News @ M-Media

Blog

  • မက်ဆီက မာရာဒိုနာထက် အရည်အချင်းပိုရှိသည်ဟု အာဂျင်တီးနားနည်းပြဟောင်း ပြော

    မက်ဆီက မာရာဒိုနာထက် အရည်အချင်းပိုရှိသည်ဟု အာဂျင်တီးနားနည်းပြဟောင်း ပြော

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    messi

    – ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး မက်ဆီမှာ တစ်နိုင်ငံတည်းသား ဂန္တ၀င်ကစားသမား မာရာဒိုနာထက် အာဂျင်တီးနား လက်ရွေးစင်အသင်းအား ပိုမို ပေးဆပ်သည်ဟု ဘာစီလိုနာနှင့် အာဂျင်တီးနားနည်းပြဟောင်း ဆီဇာလူးဝစ် မီနော့တီက ပြောကြားလိုက်သည်။

    မာရာဒိုနာမှာ ၁၉၈၆ ခုနှစ်တွင် အာဂျင်တီးနားသင်းနှင့် ကမ္ဘာဖလားကို ဆွတ်ခူးရရှိခဲ့ပြီး မက်ဆီကမူ နိုင်ငံအသင်းအတွက် ခြေစွမ်းကောင်းများ ပြသခဲ့သော်လည်း လောက်လောက်လားလား အောင်မြင်မှုမျိုး မရသေးပေ။

    “သိပ်ဝေးဝေးမကြည့်ရင်တော့ သူတို့နှစ်ဦးစလုံးဟာ တူညီတယ်လို့ ထင်ရပါတယ်။ ဒီယေဂို (မာရာဒိုနာ) ရဲ့ တိုးတက်မှုဟာ နည်းနည်းကွဲပြားပြီး ပိုပြီးတော့ ခေါင်းဆောင်မှုဆန်ပါတယ်။ မက်ဆီရဲ့တိုးတက်မှုက ပိုပြီးမှန်ကန်ပါတယ်။ ဘာ့ကြောင်လည်းဆိုတော့ သူကစားတဲ့ကလပ်ကြောင့်ပါပဲ။ ဒီယေဂိုလိုပဲ သူ ဂိုးတွေသွင်းပါတယ်။ မက်ဆီက အရည်အချင်းပိုရှိတယ် ဆိုတာကတော့ အငြင်းပွားစရာ မရှိပါဘူး။ ပြီးတော့ အာဂျင်တီးနားအသင်းက တစ်ခါတစ်ရံ သူ့အတွက် အထောက်အကူဖြစ်ပြီး တစ်ခါတစ်ရံတော့ မဖြစ်ပါဘူး” ဟု
    မီနော့တီက ပြောကြားခဲ့သည်။

    Ref: Goal

  • ဆော်ဒီအမျိုးသမီးများ တက္ကဆီအခမဲ့စီး၍ ကင်ဆာရှိ၊ မရှိ စစ်ဆေးခွင့်ရမည်

    ဆော်ဒီအမျိုးသမီးများ တက္ကဆီအခမဲ့စီး၍ ကင်ဆာရှိ၊ မရှိ စစ်ဆေးခွင့်ရမည်

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    saudi

    – ရင်သားကင်ဆာနှင့်ပတ်သက်သည့် အသိပညာပေးမှုကို မြှင့်တင်သည့်အနေဖြင့် ဆော်ဒီရှိ တက္ကဆီကုမ္ပဏီတစ်ခုမှာ အမျိုးသမီးခရီးသည်များကို ကင်ဆာနှင့်ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်ရန် ဆေးရုံသို့ အခမဲ့လိုက်ပို့ပေးသည့် လှုပ်ရှားမှုကို စတင်ခဲ့သည်ဟု သိရသည်။

    Easy Taxi ကုမ္ပဏီနှင့် Zahra Brest Cancer အသင်းတို့ ပူးပေါင်းကာ ဂျစ်ဒါနှင့် ရီယဒ်တို့တွင် ယမန်နေ့က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကင်ဆာရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုများကိုလည်း အဆိုပါ ကင်ဆာအသင်းကပင် ဆေးရုံများ၌ အခမဲ့ စစ်ဆေးမှုများ ပြုလုပ်ပေးခြင်းဖြစ်သည်။

