News @ M-Media

Blog

  • NCA အတွက် တိုင်းရင်းသားများနှင့် ဆွေးနွေးပွဲတွင် တရုတ်က ၀င်စွက်ခဲ့သည်ဟု မြန်မာပြော

    NCA အတွက် တိုင်းရင်းသားများနှင့် ဆွေးနွေးပွဲတွင် တရုတ်က ၀င်စွက်ခဲ့သည်ဟု မြန်မာပြော

    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media

    myan
    NCA ဆွေးနွေးမှုမှ ပုံရိပ်တစ်ခု

    – ဆယ်စုနှစ်များစွာ ကြာရှည်ခဲ့သည့် ပဋိပက္ခအား အဆုံးသတ်ရေး ရည်ရွယ်သော တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက် NCA အတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးမှုတွင် တရုတ်နိုင်ငံက ၀င်စွက်ခဲ့သည့် ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် အကြီးတန်း တာဝန်ရှိသူ မင်းဇော်ဦးက ပြောကြားလိုက်သည်။

    တိုင်းရင်းသားလက်နက်ကိုင်အုပ်စု ၁၅ ခုနှင့် အစိုးရတို့ ဆွေးနွေးရာတွင် NCA သဘောတူညီချက်ကို လက်မှတ်ထိုးရန် လက်နက်ကိုင်အဖွဲ့ ၈ ခုကသာ သဘောတူညီခဲ့ပြီး မင်းဇော်ဦးကမူ တရုတ်နိုင်ငံမှ အထူးကိုယ်စားလှယ် ဆန် ဂူဇီယန်းက အဓိက လက်နက်ကိုင်အဖွဲ့ ၂ ခုကို လက်မှတ်မထိုးရန် ဖိအားပေးခဲ့သည်ဟု ဆိုသည်။

    တရုတ်နိုင်ငံကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့သော်လည်း တရုတ်နိုင်ငံအပေါ် မြန်မာအစိုးရ၏ ရှားပါးသော ထိုကဲ့သို့ တရားဝင်အပြစ်တင်မှုက ပြုပြင်ပြောင်းလဲရေးအစိုးရ ၂၀၁၁ ခုနှစ်တွင် အာဏာရယူပြီး နိုင်ငံတကာနှင့် ဆက်ဆံရေး တည်ဆောက်ကာ တရုတ်အပေါ်မှီခိုမှုကို လျော့ချရန် လုပ်ဆောင်လာသည့် မြန်မာနိုင်ငံနှင့် တရုတ်တို့အကြား တင်းမာမှုများ ထပ်မံ မြင့်တက်လာမည့် အခြေအနေ ရှိနေသည်။

    “တည်ငြိမ်မှုကို လိုချင်တယ်လို့ တရုတ်က အမြဲတမ်းပြောတယ်ဗျ။ တကယ်လည်း သူတို့က တည်ငြိမ်မှုကို လိုချင်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ တရုတ်နယ်စပ်တစ်လျှောက်မှာရှိတဲ့ အုပ်စုတွေအပေါ် သြဇာလည်း ညောင်းချင်တယ်” ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ မင်းဇော်ဦးက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် တရုတ်နိုင်ငံ၏ စွက်ဖက်မှုကို ယခုအချိန်အထိ နှုတ်ဆိတ်နေခဲ့သော်လည်း၊ ထုတ်ဖော်ပြောဆိုရမည့်အချိန် ရောက်ပြီဟု ထည့်သွင်းပြောကြားခဲ့သည်။

    မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့၏ လက်မှတ်ထိုးပွဲကို အောက်တိုဘာ ၁၅ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်မည်ဖြစ်ပြီး ဂျပန်နှင့် အနောက်နိုင်ငံများက စောင့်ကြည့်လေ့လာသူအနေဖြင့် တက်ရောက်သွားမည်ဖြစ်သည်။

    စာချုပ် အပြီးသတ်ချုပ်ဆိုသည့်အချိန်တွင် အနောက်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့က စောင့်ကြည့်သူအဖြစ် ပါဝင်ရမည်ဆိုသည့် စာချုပ်မှ အပိုဒ်ကိုလည်း တရုတ်နိုင်ငံက ပယ်ချသည်ဟု မင်းဇော်ဦးက ထည့်သွင်းပြောကြားခဲ့သည်။

    တရုတ်နိုင်ငံကမူ NCA အတွက် ဆွေးနွေးမှုတွင် ၀င်စွက်ခဲ့သည်ဆိုသော မင်းဇော်ဦး၏ ပြောကြားမှုကို ငြင်းဆိုခဲ့သည်။

    “နိုင်ငံအဆင့် အပစ်ရပ်ရေးသဘောတူညီချက်ကို စောစောစီးစီး လက်မှတ်ထိုးဖို့ ဆောင်ရွက်ရာမှာ ကွဲလွဲချက်တွေကို ငြိမ်းချမ်စွာဆွေးနွေးမှုတွေကနေ တစ်ဆင့် ဖြေရှင်းဖို့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက အဖွဲ့အားလုံးကို အပြည့်အ၀ ထောက်ခံအားပေးခဲ့ပါတယ်” ဟု တရုတ် နိုင်ငံခြားရေးရာဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွန်လီက ပြောကြားခဲ့သည်။

