News @ M-Media

Blog

  • ဒရုန်းလေယာဉ် တရားဝင်သုံးနိုင်ရေး အစီအစဉ်တစ်ခု ကန်ကြေငြာမည်

    ဒရုန်းလေယာဉ် တရားဝင်သုံးနိုင်ရေး အစီအစဉ်တစ်ခု ကန်ကြေငြာမည်

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    drone 1

    – တရားမ၀င် ဒရုန်းလေယာဉ်များ အသုံးပြုခြင်း မြင့်တက်လာမှုနှင့် ရင်ဆိုင်နေရသည့် အမေရိကန်အစိုးရမှာ ဒရုန်းများ တရားဝင် စာရင်းသွင်း အသုံးပြုနိုင်ရေးကို ရည်ရွယ်သည့် အစီအစဉ်တစ်ခုကို တနင်္လာနေ့တွင် ကြေငြာရန် ရှိနေသည်ဟု သိရသည်။

    ဒုရုန်းထုတ်လုပ်သူများနှင့် အသုံးပြုသူများ တက်ရောက်မည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အမေရိကန် ငွေတိုက်ဌာနအတွင်းရေးမှူး အန်သိုနိဖောက်စ်နှင့် ဖက်ဒရယ် လေကြောင်းစီမံခန့်ခွဲရေးမှူး မီခေးလ် ဟွာတာတို့က ကြေငြာသွားမည်ဖြစ်သည်။

    သတင်းရင်းမြစ်နှစ်ခုအရ အဆိုပါ အစီအစဉ်တွင် ဒီဇင်ဘာလနောက်ဆုံးထား၍ ဒရုန်းလေယာဉ်များ စာရင်းသွင်းနိုင်မည့် ဌာနတစ်ခု ဖန်တီးရေး ရည်ရွယ်ချက်အတွက် လွတ်လပ်သော အကြံပေးကော်မတီ ဖွဲ့စည်းခြင်း ပါဝင်မည်ဟု ဆိုသည်။

    Ref: Channelnewsasia

  • ကွန်ပနီအပေါ် မကျေနပ်ဟု မန်စီးတီးနည်းပြပြော

    ကွန်ပနီအပေါ် မကျေနပ်ဟု မန်စီးတီးနည်းပြပြော

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    mct

    – မိမိ၏ ဆန္ဒမပါဘဲ ၎င်း၏ သဘောဖြင့် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းတွင် သွားရောက်ကစားခဲ့သည့်အတွက် အဓိက နောက်ခံလူ ကွန်ပနီအပေါ် စိတ်ခုနေပြီး ယနေ့တွင်ကစားမည့် ဘုန်းမောက်နှင့်ပွဲစဉ်တွင် ချန်လှပ်ကောင်း ချန်လှပ်မည်ဟု မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ခြေသလုံးကြွက်သားဒဏ်ရာမှ ပြန်လည်သက်သာလာသည့် ကွန်ပနီအား ဒဏ်ရာအရှင်း ပျောက်ကင်းရေးအတွက် အင်္ဂါနေ့က ကစားခဲ့သည့် ယူရို ၂၀၁၆ ခြေစစ်ပွဲ အစ္စရေးနှင့်ပွဲတွင် ဘယ်လ်ဂျီယံအသင်းသို့ သွားရောက်ကစားခြင်းမပြုရန် မန်စီးတီးက တားမြစ်ခဲ့သည်။

    “ကျွန်တော် မကျေနပ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ဗင်းဆင့် (ကွန်ပနီ) ကို ဆေးစာနဲ့အတူ မကစားနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လ်ဂျီယံမန်နေဂျာက နိုင်ငံတကာပွဲ သီတင်းပတ်မှာ သူ ကြိုက်တာသူလုပ်နိုင်တယ်လို့ ပြောပါတယ်။ ကစားသမားကို သူ သုံးချင်ပြီး သုံးလည်းသုံးခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ကစားသမားတစ်ယောက် ကလပ်အသင်းအတွက် နောက်ဆုံး ၃ ပွဲကို မကစားခဲ့ရင် နိုင်ငံအသင်းမှာလည်း ကစားလို့ မရပါဘူး။ ဒါက ဥပဒေပါ။ ဒါကို လုပ်ဖို့တော့ ကျွန်တော့်တာဝန် မဟုတ်ပါဘူး။ တစ်ချိန်ချိန်ကျရင်တော့ ဒါနဲ့ပတ်သက်ပြီး ကလပ်အတွင်းတွေက ဆန္ဒပြပါလိမ့်မယ်” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    Ref: Goal

  • အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် အသက် ၂ နှစ်ခွဲနှင့် ၅ နှစ်အရွယ် ကလေးများ အဓမ္မပြုကျင့်ခံရပြန်

    အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် အသက် ၂ နှစ်ခွဲနှင့် ၅ နှစ်အရွယ် ကလေးများ အဓမ္မပြုကျင့်ခံရပြန်

