News @ M-Media

Blog

  • အသင်းမှာ စိုးရိမ်မှုလွန်ကဲနေသည်ဟု အေစီမီလန်နည်းပြ ပြော

    အသင်းမှာ စိုးရိမ်မှုလွန်ကဲနေသည်ဟု အေစီမီလန်နည်းပြ ပြော

    အောက်တိုဘာ ၁၈၊ ၂၀၁၅
    M-Media

    milan

    – အသင်းသားများတွင် မလိုအပ်သည့် စိုးရိမ်သောကများ ရှိနေသည်ဟု အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ်ခ်ျက ပြစ်တင်ပြောဆိုလိုက်သည်။

    ယမန်နေ့က တိုရီနိုအသင်းအား ၁ ဂိုးစီသရေကျခဲ့သည့်ပွဲတွင် အေစီမီလန်မှာ ကားလို့စ်ဘက်ကာ၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ထိန်းထားနိုင်ခြင်းမရှိဘဲ ချေပဂိုးပြန်ပေးခဲ့ရပြီး မီဟိုင်းလိုဗစ်ခ်ျက ထိုအတွက် မကျေမနပ် ဖြစ်နေသည်။

    “ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့တယ်။ ဒါပေမယ့် ဦးဆောင်ဂိုးရပြီးတဲ့နောက်ပိုင်း ကစားအားကျသွားပါတယ်။ ဂိုးသွင်းနိုင်ပြီးမှာ စိုးရိမ်ကြောင့်ကြ သွားသလိုမျိုးပါပဲ။ ကျွန်တော်တို့ အမြဲတမ်း တစ်ပိုင်းလောက်တော့ ကောင်းကောင်း ကစားနိုင်ပါတယ်။ သူတို့ ချေပဂိုးသွင်းပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ကစားပုံ ပြန်ကောင်းလာတယ်။ ဒါဟာ စိုးရိမ်သောက ဖြစ်နေတာမျိုးပါပဲ။ တစ်ပွဲပြီးတစ်ပွဲ ဒါကို ပြင်ဆင်ရပါမယ်။ ကျွန်တော်တို့ဟာ အေစီမီလန်ဖြစ်ပြီး ပိုပြီးတော့ ပါးနပ်ဖို့လိုပါတယ်” ဟု ၎င်းက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • သြစတေးလျကဲ့သို့ သေနတ်လျော့ချမှုပြုလုပ်ရန် ကလင်တန် တိုက်တွန်း

    သြစတေးလျကဲ့သို့ သေနတ်လျော့ချမှုပြုလုပ်ရန် ကလင်တန် တိုက်တွန်း

    အောက်တိုဘာ ၁၈၊ ၂၀၁၅
    M-Media

    us

    – သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ မြင့်တက်လာခြင်းကို လျော့ချရန်အတွက် အမေရိကန်အစိုးရအနေဖြင့် သြစတေးလျမှ ၁၉၉၀ ပြည့်နှစ်များတွင် ဆောင်ရွက်ခဲ့သော သေနတ်လျော့ချရေး buyback အစီအစဉ်မျိုးကို စဉ်းစားသင့်သည်ဟု ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်လာမည်ဟု ရေပန်းစားနေသည့် ဟီလာရီကလင်တန်က ပြောကြားလိုက်သည်။

    ၁၉၉၆ ခုနှစ်တွင် သြစတေးလျရှိ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာ ပေါ့အာသာ ဆိပ်ကမ်းတွင် သေနတ်သမား မာတင် ဘရိုင်ယန့်က လူ ၃၅ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက်ပိုင်း သြစတေးလျအစိုးရမှာ သေနတ်လျှော့ချရေး buyback အစီအစဉ်ကို စတင်ခဲ့သည်။

