်သွင်းပြောကြားခဲ့သည်။

    ၎င်းအပေါ် စွပ်စွဲထားချက်ကို သူမက ပြတ်ပြတ်သားသားသား ငြင်းဆိုခြင်းမပြုခဲ့ဘဲ နာဇီတို့၏ ကျူးကျော်သိမ်းပိုက်မှုကို ရည်ညွှန်းခြင်းမဟုတ်ဟုသာ သွယ်ဝိုက်ငြင်းဆိုခဲ့သည်။

    လီပန်အနေဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရပါက ဒဏ်ငွေ ကန်ဒေါ်လာ ၅၁၀၀၀၊ သို့မဟုတ် ထောင်ဒဏ်တစ်နှစ် ကျခံရဖွယ်ရှိနေသည်။

    Ref: Aljazeera