News @ M-Media

Blog

  • ပါလက်စတိုင်းအရေး လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်မည်

    ပါလက်စတိုင်းအရေး လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်မည်

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    pla

    – စုစုပေါင်း လူ ၃၉ ဦး သေဆုံးခဲ့သည့် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်မှုများကို ဖြေရှင်းရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယနေ့တွင် အထူးအစည်းအဝေးတစ်ခု ကျင်းပရန်ရှိနေသည်ဟု သိရသည်။

    ကောင်စီအဖွဲ့ဝင် ဂျော်ဒန်နိုင်ငံက မေတ္တာရပ်ခံမှုကြောင့် ခေါ်ယူခြင်းဖြစ်ပြီး အခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ အကျဉ်းချုံး တင်ပြသွားမည်ဖြစ်သည်။ ထိုအစည်းအဝေးတွင် ဆုံးဖြတ်ချက်များ ချမှတ်မည် မဟုတ်သော်လည်း ပါလက်စတိုင်း ၃၂ ဦးနှင့် အစ္စရေး ၇ ဦးသေဆုံးခဲ့သည့် ထိုမငြိမ်မသက်မှုများ ရပ်တန့်ရေးအတွက် နှစ်ဖက်စလုံးကို တိုက်တွန်းမည့် ကြေညာချက်တစ်ခု ထုတ်ပြန်ဖွယ်ရှိနေသည်ဟု အမည်မဖော်လိုသည့် ကုလသံတမန်တစ်ဦးက ပြောကြားခဲ့သည်။

    ပါလက်စတိုင်းများ ဖိနှိပ်ခံနေရ

    ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ ဂျေရုစလင်မြို့ဟောင်းမှ အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးရဲတပ်ဖွဲ့နှင့် ဂျူးအစွန်းရောက်များက ပြီးခဲ့သည့်လအတွင်း ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်း ၀တ်ပြုသူများကို တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ဖြစ်ပေါ်လာသည့် ဆန္ဒပြမှုနှင့် မတည်ငြိမ်မှုများကို ထိန်းချုပ်ရန်အတွက် အစ္စရေးမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပါလက်စတိုင်းများအပေါ် ပြင်းထန်သည့် ဖိနှိပ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

    ထို့ပြင် တိုက်ခိုက်မှုပြုလုပ်သည်ဟုဆိုသော ပါလက်စတိုင်းပြည်သူများနှင့် ၎င်းတို့၏ ဆွေမျိုးများကို ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်၌ နေထိုင်ခွင့်ကို ရုပ်သိမ်းမည်ဟု အစ္စရေးက ယမန်နေ့တွင် ကြေငြာခဲ့သည်။

    ဖိနှိပ်မှုကို မခံမရပ်နိုင်ဖြစ်သော ပါလက်စတိုင်းများ ဆန္ဒပြမှုများနှင့် တိုက်ခိုက်မှုများက ဂျေရုစလင်မှ ပါလက်စတိုင်းပြည်သူများကို ဖယ်ရှားရန် အကြောင်းပြချက်တစ်ခုအဖြစ် အစ္စရေးက အသုံးပြုနေသည်ဟု ပါလက်စတိုင်းတို့၏ အခွင့်အရေးတွက် လှုပ်ရှားနေသည့် Coalition for Jerusalem အဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူ ရီမာအ၀ဒ်က ပြောကြားခဲ့သည်။

    “(တိုက်ခိုက်သူတွေလို့) စွပ်စွဲခံရသူတွေက တိုက်ခိုက်ဖို့ ကြိုးစားတာမျိုးမရှိသလို အပြစ်လည်းမရှိပါဘူး။ ပြီးတာ့ ဥပဒေပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေလည်း မရှိပါဘူး။ ဒါက သက်သေပြလို့မရတဲ့ စွပ်စွဲမှုတွေအတွက် သူတို့ရဲ့ မိသားစုတွေဟာ ဆွမ်းကြီးဝိုင်းလောင်းခံနေရတယ်ဆိုတာကို ပြသနေပါတယ်” ဟု အ၀ဒ်က ပြောကြားခဲ့သည်။

