News @ M-Media

Blog

  • ယူကရိန်းတွင် ပျက်ကျသည့် မလေးလေယာဉ် ဒုံးကျည်ဖြင့် ပစ်ချခံရခြင်းဖြစ်

    ယူကရိန်းတွင် ပျက်ကျသည့် မလေးလေယာဉ် ဒုံးကျည်ဖြင့် ပစ်ချခံရခြင်းဖြစ်

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    mh1

    – ပြီးခဲ့သည့်နှစ်က ပဋိပက္ခများဖြစ်ပွားရာ ယူကရိန်းအရှေ့ပိုင်းတွင် ပျက်ကျခဲ့သည့် မလေးရှားလေကြောင်းလိုင်းမှ MH 17 လေယာဉ်မှာ ရုရှားက ထုတ်လုပ်သည့် BUK ဖြင့် ပစ်ချခံလိုက်ရခြင်းဖြစ်သည်ဟု ဒက်ခ်ျစုံစမ်းစစ်ဆေးရေးအဖွဲ့ Dutch Safety Board က ယနေ့တွင် တရားဝင် ထုတ်ပြန်လိုက်သည်။

    ဒုံးကျည်မှာ ခရီးသည်နှင့် လေယာဉ်အမှုထမ်းပေါင်း ၂၉၈ ဦး လိုက်ပါသွားသည့် အဆိုပါ လေယာဉ် လေယာဉ်မှူးအခန်း၏ ဘယ်ဘက်ကို ထိမိခဲ့ခြင်းကြောင့် ပေါက်ကွဲပျက်ကျခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ သေဆုံးသူများထဲတွင် နယ်သာလန်မှ ၁၉၃ ဦးဖြင့် အများဆုံးဖြစ်သည်။

    “ဒီထိပ်ဖူးဟာ မြေပြင်က ဝေဟင်ပစ် BUK ဒုံးကျည်စနစ်မှာ တပ်ဆင်တဲ့ ဒုံးကျည်နဲ့ ကိုက်ညီနေပါတယ်” ဟု ဘုတ်အဖွဲ့၏ ဥက္ကဌ တီဂျီဘီ ဂျူစထရာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုဒုံးကျည်ပစ်ခတ်မှုအတွက် တာဝန်ရှိသူကိုမူ ဖော်ပြခဲ့ခြင်းမရှိဘဲ ရုရှားလိုလားသူများနှင့် စစ်မက်ဖြစ်ပွားနေသည့် နိုင်ငံအရှေ့ပိုင်း လေပိုင်နက်ကို ယူကရိန်းက ပိတ်ပစ်သင့်သည်ဟု ဂျူစထရာက ပြောကြားခဲ့သည်။ ယူကရိန်းနှင့် ပဋိပက္ခများဖြစ်နေသည့် အဆိုပါ ခွဲထွက်ရေးသူပုန်များကို ရုရှားက BUK ဒုံးကျည်စနစ် ပေးထားသည်ဟု ယခင်က သတင်းထွက်ဖူးသည်။

    ထို့ပြင် ထိုလေပိုင်နက်အတွင်း ပျံသန်းနေသည့် လေကြောင်းလိုင်း ၆၁ လိုင်းအနေဖြင့် ဖြစ်လာနိုင်သည့် အန္တရာယ်ကို သတိပြုရန်လည်း ဘုတ်အဖွဲ့က သတိပေးခဲ့ကာ လေကြောင်းလိုင်းများမှာ ၎င်းတို့၏ လမ်းကြောင်းရွေးချယ်မှုအတွက် ပိုမို ပွင့်လင်းမြင်သာမှုရှိစေရန် တွန်းအားပေးသည့် ဥပဒေများကိုလည်း နိုင်ငံတကာ လေကြောင်းဥပဒေများတွင် ထည့်သွင်းပြဌာန်းသင့်သည်ဟု အကြံပြုခဲ့သည်။

