News @ M-Media

Blog

  • အသင်းသားများ အာရုံစူးစိုက်မှု ရှိကြရန် လီဗာပူးနည်းပြ ကလော့ပ် တောင်းဆို

    အသင်းသားများ အာရုံစူးစိုက်မှု ရှိကြရန် လီဗာပူးနည်းပြ ကလော့ပ် တောင်းဆို

    အောက်တိုဘာ ၁၄၊ ၂၀၁၅
    M-Media

    liver

    – လီဗာပူးလ်အသင်းနှင့် ပထမဆုံး လေ့ကျင့်ခန်းဆင်းသည့် နည်းပြသစ် ကလော့ပ်မှာ ကစားမားများအား အာရုံစူးစိုက်မှုနှင့် နိုင်လိုစိတ် ပိုမိုထားရှိရန် တောင်းဆိုခဲ့သည်ဟု ကွင်းလယ်လူ လူးကပ်စ် လိုင်ဗာက ပြောကြားခဲ့သည်။

    ကလော့ပ်မှာ ပြီးခဲ့သည့် တစ်ပတ်ကမှ လီဗာပူးလ်အသင်း၏ နည်းပြသစ် ဖြစ်လာခဲ့ပြီး ယနေ့တွင် ကစားသမားအားလုံးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၈ နှစ်က လီဗာပူးလ်သို့ ရောက်ရှိလာပြီး နည်းပြ ၅ ဦးအောက်တွင် အလုပ်လုပ်ခဲ့ဖူးသည့် လူးကပ်စ်ကမူ ကလော့ပ်၏ ခေါင်းဆောင်မှုမှာ ယခုအချိန်အထိ အပြစ်ပြောစရာမရှိဟု ဆိုသည်။

    “အခြေအနေက သိပ်ကောင်းပါတယ်။ သူက ကရုဏာကြီးမယ့်ပုံပေါ်ပြီး သူ့မှာရှိသမျှ ပေးဆပ်မယ့် သူပါ။ ကစားသမားတွေကိုလည်း ဒီလိုပေးဆပ်ဖို့ သူက တောင်းဆိုခဲ့ပါတယ်။ အာရုံစူးစိုက်ဖို့၊ အနိုင်ရလိုစိတ်ပိုထားဖို့ စတာတွေကတော့ သူပြောတာတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ အမြဲတမ်းပိုကောင်းအောင် ကြိုးစားဖို့လည်း သူက ပြောခဲ့ပြီး ဒါက အောင်မြင်မှုသော့ချက်လို့ ဆိုပါတယ်” ဟု လူးကပ်စ်က ပြောကြားခဲ့သည်။

    လီဗာပူးမှာ လာမည့် စနေနေ့တွင် စပါးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

    Ref: Dailymail

  • မန်စီးတီးနောက်ခံလူ မန်ဂါလာ၏ ပြောင်းရွှေ့မှု ဖီဖာစုံစမ်းနေ

    မန်စီးတီးနောက်ခံလူ မန်ဂါလာ၏ ပြောင်းရွှေ့မှု ဖီဖာစုံစမ်းနေ

    အောက်တိုဘာ ၁၄၊ ၂၀၁၅
    M-Media

    city

    – ပေါ်တူဂီကလပ် ပေါ်တိုအသင်းမှ မန်စီးတီးသို့ ၂၀၁၄ ခုနှစ်က နောက်ခံလူ အယ်လီယာကွင်း မန်ဂါလာ ပြောင်းရွှေ့မှုတွင် ကုမ္ပဏီတစ်ခု ပါဝင်ခဲ့ပြီး တတိယအုပ်စု ကန့်သတ်ချတ်နှင့် ငြိစွန်းသည်ဟူသော သံသယဖြင့် ဖီဖာက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု တာဝန်ရှိသူတစ်ဦးက အတည်ပြုခဲ့သည်။

    ထိုအပြောင်းအရွှေ့တွင် ပေါ်တိုအသင်းမှာ ပြောင်းရွှေ့ကြေး၏ ၅၆.၆၇ ရာခိုင်နှုန်း ယူရို ၃၀.၅ သန်းသာ ရရှိခဲ့သည်။ ကစားသမားကို တတိယအုပ်စုမှ ပိုင်ဆိုင်ခြင်းကို ဖီဖာက ပြီးခဲ့သည့်နှစ်မေလတွင် ပိတ်ပင်ခဲ့သော်လည်း ပုဂ္ဂလိက ရှယ်ယာကုမ္ပဏီတစ်ခုဖြစ်သည့် Doyen Sports အုပ်စုက မန်ဂါလာ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ခြင်းမပြုမီ မန်ဂါလာအား ပိုင်ဆိုင်မှုအပေါ် ရင်းနှီးမြှုပ်နှံခဲ့သည်။