    ယခုလအစ ဆန္ဒပြမှုများ ဖြစ်ပွားကတည်းက အစ္စရေးစစ်တပ်မှ အနည်းဆုံး ပါလက်စတိုင်း ၃၂ ဦးကို ပစ်သတ်ခဲ့ပြီး တိုက်ခိုက်သည်ဟု စွပ်စွဲခံရသူများ၊ လက်နက်မဲ့ ဆန္ဒပြသူများနှင့် ဘေးတွင် ရပ်ကြည့်နေသူများ ပါဝင်ခဲ့သည်။

    အနောက်ဖက်ကမ်း မတည်ငြိမ်မှုမှာ ဂါဇာကမ်းမြှောင်သို့လည်း ပြန့်နှံသွားပြီး ယမန်နေ့တွင် အစ္စရေးက ဂါဇာနယ်စပ်တွင် စစ်တပ်များ ပိုမိုချထားခဲ့ပြီး၊ ဟားမက်စ်အဖွဲ့ကလည်း ယနေ့တွင် ပြင်းထန်စွာ ဆန္ဒပြကြရန် ဆော်သြခဲ့သည်။

    Ref: Aljazeera

  • Time မဂ္ဂဇင်း ဓာတ်ပုံပြိုင်ပွဲမှာ ဆုရခဲ့တဲ့ မြန်မာဓာတ်ပုံဆရာ (Photo News) 

    Time မဂ္ဂဇင်း ဓာတ်ပုံပြိုင်ပွဲမှာ ဆုရခဲ့တဲ့ မြန်မာဓာတ်ပုံဆရာ (Photo News) 

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    aps 2

    – ကမ္ဘာကျော် Time မဂ္ဂဇင်းက ပြုလုပ်တဲ့ iPhone Photography Awards ဓာတ်ပုံပြိုင်ပွဲ ကလေးများကဏ္ဍမှာ ဒုတိယဆုရခဲ့တဲ့ မြန်မာနိုင်ငံမှ ကိုအောင်ပြည့်စိုးရဲ့ ဓာတ်ပုံဖြစ်ပါတယ်။

    iPhone ဒါမှမဟုတ် မိုဘိုင်းဖုန်းတွေနဲ့ ဓာတ်ပုံရိုက်သူတွေအတွက် ၂၀၀၇ ခုနှစ်ကတည်းက နှစ်စဉ် စီစဉ်ကျင်းပပေးခဲ့တဲ့ ဒီပြိုင်ပွဲကို ဒီနှစ်မှာတော့ ခရီးသွား၊ ဗိသုကာ၊ အစားအသောက် စသဖြင့် ကဏ္ဍ ၁၉ ခု စီစဉ်ပေးခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ပြိုင်ပွဲဝင်သူ ထောင်ပေါင်များစွာ ရှိခဲ့ပါတယ်။

    တစ်နှစ်တာအကောင်းဆုံး ဓာတ်ပုံတွေကို ရွေးချယ်ခဲ့ရာမှာတော့ ပိုလန်နိုင်ငံက မိုက်ကယ် ကိုရာလော့စကီးက ပထမ၊ ယူကေမှ ဒေးဗစ် ခရေ့က်က ဒုတိယနဲ့ အမေရိကန်က ဗိုနီလူတို့က တတိယ အသီးအသီး ရရှိခဲ့ပါတယ်။

    ကဏ္ဍတစ်ခုချင်းစီအတွက်လည်း ပထမ၊ ဒုတိယ၊ တတိယဆုတွေကို ချီးမြှင့်ခဲ့ပြီး ကိုရင်လေးနှစ်ပါးရဲ့ ပုံရိပ်ကို အလင်းအမှောင် မျှတစွာနဲ့ ကြည်ညိုဖွယ်ရာ၊ စိတ်ချမ်းမြေ့ဖွယ်ရာ ရိုက်ကူးထားတဲ့ ကိုအောင်ပြည့်စိုးရဲ့ ဒီဓာတ်ပုံက ကလေးငယ်များနဲ့ ပတ်သတ်တဲ့ကဏ္ဍမှာ ဒုတိယဆု ရခဲ့တာဖြစ်ပါတယ်။

    ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ ကိုအောင်ပြည့်စိုးဟာ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့ကဖြစ်တယ်လို့ Facebook အချက်အလက်အရ သိရပါတယ်။ ကိုအောင်ပြည့်စိုးရဲ့ Facebook လင့်ကို ဖော်ပြလိုက်ပါတယ်။

    https://www.facebook.com/apsoe?__mref=message_bubble

  • ချယ်ဆီးသို့ပြန်ရောက်မှုအတွက် နောင်တမရဟု မော်ရင်ဟိုပြော

    ချယ်ဆီးသို့ပြန်ရောက်မှုအတွက် နောင်တမရဟု မော်ရင်ဟိုပြော

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    morinho

    – ရာသီအစ ဆိုးရွားသောရလဒ်များနှင့် ရင်ဆိုင်နေရကာ ဖိအားဒဏ်ကို အလွန်အမင်းခံစားနေရသော်လည်း မိမိအနေဖြင့် ချယ်ဆီးသို့ ပြန်လည်လာရောက်မှုအတွက် နောင်တမရဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ၂၀၀၄ ခုနှစ်မှာ ၂၀၀၇ ခုနှစ်အထိ အင်တာ၊ ရီးယဲလ်တို့နှင့် အောင်မြင်မှုသရဖူများ ဆောင်းနိုင်ခဲ့သည့် မော်ရင်ဟိုမှာ ၂၀၁၃-၁၄ ဘောလုံးရာသီတွင် ချယ်ဆီးသို့ ဒုတိယအကြိမ်မြောက် ပြန်လည်ရောက်ရှိလာခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် ပရီးမီးယားလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ သို့သော်လည်း ယခုနှစ်တွင်မူ စိတ်ပျက်ဖွယ်ရလဒ်များနှင့် ကြုံတွေ့နေရပြီး မော်ရင်ဟိုမှာလည်း ဖိအားများအောက် ရောက်နေသည်။

    “ချယ်ဆီးကို ပြန်လာတဲ့အတွက် ကျွန်တော် နောင်တမရပါဘူး။ ကျွန်တော်ပြန်လာပြီး ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။ စူပါလူစာရင်းကတော့ အဆုံးသတ်သွာခဲ့ပါတယ်။ ဖရန့်လမ်းပတ်ဟာ မျိုးဆက်ကောင်းတစ်ခုကို ကိုယ်စားပြုခဲ့တယ်။ သူမရှိဘဲလည်း ကျွန်တော်တို့ ကြီးမားတဲ့ အောင်မြင်မှု ရခဲ့ပါတယ်။ ဘောလုံးမျိုးဆက်က အဆုံးသတ်သွားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ အောင်မြင်မှု ပိုလိုချင်ပါတယ်။ ကျွန်တော် ခေါင်းရှောင်သွားမှာ မဟုတ်ပါဘူး။ အချိန်ကောင်းတွေ လာတော့မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်ဟာ ဆက်လက် ကြိုးစားသွားပြီး၊ တိုက်ပွဲဝင်သွားမှာပါ။ ပြီးတော့ ရလဒ်ကောင်းတွေကိုလည်း စောင့်သွားမှာပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal

  • အမေရိကန်၏ ဒရုန်းစစ်ဆင်ရေးတွင် ပစ်မှတ်ထားသူများထက် အရပ်သားများသာ ပိုမိုသေဆုံးခဲ့