    “စောစောစီးစီး စမ်းသပ်စစ်ဆေးမှု၊ ပညာပေးမှု၊ ကူညီပံ့ပိုးပေးမှု စတာတွေကို ပြုလုပ်ပေပြီး အမျိုးသမီးတွေ ရင်သားကင်ဆာအန္တရာယ်ကို တွန်းလှန်ဖို့ အခွင့်အရေးပေးတဲ့ Zahra Breast Cancer လို ထိရောက်မှုရှိပြီး၊ လေးစားအားကျဖွယ်ကောင်းတဲ့ အသင်းအဖွဲ့မျိုးနဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့တွက် ကျွန်တော်တို့ အင်မတန်မှ ဂုဏ်ယူမိပါတယ်” ဟု ဆော်ဒီ Easy Taxi မှ အထွေထွေမန်နေဂျာ ယူဂျန် ဘရစ်က်စီယက်စ်က ပြောကြားခဲ့သည်။

    ထိုဝန်ဆောင်မှုကို ရင်သားကင်ဆာ အသိပညာပေးရေးလ ဖြစ်သော အောက်တိုဘာ လကုန်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အမျိုးသမီးများမှာ ထိုကင်ဆာရောဂါနှင့်ပတ်သက်၍ သတိပြုမိကြသော်လည်း ရောဂါကို စောစောပိုင်းအဆင့်များတွင် သိရှိရန် မကြိုးစားကြပေ။

    ကင်ဆာရောဂါ ရှိ၊ မရှိ သွားရောက်စစ်ဆေးရန်အတွက် ဆော်ဒီအမျိုးသမီးများမှာ Easy Taxi အခမဲ့စီးနင်းခွင့်ကို အီမေးလ်ဖြင့် ရယူနိုင်မည်ဖြစ်သည်။

    Eazy Taxi တက္ကဆီမှာ ဒီဇင်ဘာတွင်ပြုလုပ်မည့် မြူနီစီပယ်ရွေးကောက်ပွဲ အမျိုးသမီးများ မဲသွားထည့်ရာတွင် ရီယာ့ဒ်၊ ဂျစ်ဒါ၊ ဒန်မမ်နှင့် အလ်-ခိုဘာရ်မြို့များ၌ မဲရုံများသို့ အခမဲ့ ပို့ဆောင်ပေးသွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကြေငြာခဲ့သည်။

    Ref: Alarabiya

  • ပလာတီနီအား ဖီဖာဥက္ကဌလောင်းအဖြစ် ထောက်ခံမှု FA ရပ်ဆိုင်း

    ပလာတီနီအား ဖီဖာဥက္ကဌလောင်းအဖြစ် ထောက်ခံမှု FA ရပ်ဆိုင်း

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    pla

    – ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီအား ကမ္ဘာ့ဖလားဥက္ကဌအဖြစ် ၀င်ရောက်အရွေးခံရန် မိမိတို့၏ ထောက်ခံမှုကို ဆိုင်းငံ့ထားလိုက်ပြီး ၎င်းရင်ဆိုင်နေရသည့် ငွေကြေးအရှုပ်အရှင်းများအတွက် စုံစမ်းစစ်ဆေးမှု ရလဒ်များကို စောင့်ကြည့်သွားမည်ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ယနေ့တွင် ကြေငြာလိုက်သည်။

    လက်ရှိဥက္ကဌ ဆပ်ဘလတ္တာ ရာထူးမှ နှုတ်ထွက်တော့မည်ဟု ကြေငြာပြီးနောက်ပိုင်း လာမည့်နှစ်ဆန်းပိုင်းတွင် ပြုလုပ်မည့် ဖီဖာဥက္ကဌ ရွေးကောက်ပွဲတွင် ပလာတီနီမှာ အရွေးခံရရန် ရေပန်းစားနေသူဖြစ်သည်။ သို့သော်လည်း ဆပ်ဘလတ္တာနှင့် ဆက်စပ်၍ ၎င်းမှာ ငွေကြေးအရှုပ်အရှင်းများနှင့် ရင်ဆိုင်နေရပြီး ပြီးခဲ့သည့်သီတင်းပတ်တွင် ဖီဖာကလည်း ၎င်းတို့နှစ်ဦးအား ရက်ပေါင်း ၉၀ တာဝန်မှ
    ရပ်စဲလိုက်သည်။