    “ကျွန်တော်တို့ ဒါကို စုံစမ်းနေပါတယ်” ဟု ဖီဖာပြောရေးဆိုခွင့်ရှိသူ တစ်ဦးက Omnisport သို့ ပြောကြားခဲ့သည်။ ကစားသမားများအား တတိယအုပ်စုက ပိုင်ဆိုင်မှုမှာ ပေါ်တူဂီတွင် ပုံမှန်လိုလို ဖြစ်ပွားနေပြီး Doyen ကုမ္ပဏီမှာ မန်ယူနောက်ခံလူ မာကို့စ်ရိုဂျိုအား ပိုင်ဆိုင်မှုတွင်လည်း ပါဝင်နေသည်။

    Ref: Goal

  • လျှို့ဝှက်စောင့်ကြည့်မှု အစီအစဉ်အတွက် နယူးယောက်ရဲတပ်ဖွဲ့အား မွတ်စလင်များ တရားစွဲခွင့် ပြန်ရ

    လျှို့ဝှက်စောင့်ကြည့်မှု အစီအစဉ်အတွက် နယူးယောက်ရဲတပ်ဖွဲ့အား မွတ်စလင်များ တရားစွဲခွင့် ပြန်ရ

    အောက်တိုဘာ ၁၄၊ ၂၀၁၅
    M-Media

    – ရာဇ၀တ်မှုဆိုင်ရာ သံသယဖြစ်ခြင်း မရှိဘဲ မွတ်စလင်များကို နယူးယောက် ရဲတပ်ဖွဲ့က လျှို့ဝှက် စောင့်ကြည့်မှုနှင့် ပတ်သက်၍ လူ့ခွင့်အရေးရှုထောင့်မှ မွတ်စလင်အသင်းအဖွဲ့များက တရားစွဲဆိုခြင်းမှာ မှန်ကန်သည်ဟု အမေရိကန် အယူခံရုံးက ယမန်နေ့တွင် ဆုံးဖြတ်လိုက်သည်။

    ၉/၁၁ တိုက်ခိုက်မှုပြီးနောက် နယူးယောက်ဒေသတစ်ဝှမ်း၌ ရဲတပ်ဖွဲ့ဝင်များမှာ မွတ်စလင်အသင်းအဖွဲ့များကို လျှို့ဝှက်စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်ဟု AP သတင်းဌာနက ဖော်ပြခဲ့ပြီးနောက် နယူးဂျာစီမှ အီမာမ်များ၊ စီးပွာရေးလုပ်ငန်းရှင်များနှင့် ကျောင်းသားများက ထိုကဲ့သို့ ထောက်လှမ်းခြင်းမှာ မိမိတို့အား ခွဲခြားခြင်း၊ အလုပ်အကိုင်များကို ခြိမ်းခြောက်ခြင်းနှင့် ဘာသာရေး ကျင့်သုံးမှုများကို ထိခိုက်စေခြင်းတို့ အပါဝင် အခြားသော ဆိုးကျိုးများ ရှိခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသည်ဟုဆိုကာ နယူးယောက်ရဲတပ်ဖွဲ့အား ၂၀၁၂ ခုနှစ်တွင် တရားစွဲဆိုခဲ့သည်။

    သို့သော်လည်း နယူးဂျာစီပြည်နယ် နယူးအာ့က်မြို့မှ ခရိုင်တရားသူကြီး ၀ီလီယံ မာတီနီက ၂၀၁၄ ခုနှစ်တွင် အဆိုပါ တရားစွဲဆိုမှုကို ပယ်ချခဲ့ပြီး ထိုထောက်လှမ်းရေးအစီအစဉ်မှာ အကြမ်းဖက်မှုကို ဆန့်ကျင်ခြင်းဖြစ်ကာ မွတ်စလင်ဆန့်ကျင်ရေးမဟုတ်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ဖီလာဒဲလ်ဖီးယားရှိ အယူခံခုံရုံးကမူ ထိုအမှုအား ပြန်လည်ဆန်းစစ်ခဲ့ပြီး အကြမ်းဖက်တန်ပြန်ရေး အစီအစဉ်မှာ ၎င်းတို့၏ အခွင့်အရေးများကို ချိုးဖောက်သည်ဟု မှတ်ယူပါက တရားလိုများမှာ တရားစွဲဆိုခွင့်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။