    ထိုအစီအစဉ်အရ ဆီမီးအော်တိုမက်တစ် သေနတ်များကို ပိတ်ပင်ခဲ့ပြီး တားမြစ်ထားသော သေနတ်များ ပြန်အပ်ရန် ၁၂ လတာ အချိန်ပေးခဲ့ကာ အစိုးရက ထိုသေနတ်များကို ပြန်ဝယ်ခဲ့သည်။ ထိုအစီအစဉ်အတွင်း သေနတ်ပေါင်း ၆၄၀၀၀၀ ခန့် ပြန်လည်ရရှိခဲ့ပြီး နိုင်ငံအတွင်း သေနတ်နှင့်ဆက်စပ်သည့် လူသတ်မှုများမှာလည်း လျော့ကျခဲ့သည်။

    “အဲဒီသေနတ်တွေကို ပြန်ဝယ်ခြင်းအားဖြင့် သူတို့ဟာ ရောင်းလိုအားကို လျော့ချနိုင်ပါတယ်။ ပြီးတော့ အနာဂတ်မှာ သေနတ်ဝယ်ဖို့အတွက် ခြားနားတဲ့ စံနှုန်းတွေကိုလည်း သတ်မှတ်နိုင်ပါတယ်” ဟု နယူးဟမ့်ရှိုင်းယားပြည်နယ် ကီနီမြို့ရှိ သောကြာနေ့ ဆွေးနွေးပွဲတစ်ခုတွင် ကလင်တန်က ပြောကြားခဲ့သည်။

    မကြာသေးမီက အော်ရီဂွန်ကတက္ကသိုလ်နှင့် ချာလ်စတန် ဘုရားကျောင်းတို့၌ သေနတ်ဖြင့် ပစ်ခဲ့မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သေနတ်ထိန်းချုပ်ရေးမှာ အမေရိကန်တွင် အရေးပါသည့် ကိစ္စဖြစ်လာခဲ့သည်။

    Ref: Aljazeera

  • နည်းပြနှင့် အသင်းသားများ၏ အမြင်ကိုသာ အလေးထားသည်ဟု ရူနီပြော

    နည်းပြနှင့် အသင်းသားများ၏ အမြင်ကိုသာ အလေးထားသည်ဟု ရူနီပြော

    အောက်တိုဘာ ၁၈၊ ၂၀၁၅
    M-Media

    rn

    – အခြားသူများ၏ ဝေဖန်မှုထက် နည်းပြနှင့် အသင်းသားများ၏ အထင်အမြင်များကိုသာ အာရုံစိုက်သည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    အင်္ဂလန်အသင်း၏ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူ ဖြစ်လာခဲ့သည့် ၀ိန်းရူနီမှာ ပရီးမီးယားလိဂ်တွင် ဂိုးရရန် ရုန်းကန်နေရပြီး ယမန်နေ့က ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် အဲဗာတန်အသင်းနှင့်ပွဲတွင် တတိယဂိုး သွင်းပေးနိုင်ခဲ့သည်။ ထိုဂိုးမှာ အဝေးကွင်းတွင် ၁၁ လအတွင်း ရူနီ၏ ပထမဆုံးဂိုးဖြစ်ပြီး အသင်းဟောင်းအဲဗာတန်အား ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံး သွင်းနိုင်သည့် ဂိုးလည်း ဖြစ်သည်။

    ပွဲအပြီးတွင် ၎င်း၏ ဂိုးမိုးခေါင်မှုကို ကျော်ဖြတ်ရန် စဉ်းစားခဲ့သလားဟု မေးမြန်းရာ ရူနီက “ဒါဟာ သတင်းမီဒီယာက ဘယ်လိုစဉ်းစားလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သူတို့ကြိုက်သလို သူတို့ ပြောနေကြတာပဲ။ ကျွန်တော် အရေးစိုက်တာက နည်းပြနဲ့ အသင်းသားတွေရဲ့ အမြင်ကိုပါပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    Ref: Dailymail

  • ရခိုင်မြေ  တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ပေးချင်လို့ စစ်တွေက ဝင်ပြိုင်မယ့် ကမန်ပါတီ အမတ်လောင်း ဦးကျော်ငြိမ်း