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    india

    – ယမန်နေ့က အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် အသက် ၂ နှစ်ခွဲအရွယ်နှင့် ၅ နှစ်အရွယ် မိန်းကလေးနှစ်ဦးမှာ အဓမ္မပြုကျင့် ခံခဲ့ရပြီး ထိုအထဲမှ တစ်ခုမှာ အုပ်စုဖွဲ့ကျူးလွန်ခြင်းဟု အတည်ပြုနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားလိုက်သည်။

    အသက် ၂ နှစ်ခွဲ ကလေးငယ်မှာ ဒေလီအနောက်ပိုင်း နန်းလွိုင်ဒေသရှိ ဘုရားပွဲတစ်ခုမှ ယမန်နေ့ညတွင် ပြန်ပေးဆွဲ ခံခဲ့ရပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့ကာ ၎င်း၏ အိမ်အနီးရှိ ပန်းခြံထဲတွင် ပစ်ချသွားခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် ဆွေမျိုးများက ဆိုသည်။

    ဒေလီအနောက်ပိုင်း ရဲတပ်ဖွဲ့အကြီးအကဲ ပွတ်ရှ်ပန်ဒရာ ကူးမားရ်ကမူ ပျောက်ဆုံးပြီး နာရီအနည်းငယ် ကြာခဲ့ပြီးနောက် ထိုမိန်းကလေးငယ်ကို သွေးများစွာဖြင့် တွေ့ခဲ့ရပြီး ဆေးစစ်မှုများ ပြုလုပ်ခဲ့ရာ ၎င်းမှာ အနည်းဆုံး တစ်ကြိမ် အဓမ္မပြုကျင့် ခံထားရသည်ကို တွေ့ရှိခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ သံသယရှိသူတွေကို ပိုက်စိတ်တိုက် ရှာဖွေနေပါတယ်။ အခုအချိန်အထိတော့ ဘယ်သူမှ ဖမ်းမမိသေးပါဘူး”

    အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်မှာမူ ဒေလီအရှေ့ပိုင်း အေနန် ဗီဟာရ်ဒေသတွင် ယမန်နေ့ညပိုင်းက ဘေးအိမ်သို့ ဖျားယောင်းခေါ်ဆောင်ခြင်း ခံခဲ့ရပြီးနောက် အမျိုးသား ၃ ဦးက အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

    “ကလေးရဲ့အင်္ကျီက တစ်ချို့နေရာတွေ စုတ်ပြဲနေပြီး သွေးတွေလည်း ဗရပွ ပေကျံနေပါတယ်။ တစ်ချို့ ဒေသခံတွေက သူ့ကိုတွေ့ခဲ့ပြီး သူကလည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတယ်လို့ ပြောခဲ့ပါတယ်” ဟု အေနန် ဗီဟာရ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ဆေးစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်မှာ အဓမ္မပြုကျင့်ခံခဲ့ရကြောင်း အတည်ပြုနိုင်ခဲ့သည်။

    ထိုကလေးငယ် ၂ ဦစလုံးမှာ လက်ရှိအချိန်တွင် ဆေးကုသမှု ခံယူနေရသော်လည်း အသက်အန္တရာယ်မရှိဟု ရဲတပ်ဖွဲ့ကဆိုသည်။

    “ဘယ်တော့မှ ဒေလီက နိုးထမှာလဲ။ အိန္ဒိယရဲ့ မြို့တော်ကြီးမှာ ဘယ်အချိန်ထိ မိန်းကလေးတွေက ဆက်ပြီး
    စော်ကားခံနေရအုံးမှာလဲ။ ၂ နှစ်ခွဲနဲ့ ၅ နှစ်အရွယ် ကလေးငယ်တွေကို အုပ်စုဖွဲ့ မုဒိမ်းကျင့်တယ်။ သိပ် ရှက်စရာကောင်းပါတယ်” ဟု ဒေလီအမျိုးသမီးများကော်မရှင်မှ ဥက္ကဌဖြစ်သူ ဆွာတီ မာလီဝါလ်က ယနေ့တွင် Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ်ကလည်း အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ကာ လည်ပင်းအား ဓားဖြင့်ထိုးကာ သတ်ဖြတ်ခဲ့ပြီးနောက် ဒေလီမြို့ရှိ ရထားသံလမ်းတစ်ခုတွင် စွန့်ပစ်ထားမှု ဖြစ်ပွားခဲ့သေးသည်။

    အိန္ဒိယတွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုများမှာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၂၀၁၂ ခုတွင် ဒေလီမြိ့ရှိ ဘတ်စ်ကားတစ်စီးပေါ်တွင် ကျောင်းသူတစ်ဦးအား အုပ်စုဖွဲ့မုဒိမ်းကျင့် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ပြည်သူများက အစိုးရ၏ အရေးယူမှု အားနည်းခြင်းအပေါ် ပြင်းထန်စွာ ဆန္ဒပြခဲ့ကြသည်။

    ၂၀၁၄ ခုနှစ်တွင် အိန္ဒိယ၌ မုဒိမ်းမှုပေါင်း စံချိန်တင် ၃၆၇၃၅ မှု ဖြစ်ပွားခဲ့ပြီး ထိုအထဲမှ ၂၀၉၆ မှုမှာ ဒေလီမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    Ref: Channelnewsasia