    “တစ်ခါတစ်လေမှာ အပ်နှင်းခြင်းခံထားရတဲ့အခွင့်ရေး အတင်းအကျပ်ပြုခံရပုံ ပေါ်လာတဲ့ အတွေ့အကြုံမျိုးကနေ ကျွန်တော်တို့ နားလည်ခဲ့တာက ကျွန်တော်တို့ဟာ အခြေခံဥပေဒက ပြဌာန်းထားတဲ့ အခွင့်အရေးအပေါ် ပိုပြီး အာရုံစိုက်ရမယ် ဆိုတာပါပဲ” ဟု အယူခံခုံရုံးမှ တရားသူကြီး သောမတ်စ် အမ်ဘရိုက တရားသူကြီး ၃ ဦး အဖွဲ့ထံ ပေးပို့သည့်စာတွင် ဖော်ပြထားပြီး ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်-ဂျပန်များ အကျယ်ချုပ် ခံထားရမှုကိုလည်း ထောက်ပြခဲ့သည်။

    နယူးယောက်မြို့ ဥပဒေရေးရာဌာနကမူ ထို ဆုံးဖြတ်ချက်အား သုံးသပ်နေသည်ဟု ပြောကြားခဲ့သည်။ အယူခံခုံရုံး၏ ဆုံးဖြတ်ချက်က အမှု၏ အကျိုးသတ်ရောက်မှုကို မဖြေရှင်းနိုင်သော်လည်း ပယ်ချခဲ့သည့် တရားသူကြီး မာတီနီထံသို့ အမှုအား ထပ်မံတင်သွင်းခွင့် ရမည်ဖြစ်သည်။

    “အခြေခံဥပဒေက မွတ်စလင်တွေကို ချွင်းချက်မထားပါဘူး” ဟု အခြေခံဥပဒေ အခွင့်အရေးဆိုင်ရာ စင်တာမှ ဥပဒေရေးရာ ဒါရိုက်တာ ဘဟာရ် အဇ်မီက ပြောကြားခဲ့သည်။

    ထိုအမှုမှာ နယူးယောက်ရဲတပ်ဖွဲ့၏ ထောက်လှမ်းရေးအစီအစဉ်နှင့် ပတ်သက်၍ တရားစွဲဆိုထားသည့် အမှုများထဲမှ တစ်ခုလည်း ဖြစ်သည်။

    နယူးယောက် ပြည်သူ့လွတ်မြောက်ရေးသမဂ္ဂကလည်း ၂၀၁၃ ခုနှစ်တွင် နယူးယောက်ရဲတပ်ဖွဲ့အား ထိုအမှုဖြင့် တရားစွဲဆိုခဲ့ဖူးသည်။ ထို့ပြင် ထိုကဲ့သို့ လျှို့ဝှက်ထောက်လှမ်းမှုမှာ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုကို မည်ကဲ့သို့ စောင့်ကြည့်ရမည်ဆိုသည့် တရားရုံး၏ ကန့်သတ်ထားမှုအား ဖောက်ဖျက်သည်ဟုဆိုကာ လူ့အခွင့်အရေး ရှေ့နေများကလည်း မန်ဟက်တန် ဖက်ဒရယ်တရားရုံးတွင် နယူးယောက်ရဲတပ်ဖွဲ့အား တရားစွဲဆိုခဲ့သည်။

    တရားရုံးများ၏ မှတ်တမ်းများအရ ထိုတရားစွဲဆိုမှုနှစ်ခုစလုံးကို ဖြေရှင်းပြီးပြီဟု သိရသည်။