    ရခိုင်မြေ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ပေးချင်လို့ စစ်တွေက ဝင်ပြိုင်မယ့် ကမန်ပါတီ အမတ်လောင်း ဦးကျော်ငြိမ်း

    အောင်တိုဘာ ၁၈ ၊ ၂၀၁၅
    M-Media
    မိုးစက်တွေ့ဆုံ မေးမြန်းသည်။
    U Kyaw Nyein 1
    ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှနေ၍ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း (၈) ဦးနှင့်အတူ စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တွင် ဝင်ရောက် အရွေးခံမယ့် ကမန် အမျိုးသားတိုးတက်ရေးပါတီမှ ဦးကျော်ငြိမ်းနှင့် M-Media မှ တွေ့ဆုံမေးမြန်းထားပါသည်။

    M-Media- စစ်တွေမဲဆန္ဒနယ်မှာ ဘာကြောင့် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာလဲ။
    ဦးကျော်ငြိမ်း- အန်ကယ်တို့ ကမန်လူမျိုးတွေရဲ့ အဓိကပင်ရင်းက စစ်တွေပဲ။ စစ်တွေမှာ သမိုင်းဝင်ရွာတွေ ရှိသေးတယ်။ ရန်ကုန်မှာပြိုင်တော့ ကောင်းတာပေါ့။ အန်ကယ်တို့ပါတီက သေးလဲသေးတော့ ပါတီကြီးတွေနဲ့ ဝင်ရောက်ယှဉ်ပြိင်ဖို့ဆိုတာ မလွယ်ဘူးလေ။ စဉ်းစားတော့ ကျောထောက် နောက်ခံဒေသတွေမှာလည်း ပြိုင်သင့်တယ်ထင်လို့ အန်ကယ့် ဇာတိရွာလည်း ဖြစ်နေတဲ့အတွက်ကြောင့် စစ်တွေကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

    M-Media စည်းရုံးရေးတွေရော စတင်လုပ်နေပြီလား။
    ဦးကျော်ငြိမ်း-  ဒီတစ်ရက် နှစ်ရက်အတွင်းမှ သွားမှာပါ။ ဟိုမှာ တစ်လလောက်သွားနေပြီးတော့ လက်ကမ်းစာစောင်ဝေတာ၊ ပိုစတာတွေချိတ်တာမျိုးတွေ လုပ်သွားဖို့ ရှိပါတယ်။ ရွာတွေမှာလိုက်ပြီး စည်းရုံးရေးဆင်းသွားမှာပါ။

    M-Media မဲဆွယ်တဲ့အခါမှာရော ဘယ်လိုအချက်တွေနဲ့ မဲဆွယ်ဖို့ရှိလဲ။
    ဦးကျော်ငြိမ်း-  အဓိကတော့ အန်ကယ်တို့ ကိုယ့်တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေကို ရရှိအောင် လုပ်ဆောင်ပေးသွားမယ်။ နောက် ရခိုင်တွေအတွက်လည်း ဘာတွေလိုအပ်ချက်ရှိလဲ၊ ဘာတွေလုပ်ပေးရမလဲပေါ့၊ သူတို့ဘက်က တာဝန်ပေးလာရင်တော့ လုပ်ပေးမှာပါ။ ရခိုင်မြေရဲ့ အဓိကလိုအပ်နေတဲ့ တည်ငြိမ်အေးချမ်းဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်လုပ်ဆောင်ပေးမှာပါ။ အန်ကယ်တို့ ကမန်က တစ်ဖက်က အစ္စလာမ်ဘာသာကိုးကွယ်တယ်။ တစ်ဖက်က ရခိုင်လူမျိုး။ အဲတော့ အဲ့နှစ်ခုကြားထဲက လုပ်လို့ရတာ အကုန်လုပ်ပေးမှာပါ။