    Ref: Channelnewsasia

  • စင်ကာပူတွင် မောင်းသူမဲ့ဘတ်စ်ကားများ မကြာမီလာမည်

    စင်ကာပူတွင် မောင်းသူမဲ့ဘတ်စ်ကားများ မကြာမီလာမည်

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    sing

    – စင်ကာပူနိုင်ငံတွင် မောင်းသူမဲ့ Auto Rider ဘတ်စ်ကားများကို စမ်းသပ်မောင်းနှင်လျက် ရှိနေပြီး အစောဆုံး ဒီဇင်ဘာလတွင် Gardens by the Bay သို့ လာရောက်လည်ပတ်သူများ ပန်းခြံများကို လှည့်လည်ကြည့်ရှုနိုင်ရန် ၀န်ဆောင်မှု ပေးသွားမည်ဖြစ်သည်။

    အဆိုပါ Auto Rider တစ်စီးတွင် လူ ၁၀ ဦး တင်ဆောင်နိုင်မည်ဖြစ်ပြီး လက်တွန်းလှည်း အသုံးပြုသူများအတွက် အဆင်ပြေစေရန် အဆင်းအတက်တွင် ဆင်ခြေလျှောတစ်ခုကို ထည့်သွင်းပေးထားကာ Touch ခလုပ်နှိပ်၍ အသုံးပြုနိုင်မည် ဖြစ်သည်။

    ဘတ်စ်ကားများကို ဆွစ်ဇာလန်တွင် စမ်းသပ်ခဲ့ပြီး အေဂျင်စီအများအပြား ပါဝင်သော မောင်းသူမဲ့ကားများ စမ်းသပ်မှု ပွဲဦးထွက်အဖြစ် အာရှတွင် စမ်းသပ်ခြင်းဖြစ်သည်။

    စင်ကာပူ သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနမှာ ယမန်နေ့က နားလည်မှုစာချွန်လွှာနှစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး တစ်ခုမှာ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ PSA နှင့်ဖြစ်ကာ ဆိပ်ကမ်းများအကြား ကုန်များ သယ်ယူပို့ဆောင်ရာတွင် ဗဟိုထိန်းချုပ်မှု နည်းပညာသုံး မောင်းသူမဲ့ ထရပ်ကားများ ထုတ်လုပ်ရန်အတွက် ဖြစ်သည်။ အဆိုပါ ထရပ်ကားများမှာ ရထားများကဲ့သို့ အတွဲလိုက်သွားမည်ဖြစ်ပြီး ထိပ်ဆုံးတစ်စီးကိုသာ ထိန်းချုပ်ရန် လိုအပ်မည်ဖြစ်သည်။

    အခြား စာချွန်လွှာတစ်ခုမှာ Sentosa ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း၊ ST အင်ဂျင်နီယာကုမ္ပဏီတို့နှင့် ဖြစ်ပြီး Sentosa တစ်ဝိုက်တွင် မောင်းသူမဲ့ ဘတ်စ်ကားများ စမ်းသပ်မောင်းနှင်ရေးအတွက်ဖြစ်သည်။

    လက်ရှိအချိန်တွင် A*Star ကုမ္ပဏီမှ Institute for Infocomm Research အသင်း၊ သုတေသနနှင့် နည်းပညာဆိုင်ရာ Singapore-MIT Alliance အဖွဲ့တို့မှာ one-north စီးပွားရေးဇုန်ကြီးတွင် မောင်းသူမဲ့ကားများကို စမ်းသပ်မောင်းနှင်နေပြီး၊ Nanyang နည်းပညာတက္ကသိုလ်ကလည်း ၎င်းတို့၏ ကျောင်းဝန်းထဲတွင် မောင်းသူမဲ့ကားများကို စမ်းသပ်လျက် ရှိနေသည်။