    “မိုက်ကယ်ပလာတီနီရဲ့ ကျင့်ဝတ်ပြဿနာနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၅ ရက်နေ့မှာ ယူအီးအက်ဖ်အေက ကြေငြာချက်ထုတ်တာကို FA က ထောက်ခံပါတယ်။.. မစ္စတာ ပလာတီနီဟာ ဒီစွဲချက်တွေကို ရင်ဆိုင်ရာမှာ အောင်မြင်မှုရပြီး သူ့ရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ပါစေလို့လည်း FA က ဆန္ဒပြုပါတယ်။ ပြီးတော့ ဒီလုပ်ငန်းစဉ်ကို ပျက်ဆီးစေမယ့် ဆောင်ရွက်မှုမျိုးကိုလည်း ကျွန်တော်တို့ စိတ်မ၀င်စားပါဘူး” ဟု FA က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် မိမိတို့အနေဖြင့် ထိုပြဿနာနှင့်ပတ်သက်သည့် အခြားအချက်အလက်များကိုလည်း ထပ်မံသိရှိခဲ့ပြီး၊ တရားရေးဆိုင်ရာများ ပြေလည်သွားကာ ပလာတီနီ၏ အခြေအနေ ရှင်းလင်းသွားသည်အထိ ၎င်းအား ဖီဖာဥက္ကဌလောင်းအဖြစ် ထောက်ခံမှုကို ရပ်ဆိုင်းသွားမည်ဟု ယနေ့မနက်တွင် ဆုံးဖြတ်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • အဆီယံနိုင်ငံများနှင့် ဆက်ဆံရေးကောင်းချင်သည်ဟု တရုတ်ပြော

    အဆီယံနိုင်ငံများနှင့် ဆက်ဆံရေးကောင်းချင်သည်ဟု တရုတ်ပြော

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    – မိမိတို့အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်ချင်ပြီး နိုင်ငံခြား တပ်ဖွဲ့များ ဆိုရှယ်မီဒီယာမှ လှုံ့ဆော်မှုအပါအ၀င် ခြိမ်းခြောက်မှုများရှိနေသော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်အတွက် မိမိတို့အားလုံးမှာ ကြိုစားဆောင်ရွက်ရန် လိုအပ်သည်ဟု အရှေ့တောင်အာရှ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် တရုတ် ကာကွယ်ရေးဝန်ကြီး ချန်ဝမ်ကွမ်က ယနေ့တွင် ပြောကြားလိုက်သည်။

    တရုတ်နှင့် အရှေ့တောင်အရှနိုင်ငံများမှာ တောင်တရုတ်ပင်လယ်တွင် ရေပိုင်နက်အငြင်းပွားမှုများ ရှိနေပြီး အထူးသဖြင့် ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့နှင့် တင်းမာမှုများမှာ ပြီးခဲ့သည့်နှစ်များအတွင်း မြင့်တက်လာခဲ့သည်။

    “အခုအချိန်မှာ ဒေသတွင်းအခြေအနေဟာ ယေဘူယျအားဖြင့်တော့ တည်ငြိမ်နေပါတယ်။ ဒါပေမယ့် သိသာတဲ့ စီးပွားရေးကျဆင်းမှု ဖိအားတွေ ရှိနေပြီး ပုံမှန်မဟုတ်တဲ့ လုံခြုံရေး စိန်ခေါ်မှုတွေကလည်း တိုးလာပါတယ်။ နိုင်ငံခြားတပ်ဖွဲ့တွေကလည်း အင်တာနက်၊ ဆိုရှယ်မီဒီယာနဲ့ အခြားနည်းလမ်းတွေကို သုံးပြီး ဒေသတွင်းက နိုင်ငံတွေနဲ့ပတ်သက်ပြီး လှုံ့ဆော်မှုတွေလုပ်နေကာ လူမှုလုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်” ဟု ချန်က ပြောကြားခဲ့သည်။

    ထို့ပြင် အာဆီယံနိုင်ငံများတွင် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို တရုတ်နိုင်ငံက တိုးမြှင့်လုပ်ဆောင်ချင်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Channelnewsasia

  • ပါလက်စတိုင်းအရေး လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်မည်

    ပါလက်စတိုင်းအရေး လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်မည်

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    pla

    – စုစုပေါင်း လူ ၃၉ ဦး သေဆုံးခဲ့သည့် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်မှုများကို ဖြေရှင်းရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယနေ့တွင် အထူးအစည်းအဝေးတစ်ခု ကျင်းပရန်ရှိနေသည်ဟု သိရသည်။