    M-Media စစ်တွေက မဲဆန္ဒရှင်တွေ အခြေအနေကရော ဘယ်လိုရှိမယ်ထင်လဲ။
    ဦးကျော်ငြိမ်း-  အရင်ပုံစံကတော့ ဟိုမှာရှိတဲ့ ရခိုင်လူမျိုး မျိုးနွယ်ကြီးတွေက ကိုယ့်လူမျိုးမှ ကိုယ်မဲပေးတဲ့ပုံစံပေါ့နော်။ ဒါကရခိုင်ရဲ့ နိုင်ငံရေးပုံစံဖြစ်နေတာ။ အန်ကယ့် ဆန္ဒကတော့ လူမျိုးစွဲမထားဘဲ ဘယ်လူမျိုး ဘယ်ဘာသာကိုမဆို အရည်အချင်းရှိရင် မဲပေးသင့်တယ်လို့ထင်တယ်။

    M-Media ရခိုင်ပြည်နယ်က ပဋိပက္ခတွေလည်းဖြစ်ထားတယ်၊နောက်ရေဘေးနဲ့လည်း ကြုံခဲ့ရတဲ့ နယ်မြေဖြစ်တော့ အဲ့ဒီဒေသကလူတွေရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုဟာ ဘယ်လောက်ရှိမယ်ထင်လဲ။
    ဦးကျော်ငြိမ်း-  သူတို့မှာ အခက်အခဲတွေ အများကြီးရှိနေတဲ့အတွက် တခြားပြည်သူတွေနဲ့တော့ တူမှာမဟုတ်ဘူး။ ဒီမဲမပေးလည်း ဘာမှမဖြစ်ပါဘူးလို့ သူတို့မှတ်ယူထားကြမှာပါ။

    M-Media အဲ့လိုလူတွေကိုရော မဲပေးဖို့အတွက် ဘယ်လိုလုပ်ဆောင်ဖို့ရှိလဲ။
    ဦးကျော်ငြိမ်း- နိုင်ငံသားတစ်ယောက်ဖြစ်တဲ့အတွက် မိမိရဲ့ရသင့်တဲ့ အခွင့်အရေးကို အသုံးချဖို့အတွက် လိုတယ်ဆိုတဲ့ ပညာပေးမှုတွေကို လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ တန်းဖိုးရှိအောင် အသုံးချဖို့ တိုက်တွန်းသွားဖို့လည်း ရှိပါတယ်။

    M-Media- စစ်တွေကပြည်သူတွေမှာရော ဘာလိုအပ်ချက်တွေ ရှိမယ်ထင်လဲ။ သူတို့အခက်အခဲတွေရော ဘယ်လိုဖြေရှင်းပေးမလဲ။
    ဦးကျော်ငြိမ်း- ရခိုင်ပဋိပက္ခဖြစ်ပြီးနောက်ပိုင်းမှာ သူတို့မှာ အစစအရာရာ ချို့ယွင်းလာပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ နောက်မှတ်ပုံတင်ရရှိရေး ကိစ္စတွေဆို တော်တော်လေးကို အခက်အခဲရှိနေတယ်။ ပညာရေးဆိုရင်လည်း အထက်တန်းပညာကို သင်လို့မရတဲ့အဆင့်ထိရောက်နေပြီ။ အန်ကယ့်အနေနဲ့ ဒီလိုအပ်ချက်တွေကို ပြုပြင်ပေးဖို့ တာဝန်ရှိလာပြီလေ။ အကောင်းဆုံး လုပ်ဆောင်ပေးမှာပါ။ ဒီလူတွေကိုပစ်ထားလို့ မရပါဘူး။ သူတို့အတွက် ဝိုင်းလုပ်ပေးရမှာပါ။ ဥပဒေဘောင်ထဲကနေ လုပ်နိုင်သလောက် လုပ်ပေးသွားမှာပါ။

