အောက်တိုဘာ ၁၆၊ ၂၀၁၅
M-Media
– ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီအား ကမ္ဘာ့ဖလားဥက္ကဌအဖြစ် ၀င်ရောက်အရွေးခံရန် မိမိတို့၏ ထောက်ခံမှုကို ဆိုင်းငံ့ထားလိုက်ပြီး ၎င်းရင်ဆိုင်နေရသည့် ငွေကြေးအရှုပ်အရှင်းများအတွက် စုံစမ်းစစ်ဆေးမှု ရလဒ်များကို စောင့်ကြည့်သွားမည်ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ယနေ့တွင် ကြေငြာလိုက်သည်။
လက်ရှိဥက္ကဌ ဆပ်ဘလတ္တာ ရာထူးမှ နှုတ်ထွက်တော့မည်ဟု ကြေငြာပြီးနောက်ပိုင်း လာမည့်နှစ်ဆန်းပိုင်းတွင် ပြုလုပ်မည့် ဖီဖာဥက္ကဌ ရွေးကောက်ပွဲတွင် ပလာတီနီမှာ အရွေးခံရရန် ရေပန်းစားနေသူဖြစ်သည်။ သို့သော်လည်း ဆပ်ဘလတ္တာနှင့် ဆက်စပ်၍ ၎င်းမှာ ငွေကြေးအရှုပ်အရှင်းများနှင့် ရင်ဆိုင်နေရပြီး ပြီးခဲ့သည့်သီတင်းပတ်တွင် ဖီဖာကလည်း ၎င်းတို့နှစ်ဦးအား ရက်ပေါင်း ၉၀ တာဝန်မှ
ရပ်စဲလိုက်သည်။
“မိုက်ကယ်ပလာတီနီရဲ့ ကျင့်ဝတ်ပြဿနာနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၅ ရက်နေ့မှာ ယူအီးအက်ဖ်အေက ကြေငြာချက်ထုတ်တာကို FA က ထောက်ခံပါတယ်။.. မစ္စတာ ပလာတီနီဟာ ဒီစွဲချက်တွေကို ရင်ဆိုင်ရာမှာ အောင်မြင်မှုရပြီး သူ့ရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ပါစေလို့လည်း FA က ဆန္ဒပြုပါတယ်။ ပြီးတော့ ဒီလုပ်ငန်းစဉ်ကို ပျက်ဆီးစေမယ့် ဆောင်ရွက်မှုမျိုးကိုလည်း ကျွန်တော်တို့ စိတ်မ၀င်စားပါဘူး” ဟု FA က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မိမိတို့အနေဖြင့် ထိုပြဿနာနှင့်ပတ်သက်သည့် အခြားအချက်အလက်များကိုလည်း ထပ်မံသိရှိခဲ့ပြီး၊ တရားရေးဆိုင်ရာများ ပြေလည်သွားကာ ပလာတီနီ၏ အခြေအနေ ရှင်းလင်းသွားသည်အထိ ၎င်းအား ဖီဖာဥက္ကဌလောင်းအဖြစ် ထောက်ခံမှုကို ရပ်ဆိုင်းသွားမည်ဟု ယနေ့မနက်တွင် ဆုံးဖြတ်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.