    ကောင်စီအဖွဲ့ဝင် ဂျော်ဒန်နိုင်ငံက မေတ္တာရပ်ခံမှုကြောင့် ခေါ်ယူခြင်းဖြစ်ပြီး အခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ အကျဉ်းချုံး တင်ပြသွားမည်ဖြစ်သည်။ ထိုအစည်းအဝေးတွင် ဆုံးဖြတ်ချက်များ ချမှတ်မည် မဟုတ်သော်လည်း ပါလက်စတိုင်း ၃၂ ဦးနှင့် အစ္စရေး ၇ ဦးသေဆုံးခဲ့သည့် ထိုမငြိမ်မသက်မှုများ ရပ်တန့်ရေးအတွက် နှစ်ဖက်စလုံးကို တိုက်တွန်းမည့် ကြေညာချက်တစ်ခု ထုတ်ပြန်ဖွယ်ရှိနေသည်ဟု အမည်မဖော်လိုသည့် ကုလသံတမန်တစ်ဦးက ပြောကြားခဲ့သည်။

    ပါလက်စတိုင်းများ ဖိနှိပ်ခံနေရ

    ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ ဂျေရုစလင်မြို့ဟောင်းမှ အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးရဲတပ်ဖွဲ့နှင့် ဂျူးအစွန်းရောက်များက ပြီးခဲ့သည့်လအတွင်း ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်း ၀တ်ပြုသူများကို တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ဖြစ်ပေါ်လာသည့် ဆန္ဒပြမှုနှင့် မတည်ငြိမ်မှုများကို ထိန်းချုပ်ရန်အတွက် အစ္စရေးမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပါလက်စတိုင်းများအပေါ် ပြင်းထန်သည့် ဖိနှိပ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

    ထို့ပြင် တိုက်ခိုက်မှုပြုလုပ်သည်ဟုဆိုသော ပါလက်စတိုင်းပြည်သူများနှင့် ၎င်းတို့၏ ဆွေမျိုးများကို ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်၌ နေထိုင်ခွင့်ကို ရုပ်သိမ်းမည်ဟု အစ္စရေးက ယမန်နေ့တွင် ကြေငြာခဲ့သည်။

    ဖိနှိပ်မှုကို မခံမရပ်နိုင်ဖြစ်သော ပါလက်စတိုင်းများ ဆန္ဒပြမှုများနှင့် တိုက်ခိုက်မှုများက ဂျေရုစလင်မှ ပါလက်စတိုင်းပြည်သူများကို ဖယ်ရှားရန် အကြောင်းပြချက်တစ်ခုအဖြစ် အစ္စရေးက အသုံးပြုနေသည်ဟု ပါလက်စတိုင်းတို့၏ အခွင့်အရေးတွက် လှုပ်ရှားနေသည့် Coalition for Jerusalem အဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူ ရီမာအ၀ဒ်က ပြောကြားခဲ့သည်။

    “(တိုက်ခိုက်သူတွေလို့) စွပ်စွဲခံရသူတွေက တိုက်ခိုက်ဖို့ ကြိုးစားတာမျိုးမရှိသလို အပြစ်လည်းမရှိပါဘူး။ ပြီးတာ့ ဥပဒေပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေလည်း မရှိပါဘူး။ ဒါက သက်သေပြလို့မရတဲ့ စွပ်စွဲမှုတွေအတွက် သူတို့ရဲ့ မိသားစုတွေဟာ ဆွမ်းကြီးဝိုင်းလောင်းခံနေရတယ်ဆိုတာကို ပြသနေပါတယ်” ဟု အ၀ဒ်က ပြောကြားခဲ့သည်။

    ယခုလအစ ဆန္ဒပြမှုများ ဖြစ်ပွားကတည်းက အစ္စရေးစစ်တပ်မှ အနည်းဆုံး ပါလက်စတိုင်း ၃၂ ဦးကို ပစ်သတ်ခဲ့ပြီး တိုက်ခိုက်သည်ဟု စွပ်စွဲခံရသူများ၊ လက်နက်မဲ့ ဆန္ဒပြသူများနှင့် ဘေးတွင် ရပ်ကြည့်နေသူများ ပါဝင်ခဲ့သည်။

    အနောက်ဖက်ကမ်း မတည်ငြိမ်မှုမှာ ဂါဇာကမ်းမြှောင်သို့လည်း ပြန့်နှံသွားပြီး ယမန်နေ့တွင် အစ္စရေးက ဂါဇာနယ်စပ်တွင် စစ်တပ်များ ပိုမိုချထားခဲ့ပြီး၊ ဟားမက်စ်အဖွဲ့ကလည်း ယနေ့တွင် ပြင်းထန်စွာ ဆန္ဒပြကြရန် ဆော်သြခဲ့သည်။

    Ref: Aljazeera