    M-Media ဒီစစ်တွေမြို့နယ် မဲဆန္ဒနယ်ကနေ ယှဉ်ပြိုင်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ဘယ်လောက်ထိရှိလဲ။
    ဦးကျော်ငြိမ်း-  ကိုယ့်ကိုကိုယ်တော့ အပြည့်အဝ ယုံကြည်ပါတယ်။ ဒေသရဲ့ အခြေအနေကိုလည်း သဘောပေါက်နားလည်ထားပါတယ်။ လူမျိုးမတူသူအချင်းချင်းလည်း ဘာပြသာနာမှလည်း ရှိလာနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။

    M-Media – စစ်တွေလိုနေရာမှာ ပဋိပက္ခတွေလည်း ဖြစ်ထားတော့ မဲဆွယ်စည်းရုံမှုတွေ ပြုလုပ်ရင် ဘယ်လောက်ထိလုံခြုံရေးက စိတ်ချရလဲ။
    ဦးကျော်ငြိမ်း- အန်ကယ် တစ်ခေါက်သွားပြီးပါပြီ။ မြို့ပေါ်မှာပဲ တည်းခဲ့တယ်။ ဘာပြသနာမှတော့ မရှိပါဘူး။ စည်းရုံးရေးဆင်းရင်လည်း ပြသာနာမရှိလောက်ပါဘူး။ လုံခြုံမယ် ထင်ပါတယ်။

    M-Media – ပြိုင်ဘက်ပါတီတွေအပေါ်မှာရော စိုးရိမ်စိတ်တွေရှိလား။
    ဦးကျော်ငြိမ်း-  စိုးရိမ်စိတ်တော့ မရှိပါဘူး။ အကောင်းဆုံးတော့ မျှော်လင့်ထားတာပါပဲ။ ဖြစ်မလာရင်လည်း အရှုံးတော့မရှိပါဘူး။

    M-Media – ဘာများဖြည့်စွက်ပြောကြားချင်တာရှိပါသလဲ။
    ဦးကျော်ငြိမ်း- အကောင်းဆုံး ကြိုးစားသွားပါမယ်။ အန်ကယ့်မဲဆန္ဒနယ်ကို သေချာလေ့လာပြီးတော့ သူတို့အတွက် ဘာကမရှိမဖြစ်လိုအပ်လဲ။ အဲဒီလိုအပ်တာကို အတတ်နိုင်ဆုံး လုပ်ဆောင်သွားမယ်။ စစ်တွေမဲဆန္ဒနယ်ကလူတွေလည်း အန်ကယ့်ကိုလေ့လာလို့ရပါတယ်။ အန်ကယ့်ကတော့ အရိုးသားဆုံးနဲ့ လုပ်နိုင်တာတွေကို ချပြသွားပါ့မယ်။ အန်ကယ့်ကို ကြိုက်နှစ်သက်ရင်တော့ မဲပေးလို့ရပါတယ်။

    U Kyaw Nyein

    U Kyaw Nyein 2

    ဆက်စပ်ပိုစ်များ ဖတ်ရန်

     

     

     

  • အိန္ဒိယတွင် နွားမှောင်ခိုပို့သည်ဟု စွပ်စွဲကာ ဟိန္ဒူလူအုပ်စုက ရိုက်နှက်မှုကြောင့် လူ တစ်ဦးသေဆုံး

    အိန္ဒိယတွင် နွားမှောင်ခိုပို့သည်ဟု စွပ်စွဲကာ ဟိန္ဒူလူအုပ်စုက ရိုက်နှက်မှုကြောင့် လူ တစ်ဦးသေဆုံး