  • အလ်အက်ဆွာ ဗလီပရ၀ုဏ်အတွင်း ကုလတပ်ချထားရန် ပါလက်စတိုင်း၏ တောင်းဆိုမှု အစ္စရေး လက်မခံ

    အလ်အက်ဆွာ ဗလီပရ၀ုဏ်အတွင်း ကုလတပ်ချထားရန် ပါလက်စတိုင်း၏ တောင်းဆိုမှု အစ္စရေး လက်မခံ

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    pla

    – အစ္စရေးက ကျူးကျော်ပိတ်ဆို့ထားသော ပါလက်စတိုင်းပိုင် အရှေ့ ဂျေရုစလင်ရှိ အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း ကုလတပ်ဖွဲ့များ ချထားရေး ပါလက်စတိုင်းပြည်သူများ၏ မေတ္တာရပ်ခံမှုကို အစ္စရေးက ပယ်ချလိုက်သည်။

    အဆိုပါဗလီအတွင်းသို့ အစ္စရေးစစ်သားများနှင့် ဂျူးအစွန်းရာက်များ ပြီးခဲ့သည့်လအတွင်း စီးနင်းဝင်ရောက်ကာ ၀တ်ပြုသူ ပါလက်စတိုင်းများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဖြစ်ပေါ်လာသော ပါလက်စတိုင်းနှင့် အစ္စရေးတို့၏ တင်းမာမှုများတွင် အစ္စရေးမှ ပစ်သတ်မှုကြောင့် ပါလက်စတိုင်း ၃၀ ကျော် သေဆုံးခဲ့သည်။

    အစ္စရေးကမူ အရှေ့ဂျေရုစလင်သို့ ပါလက်စတိုင်းများ ၀င်ရောက်ခွင့်ကို ပိတ်ဆို့ထားပြီး ယနေ့မနက် စောစောပိုင်းကလည်း ဂျူးများကို ဓားဖြင့်ထိုးရန် ကြိုးစားသည်ဟုဆိုကာ ပါလက်စတိုင်းနှစ်ဦးကို အစ္စရေးရဲတပ်ဖွဲ့က ပစ်သတ်ခဲ့သည်။

    အလ်အက်ဆွာဗလီဝတ်ကျောင်းတော်နှင့် ၎င်းတို့၏ လုံခြုံရေးအတွက် ကုလမှ တပ်ဖွဲ့များချထားရန် ပါလက်စတိုင်းများက တောင်းဆိုထားပြီး ကုလဆိုင်ရာ အစ္စရေးသံတမန်ကမူ ထိုသို့ ချထားပါက လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ရှိနေသည့် အခြေအနေကို ချိုးဖောက်ခြင်းသာဖြစ်မည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ထိုဆောင်ရွက်မှုက တည်ငြိမ်အေးချမ်းရေးအတွက် အကူအညီဖြစ်မည် မဟုတ်ဟုလည်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။

    Ref: Aljazeera

  • သြစတေးလျတွင် ချွင်းချက်ဖြင့် ဆေးခြောက်စိုက်ပျိုးခွင့်ပြုမည်

    သြစတေးလျတွင် ချွင်းချက်ဖြင့် ဆေးခြောက်စိုက်ပျိုးခွင့်ပြုမည်

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    ausi

    – ဆေးဘက်ဆိုင်ရာနှင့် သိပ္ပံဆိုင်ရာ ရည်ရွယ်ချက်များတွင် အသုံးပြုရန်အတွက် ဆေးခြောက်စိုက်ပျိုးမှုကို တရားဝင်ဖြစ်စေရန် ဆောင်ရွက်ပေးတော့မည်ဟု သြစတေးလျ အစိုးရက ယနေ့တွင် ကြေငြာလိုက်သည်။

    လက်ရှိအချိန်တွင် ပိတ်ပင်ထားသော်လည်း အားအင်ကုန်ခမ်းသည့် ရောဂါဝေဒနာကို ခံစားနေရသူများအတွက် အခြား ကုသမှုနည်းလမ်းများ ဆောင်ရွက်ပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ဆေးခြောက်စိုက်ပျိုးခွင့်ပြုရေး မူကြမ်းကို ပါလီမန်တွင် တင်သွင်းသွားမည်ဟု ကျန်းမာရေးဝန်ကြီး ဆူဆန်လေးက ပြောကြားခဲ့သည်။

    “အားအင်ကုန်ခမ်းတဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ ပြည်သူတွေကို အစိုးရက အလွန်အမင်း စာနာမိပါတယ်။ ပြီးတော့ အစွမ်းအထက်ဆုံး ကုသမှုနည်းလမ်းတွေ ရရှိအောင်လည်း ဆောင်ရွက်ပေးချင်ပါတယ်” ဟု လေးက ဆိုသည်။ သို့သော်လည်း သာမန်သုံးစွဲရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးခြင်းကိုမူ တရားမ၀င်အဖြစ် ဆက်လက် သတ်မှတ်သွားမည်ဖြစ်သည်။

    Ref: Goal