    အမေရိကန်၏ ဒရုန်းစစ်ဆင်ရေးတွင် ပစ်မှတ်ထားသူများထက် အရပ်သားများသာ ပိုမိုသေဆုံးခဲ့

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    drone

    – အမေရိကန် စစ်ဘက်ဆိုင်ရာ လုပ်ကြံမှုအစီအစဉ်၏ လျှို့ဝှက်မှတ်တမ်းများအရ အာဖဂန်၊ ဆိုမာလီယာနှင့် ယီမင်နိုင်ငံတို့တွင် ပြုလုပ်ခဲ့သည့် ဒရုန်းဖြင့်တိုက်ခိုက်မှုများတွင် သေဆုံးသူအများစုမှာ ပစ်မှတ်ထားသည့် အကြမ်းဖက်သမားများ မဟုတ်ဘဲ အရပ်သားများဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။

    ထိုလျှို့ဝှက်မှတ်တမ်းများကို အွန်လိုင်း ၀ဘ်ဆိုက်တစ်ခုဖြစ်သော The Intercept တွင် ယမန်နေ့က The Drone Papers ဟုခေါ်သည့် စာတမ်းဖြင့် စုံစမ်းစစ်ဆေးမှု အပိုင်း ၈ ပိုင်းခွဲ၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုလျှို့ဝှက်ချက်များအား မည်သူက ပေးအပ်သည်ဆိုသည်ကို ဖော်ပြထားခြင်းမရှိချေ။

    အထောက်အထားများအရ ၅ လကြာမြင့်သည့် အချိန်အတိုင်းအတာ တစ်ခုအတွင်း အဆိုပါ နိုင်ငံ ၃ နိုင်ငံတွင် အမေရိကန်၏ ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုမှ သေဆုံးသူ ၉၀ ရာခိုင်နှုန်းမှာ ရည်ရွယ်ထားသည့် ပစ်မှတ်များ မဟုတ်သည်ကို တွေ့ခဲ့ရသည်။

    နောက်ဆုံးတွင် အမေရိကန်သမ္မတက လက်မှတ်ရေးထိုးပေးရသည့် ဒရုန်းဖြင့်တိုက်ခိုက်မှု လုပ်ငန်းစဉ် အသေးစိတ်ကိုလည်း ထို လျှို့ဝှက်မှတ်တမ်းများတွင် ဖော်ပြထားသည်။

    “ကာကွယ်ရေးဦးစီးချုပ်စဖြစ်လာတဲ့ နေ့ကစပြီး ဒရုန်းလေယာဉ်တွေဟာ အိုဘားမား အဓိကရွေးချယ်တဲ့လက်နက် ဖြစ်လာခဲ့ပြီး တရားစွဲဆိုတာမျိုး ဒါမှမဟုတ် ကြားနာစစ်ဆေးတာမျိုးမလုပ်ဘဲ သတ်ဖြတ်သုတ်သင်ဖို့ ထိုက်တန်တယ်လို့ သူ့အစိုးရက ယူဆတဲ့သူတွေကို စစ်တပ်နဲ့ စီအိုင်အေတို့က ရှာဖွေ သုတ်သင်ခဲ့ပါတယ်” ဟု The Intercept မှ ဂျယ်ရီမီ စကာဟီလ်က ရေးသားထားသည်။

    ပင်တဂွန် ထောက်လှမ်းရေး၊ စောင့်ကြည့်နေရးနှင့် ကင်းထောက်ဌာနမှ ၂၀၁၃ ခုနှစ်တွင် ဖြန့်ဝေခဲ့သည့် စာရွက်စာတမ်းတစ်ခုတွင် အမေရိကန်မှာ ခိုင်မာသည့် အထောက်အထားများမရှိဘဲ ဒရုန်းဖြင့်တိုက်ခိုက်မှုကို မကြာခဏ ပြုလုပ်လေ့ရှိသည်ဟု မှတ်ချက်ပြုခဲ့သည်။

    ပေါက်ကြားလာသည့် ထိုလျှို့ဝှက်မှတ်တမ်းများကို အမျိုးသားလုံခြုံရေးအေဂျင်စီ၏ လျှို့ဝှက်ထောက်လှမ်းရေး လုပ်ငန်းများအား ဖော်ထုတ်ခဲ့သည့် ၀န်ထမ်းဟောင်း အက်ဒ၀ပ်စနိုးဒင်က ပေးခဲ့ခြင်းမဟုတ်ပေ။