    Ref: News.asiaone

  • Shanghai Masters တွင် ဆဲရေးသည့် သြဇီတင်းနစ်သမား သတိပေးခံရ

    Shanghai Masters တွင် ဆဲရေးသည့် သြဇီတင်းနစ်သမား သတိပေးခံရ

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    tennis

    – တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် Shanghai Masters တင်းနစ်ပြိုင်ပွဲ ယမန်နေ့ပွဲစဉ်တွင် နှုတ်ပိုင်းဆိုင်ရာ ငြင်းညမ်းစွာ ပြောဆိုမှုအတွက် သြစတေးလျ တင်းနစ်သမား နစ်က် ကီရ်ဂီယို့စ်မှာ ပြိုင်ပွဲကျင်းပသူများ၏ သတိပေးခြင်းကို ခံခဲ့ရပြီး ၄ ရက်အတွင်း ၂ ကြိမ်မြောက် သတိပေးခံခဲ့ရခြင်းလည်း ဖြစ်သည်။

    သြစတြီးယားမှ အန်ဒရီယက်စ် ဟိုင်ဒါ-မူရာကို ၆-၃၊ ၆-၂ ဖြင့် အနိုင်ရခဲ့သည့် ပထမအဆင့် ပွဲအပြီးတွင် ကစားရသည့်ကွင်းနှင့် ပတ်သက်၍ ကီရ်ဂီယို့စ်က ဆဲရေးတိုင်းထွာခဲ့ခြင်းဖြစ်သည်။ သောကြာနေ့ကလည်း Japan Open တင်းနစ်ပြိုင်ပွဲ ပြင်သစ်မှ ဘန်းနွိုက် ပိုင်ရီအား ရှုံးနိမ့်ခဲ့သော ကွာတားဖိုင်နယ်ပွဲ၌ တင်းနစ်ဘောလုံးအား ပြိုင်ပွဲကျင်းပသည့်ရုံ၏ ခေါင်မိုးကို ရိုက်ပစ်သည့်အတွက် သတိပေးခြင်း ခံခဲ့ရကာ ဒဏ်ငွေရိုက်ခံရမည့်ဘေးမှ လွတ်ခဲ့သည်။

    သြဂုတ်လက မွန်ထရီယဲလ်တွင် ကျင်းပပြုလုပ်ခဲ့သည့် တင်းနစ်ပြိုင်ပွဲတွင် ပြိုင်ဘက်ကစားသမား၏ ချစ်သူအား စော်ကားပြောဆိုခဲ့သည့်အတွက် ကီရ်ဂီယို့စ်မှာ တင်းနစ်ကစားခြင်းမှ ဆိုင်းငံ့ ၂၈ ရက် ပိတ်ပင်ခြင်း ခံထားရပြီး နောက်ပိုင်းတွင် နှုတ် သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာဖြင့် စည်းကမ်းချိုးဖောက်မှုကြောင့် ဒဏ်ငွေဆောင်ရပါက ထိုပြစ်ဒဏ်ကို ကျခံရမည်ဖြစ်သည်။

    လက်ရှိအချိန်တွင် ပရော်ဖက်ရှင်နယ် တင်းနစ်သမားများအဖွဲ့ ATP က ကီရ်ဂီယို့စ်၏ Shanghai Masters တွင် ဆဲရေးတိုင်းထွာမှုအတွက် ဒဏ်ငွေချမှတ်မည်လား ဆိုသည်ကို စဉ်စားဆုံးဖြတ်မည်ဖြစ်သည်။

    Ref: Dailymail

  • နျူအရေးသဘောတူညီချက်ကို အီရန်ပါလီမန် အတည်ပြု

    နျူအရေးသဘောတူညီချက်ကို အီရန်ပါလီမန် အတည်ပြု

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    – နိုင်ငံ၏ စစ်ဖက်ဆိုင်ရာ အဆောက်အဦးများကို နိုင်ငံတကာ လေ့လာသူများက ကန့်သတ်ချက်ဖြင့်သာ ၀င်ရောက်ခွင့်ရမည်ဟူသော ခြွင်းချက်ဖြင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနှင့် ရရှိခဲ့သည့် နျူအရေးသဘောတူညီချက်ကို အီရန်အောက်လွှတ်တော် (မက်ဂ်ျလစ်) က ယနေ့တွင် အတည်ပြုလိုက်သည်ဟု နိုင်ငံပိုင်သတင်းဌာန IRNA က ကြေငြာခဲ့သည်။