    အောက်တိုဘာ ၁၈၊ ၂၀၁၅
    M-Media

    indian

    – အိန္ဒိယနိုင်ငံ ဟီမာချဲလ် ပရာဒက်ရှ်ပြည်နယ်တွင် နွားများကို မှောင်ခိုပို့သည်ဟု စွပ်စွဲကာ ဟိန္ဒူလူအုပ်စုကြီးက ရိုက်နှက် သတ်ဖြတ်မှုကြောင့် မွတ်စလင်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    သေဆုံးသွားသူမှာ နော်မန်ဆိုသူဖြစ်ပြီး ၎င်းနှင့် အခြားလေးဦးမှာ ကျွဲ၊ နွားများကို ထရပ်ကားပေါ်သို့ တင်နေစဉ် ဗုဒ္ဓဟူးနေ့ညနေပိုင်းက ဟိန္ဒူလူအုပ်စုကြီးမှ လာရောက် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယမန်နေ့တွင် ပြောကြားခဲ့သည်။ နော်မန်မှာ သေဆုံးသွားခဲ့ပြီး လွတ်မြောက်သူလေးဦးကို နွားမှောင်ခိုမှုနှင့် သတ်ဖြတ်ဖြတ်မှုတို့ဖြင့် တရားစွဲထားသည်ဟု အိန္ဒိယအာဏာပိုင်များ၏ ပြောကြားမှုအရ သိရသည်။

    “စွပ်စွဲခံရသူတွေအတွက် စုံစမ်းစစ်ဆေးမှုကို ကျွန်တော်တို့ စတင်ခဲ့ပါတယ်။ ဒီဟာက လူအုပ်စုနဲ့ တိုက်ခိုက်တဲ့အမှု ဖြစ်တာကြောင့် ဒီအဖြစ်အပျက်ကို ဘယ်သူမှန်းမသိတဲ့ လူသတ်မှုနဲ့ စာရင်းသွင်းထားပါတယ်” ဟု ဒေသတွင်း ရဲတပ်ဖွဲ့တာဝန်ရှိသူ ဆူမျာ ဆမ်ဘာဆီဗန်က ပြောကြားခဲ့သည်။

    အိန္ဒိယရှိ အချို့သောပြည်နယ်များတွင် နွားများ သတ်ဖြတ်မှုကို ကို ပိတ်ပင်ထားပြီး ယခုအခင်းဖြစ်ပွားသော ဟီမာချာလ် ပရာဒက်ရှ်ပြည်နယ်လည်း ပါဝင်သည်။ ဟိန္ဒူဘာသာဝင် ၈၀ ရာခိုင်နှုန်းရှိပြီး နွားကို မြင့်မြင်သော တိရစ္ဆာန်အဖြစ် မှတ်ယူသော အိန္ဒိယနိုင်ငံမှာ ကမ္ဘာပေါ်တွင် အမဲသား ဒုတိယအများဆုံးတင်ပို့သည့် နိုင်ငံဖြစ်ပြီး အမဲသားကို စားသုံးမှုမှာလည်း ကမ္ဘာ့ပဉ္စမအများဆုံး ဖြစ်သည်။

    စက်တင်ဘာ ၂၈ ရက်နေ့ကလည်း မြို့တော် နယူးဒေလီအနီးရှိ ဒေသတစ်ခုတွင် အသက် ၅၂ နှစ်အရွယ် မိုဟာမက် အခ်လာ့က်အား နွားသတ်စားသည်ဟု စွပ်စွဲကာ ဟိန္ဒူလူအုပ်စုကြီးက နေအိမ်မှဆွဲထုတ်၍ ရိုက်နှက်သတ်ဖြတ်ခဲ့ကြသည်။

    ဟိန္ဒူနိုင်ငံရေးသမားများမှာ ပြည်သူများထံမှ မဲများများရရှိရန် နွားကယ်ဆယ်ရေးကိစ္စကို ယခင်ကတည်းက အသုံးပြုခဲ့ကြပြီး၊ ထိုဆောင်ရွက်မှုက ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းများဆီသို့သာ ဦးတည်ခဲ့သည်။

    အမဲသားစားသုံးမှု ပိတ်ပင်ခြင်းနှင့် လူမျိုးရေးတိုက်ခိုက်မှုများကို ဆန့်ကျင်သည့်အနေဖြင့် အူတာပရာဒက်ရှ်ပြည်နယ်ရှိ လက်ခနောင်တက္ကသိုလ်မှ ကျောင်းသားများမှာ ယမန်နေ့က “နွားနို့ပါတီ” တစ်ခုကို ကျင်းပခဲ့ကြသည်။

    Ref: Aljazeera