    The Intercept က ဖော်ပြမှုများနှင့်ပတ်သက်၍ အိမ်ဖြူတော်အား မေးမြန်းရာတွင် ပြောရေးဆိုခွင့်ရှိသူ ဂျို့ရှ်အားန်နက်စ်က အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးများနှင့်ပတ်သက်၍ သမ္မတအိုဘားမားမှာ တတ်နိုင်သမျှ ထင်သာမြင်သာရှိအောင် ချပြထားပြီးပြီဟု ပြန်လည် ဖြေကြားခဲ့သည်။

    “အဖြစ်မှန်ကိုပြောရရင် အဲဒီ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးတွေဟာ အရပ်သားတွေ ထိခိုက်ဒဏ်ရာရမှု မဖြစ်ဖို့ တော်တော်လး ဆောင်ရွက်ထားပါတယ်။ အဲဒီလို စစ်ဆင်ရေးတွေမှာ အရပ်သားတွေ ထိခိုက်မှုကို တားဆီးဖို့ တွက်ချက်ဆောင်ရွက်ရာမှာ တစ်ခြားသောအစိုးရတွေထက် အမေရိကန်က ပိုပါတယ်” အားန်နက်စ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • မိမိမှာ ၀ိုင်အရက်ကဲ့သို့ဖြစ်သည်ဟု အီဗရာဟီမိုဗစ်ပြော

    မိမိမှာ ၀ိုင်အရက်ကဲ့သို့ဖြစ်သည်ဟု အီဗရာဟီမိုဗစ်ပြော

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    ibrahimovic

    – မိမိမှာ ၀ိုင်အရက်ကဲ့သို့ဖြစ်ပြီး သက်တမ်းရင့်လာလေ ပိုကောင်းလာလေဖြစ်သည်ဟု ပီအက်စ်ဂျီအသင်း၏ တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ပြောကြားလိုက်သည်။

    အီဗရာဟီမိုဗစ်မှာ အသင်းအတွက် ၁၃၇ ပွဲကစားပြီး ဂိုးပေါင်း ၁၁၀ သွင်းယူပေးခဲ့ကာ ယခုလဆန်းပိုင်းတွင် ပီအက်စ်ဂျီအသင်း၏ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းနိုင်သည့် ကစားသမား ဖြစ်လာခဲ့သည်။ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သည့် ၎င်းမှာ ယခုနှစ်အကုန်တွင် ပီအက်စ်ဂျီနှင့် သက်တမ်းကုန်မည်ဖြစ်သည်။

    “အသက်တွေကြီးလာပေမယ့် ကျွန်တော် ဆက်ပြီး တိုးတက်နေတုန်းလို့ ထင်ပါတယ်။ ကျွန်တော်က ၀ိုင်အရက်လို သက်တမ်းရင့်လာလေ ပိုကောင်းလာလေပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပိုခိုင်မာလာတယ်လို့ ကျွန်တော်ထင်တယ်။ ဂိုးဆာလောင်မှု ကြီးကြီးမားမားရှိပြီး အဲဒါက ဂိုးများများ သွင်းနိုင်စေပါတယ်။ စရောက်လာကတည်းက ဒီနေ့အချိန်အထိ ကျွန်တော်လုပ်ခဲ့တာတွေအတွက်လည်း တော်တော်လေး ကျေနပ်မိပါတယ်” ဟု အီဗရာဟီမိုဗစ်က ပြောကြားခဲ့သည်။

    “ကျန်းမာဖို့၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နေဖို့အတွက် ကျွန်တော် ဆက်လက် အာရုံစိုက်ဖို့လိုအပ်ပြီး တတ်နိုင်သလောက် ဆက်လက် လုပ်ဆောင်သွားမှာပါ။ ဒီမှာ ဘာမှ ကျွန်တော့်ကို မတားဆီးနိုင်ပါဘူး။ ကျွန်တော့်ရဲ့ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် အတားအဆီးတွေအားလုံးကို ရိုက်ချိုးခဲ့ပါတယ်”

    Ref: Goal