    ထိုသဘောတူညီချက်ကို လက်မှတ်ထိုးထားသည့် အခြားအသော အဖွဲ့များမှ လက်မခံပါက တန်ပြန်ဆောင်ရွက်သွားမည့် ကိစ္စများကိုလည်း လွှတ်တော်အမတ်များက အတည်ပြုခဲ့ပြီး ပညာရှင်ကြီးများဖြင့် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ စောင့်ရှောက်ရေးကောင်စီက နျူသဘောတူညီချက်ကို အတည်ပြုခဲ့ပါက ဥပဒေတစ်ခု ဖြစ်လာမည်ဖြစ်ကာ အီရန်အစိုးရမှာ သဘောတူညီချက်အတိုင်း အကောင်အထည် ဖော်ရမည်ဖြစ်သည်။

    ထိုသဘောတူညီချက်ကို အမေရိကန် အထက်လွှတ်တော် ဆီးနိတ်မှ အတည်ပြုရန်လည်း လိုအပ်ပြီး ရီပက်ဘလစ်ကန်များကမူ အတည်မပြုရန် ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြသည်။ သမ္မတအိုဘားမား အစိုးရကလည်း အတည်ပြုနိုင်ရန်အတွက် ကြိုးစားနေပြီး ထိရောက်မှုရှိနေသည်။

    Ref: RT

  • ဘရာဇီးလ်မှာ အသင်းလိုက် အလုပ်မဖြစ်ဟု ပီလီပြော

    ဘရာဇီးလ်မှာ အသင်းလိုက် အလုပ်မဖြစ်ဟု ပီလီပြော

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    pele

    – ဘရာဇီးလ်အသင်းတွင် တစ်ဦးကောင်းများသာရှိပြီး အသင်းလိုက်တွင် အလုပ်မဖြစ်ဟု ဂန္တ၀င်ကစားသမား ပီလီက ပြောကြားလိုက်သည်။

    အိမ်ရှင်အဖြစ် လက်ခံကျင်းပရသည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ဆီမီးဖိုင်နယ်၌ ဂျာမနီအသင်းအား ၇ ဂိုး ၁ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ဘရာဇီလ်းမှာ ပုံမှန်ခြေစွမ်းကောင်းများကို ပြသနိုင်ခြင်း မရှိတော့ဘဲ ယခုနှစ် ကိုပါအမေရိကတွင်လည်း ကွာတားဖိုနယ်မှ ထွက်ခဲ့ရပြီး အသင်းမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

    ယနေ့မနက်က ကစားခဲ့သည့် ချီလီအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဘရာဇီးလ်မှာ ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ပီလီကမူ အသင်းကျရှုံးခြင်းက ဘရာဇီးလ်နိုင်ငံမှာ ဘောလုံးကို ချစ်မြတ်နိုးမှု နည်းပါးခြင်းကြောင့် မဟုတ်ဟု ဆိုသည်။

    “ကျွန်တော်တို့ ဘောလုံးပေါ်မှာ အချစ်မလျော့ပါဘူး။ ဘရာဇီးလ်အတွက် အကောင်းဆုံးကစားသမားတွေ ရှိပါတယ်။ ကံမကောင်းတာက အသင်းကိုပြင်ဆင်ဖို့ ကျွန်တော်တို့မှာ အချိန်မရှိတာပါ။ တစ်ဦးချင်းစီကောင်းတာက အရေးကြီးပေမယ့် အသင်းကောင်းတစ်သင်းဖြစ်ဖို့တော့ အဖွဲ့လိုက် ကောင်းကောင်းကစားနိုင်ဖို့ လိုအပ်ပါတယ်။ ဒါက ပြဿနာကြီးတစ်ခုပါပဲ။ တစ်ယောက်ချင်းဆီကြည့်ရင် ကျွန်တော်တို့မှာ အကောင်းဆုံးကစားသမားတွေရှိပါတယ်။ အသင်းလိုက်အနေနဲ့ဆိုရင်တော့
    ပြဿနာသိပ်များပါတယ်”

    Ref: Goal