    Ref: Aljazeera

  • အာဖဂန်ရှိ အဓိက အဝေးပြေးလမ်းကို တာလီဘန်တို့ပိတ်ဆို့

    အာဖဂန်ရှိ အဓိက အဝေးပြေးလမ်းကို တာလီဘန်တို့ပိတ်ဆို့

    အောက်တိုဘာ ၁၄၊ ၂၀၁၅
    M-Media

    afghan

    – အာဖဂန်မြို့တော် ကဘူးလ်တောင်ဘက်ရှိ အဓိက အဝေးပြေးလမ်းမကြီးကို တာလီဘန်များက ယမန်နေ့တွင် ပိတ်ဆို့ခဲ့သောကြာင့် ကဘူလ်းနှင့် ကန်ဒါဟာမြို့များတွင် ကားများ ရာနှင့်ချီ၍ သောင်တင်နေကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း တာလီဘန်များကို တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

    တာလီဘန်များမှာ အဝေးပြေးလမ်းမအား ပိတ်ကာ ဇဘူးလ်ပြည်နယ် နော်ရက်ဒေသကိုလည်း သိမ်းပိုက်ရန် ကြိုးစားနေကြပြီး၊ အဝေးပြေးလမ်းတွင်ရှိနေသည့် တာလီဘန်တပ်မှူး တစ်ဦးကမူ မိမိတို့ခေါင်းဆောင် မွလ္လာ အက်ခ်တာရ် မန်ဆူရ်က ဆုတ်ခွာရန် အမိန့်မပေးမချင်း မိမိတို့က ဖယ်ရှားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    မန်ဆူအား ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ပြီး ၂ လအကြာတွင်ပင် တာလီဘန်အဖွဲ့မှာ နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းများတွင် ဒေသအချို့ကို သိမ်းပိုက်ခဲ့ကြသည်။ ယခုအဖြစ်အပျက်တွင် သေဆုံးဒဏ်ရာရသူ မရှိသေးဘဲ ပြည်သူများကို အခြားလမ်းကြောင်းမှသွားနိုင်ရန် ကူညီနေသည်ဟု တာလီဘန်က ပြောကြားခဲ့သည်။

    Ref: Aljazeera

  • နောက် ၆ နှစ်ကစား၍ ရီးယဲလ်၌ပင် အနားယူမည်ဟု ရော်နယ်ဒိုပြော

    နောက် ၆ နှစ်ကစား၍ ရီးယဲလ်၌ပင် အနားယူမည်ဟု ရော်နယ်ဒိုပြော

    အောက်တိုဘာ ၁၄၊ ၂၀၁၅
    M-Media

    real

    – မိမိအနေဖြင့် ရီးယဲလ်မှ ထွက်ခွာရန် အစီအစဉ်မရှိဘဲ ဂိုးများဆက်သွင်းကာ အသက် ၃၆ နှစ်အထိ ကစားပြီးမှ အနားယူမည်ဟု တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    အသက် ၃၀ အရွယ် ရှိပြီဖြစ်သည့် ရော်နယ်ဒိုမှာ မကြာသေးမီကမှ ဂန္တ၀င်တိုက်စစ်မှူးဟောင်း ရာအူးလ်၏ ၃၂၃ ဂိုး စံချိန်ကို ကျော်ဖြတ်ကာ ရီးယဲလ်၏ ဂိုးအများဆုံးသွင်းသော တိုက်စစ်မှူး ဖြစ်လာခဲ့သည်။ လက်ရှိအချိန်တွင် ၎င်းမှာ အသင်းဟောင်း မန်ယူ၊ သို့မဟုတ် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့တော့မည်ဟု ကောလဟာလများ ထွက်ပေါ်နေသည်။

    “ကျွန်တော့်ရဲ့အိပ်မက်က ရီးယဲလ်မှာ အနားယူဖို့ပါ။ ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်မယ်ဆိုရင် အသက် ၄၀ လောက်အထိကို ကစားနိုင်ပါတယ်။ ကျွန်တော်ကတော့ နောက်ထပ် ၅ နှစ် ၆ နှစ်လောက် ဆက်ကစားချင်ပါသေးတယ်။ ဒီလိုပွဲအရေအတွက် ကစားပြီး ဒီလိုဂိုးတွေ ဆက်သွင်းဖို့လည်း စီစဉ်ထားပါတယ်။ ရီးယဲလ်မှာကစားရတာ ပျော်ရွှင်မိပြီး အကျိုးကျေးဇူးလည်း ရရှိပါတယ်။ ဒီမှာ ကျွန်တော် ဆက်ပြီး ဖလားတွေ ယူချင်ပါတယ်” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    Ref: Goal