    မင်းဇော်ဦးကမူ မြန်မာအစိုးရအနေဖြင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) အဖွဲ့ကို အပစ်ရပ်ရေး လုပ်ငန်းစဉ်အတွက် ဖိတ်ခေါ်ခြင်းမပြုပါက ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မခံရန် တရုတ်က လက်နက်ကိုင်အဖွဲ့အချို့ကို တိုက်တွန်းခဲ့ပြီး အထူးသဖြင့် တစ်ချိန်က တရုတ်နိုင်ငံမှ တောက်ပံ့မှုနှင့် လက်နက်များကို ရရှိခဲ့သည့် ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့အား လက်မှတ်မထိုးရန် တိုက်တွန်းခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    UWSA မှ ပြီးခဲ့သည့်လက ထုတ်ပြန်သည့်ကြေငြာချက်တွင် ယူနန်ပြည်နယ်အစိုးရက မြန်မာနိုင်ငံ၏ အပစ်ရပ်ရေးလုပ်ငန်းစဉ်တွင် အနောက်နိုင်ငံများနှင့် ဂျပန်နိုင်တို့ မပါဝင်စေရန် တောင်းဆိုခဲ့သည်ဟု ဖော်ပြထားသည်။

    “တကယ်လို့ UWSA က သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ရင် မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခတွေမှာ အနောက်နိုင်ငံတွေကို ပါဝင်စေလိုက်သလိုမျိုး ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ယူနန်အစိုးရက ပေးထားတဲ့ ကတိကိုချိုးဖောက်ပြီး NCA ကို လက်မှတ်ထိုးရတဲ့ အခြေအနေမျိုး အဖြစ်မခံလိုပါဘူး” ဟု ၀,တပ်ဖွဲ့မှ ထုတ်ပြန်သော ကြေငြာချက်တွင် ရေးသားထားသည်။

    Ref: Reuters

  • ဆန်းဒါးလန်းနည်းပြသစ် ဆန်အလာဒိုက်စ်ဖြစ်လာ

    ဆန်းဒါးလန်းနည်းပြသစ် ဆန်အလာဒိုက်စ်ဖြစ်လာ

    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media

    sund

    – နည်းပြအဒ်ဗိုကတ်အား ထုတ်ပယ်ခဲ့ပြီးနောက် လစ်လပ်နေသော နည်းပြနေရာအတွက် ဆန်းဒါးလန်းအသင်းမှာ နယူးကာဆယ်နှင့် ၀က်စ်ဟမ်းအသင်းတို့၏ နည်းပြဟောင်း ဆမ်အလာဒိုက်စ်ကို ၂ နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ပြီဖြစ်သည်။

    အဒ်ဗိုကတ်လက်ထက် ပြီးခဲ့သည့်နှစ်က ဆန်းဒါးလန်မှာ တန်းဆင်းဇုန်မှ ကံကောင်းထောက်မစွာ လွတ်ခဲ့သော်လည်း ရာသီသစ်တွင် ယခုအချိန်အထိ နိုင်ပွဲမရသေးဘဲ အဆင့် ၁၉ နေရာတွင် ရှိနေသည်။ အလာဒိုက်စ်မှာလည်း ၀က်စ်ဟမ်းအသင်းနှင့် ပြီးခဲ့သည့်ရာသီက လမ်းခွဲပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသူ ဖြစ်သည်။

    “ဘောလုံးလောကကနေ ခဏနားလိုက်ရတာကို ကျွန်တော် ပျော်ရွှင်ခဲ့ပါတယ်။ အခုတော့ ပြန်လာဖို့ စိတ်အားထက်သန်နေပါတယ်။ ကျွန်တော်ဟာ အီလစ်(ဆန်းဒါးလန်းတာဝန်ရှိသူ) နဲ့ တွေဆုံခဲ့ပြီး အသင်းအကြောင်း တော်တော်ပြောဖြစ်ပါတယ်။ သူရဲ့ ရည်ရွယ်ချက်တွေကိုလည်း ပြောခဲ့ပြီး ကျွန်တော်က အဲဒီရည်ရွယ်ချက်တွေရဲ့ အစိတ်အပိုင်း ဖြစ်ချင်ခဲ့ပါတယ်။ အသင်းတည်ငြိမ်မှုနဲ့ အားလုံးလိုချင်နေတဲ့ အောင်မြင်မှုကို ကျွန်တော် ယူပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

    Ref: Goal

  • ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ဖွံ့ဖြိုးရေးဘဏ်များ ရန်ပုံငွေတိုးပေးမည်

    ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ဖွံ့ဖြိုးရေးဘဏ်များ ရန်ပုံငွေတိုးပေးမည်

    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media

    climate

    – ကမ္ဘာတစ်ဝှမ်း ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် အသုံးပြုရန်အတွက် ၂၀၂၀ ခုနှစ်မှစ၍ ကမ္ဘာ့ဘဏ်အပါအ၀င် ဖွံ့ဖြိုးရေးဘဏ်များမှာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၅ ဘီလီယံ ထပ်တိုးထောက်ပံ့သွားမည်ဟု တာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ကုလ၌ ရာသီဥတုဆိုင်ရာ ဆွေးနွေးမှုများ မပြုလုပ်ခင် ၂ လအရင်က ကမ္ဘာ့ခေါင်းဆောင်များမှာ ကမ္ဘာကြီးပူနွေးလာမှုအား တိုက်ဖျက်ရန်နှင့် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ရင်ဆိုင်ကျော်လွှားနေရသည့် နိုင်ငံများအား ထောက်ပံ့ရန်အတွက် ရန်ပုံငွေ ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ရရှိရန် ဆော်သြခဲ့ပြီး ယခုကဲ့သို့ ဖွံ့ဖြိုးရေးဘဏ်များ၏ ကြေငြာမှုမှာ ထိုပစ်မှတ်အတွက် နီးစပ်လာခဲ့ပြီဖြစ်သည်။

    ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့ဘဏ်မှာ ရာသီဥတုအတွက် ရန်ပုံငွေကို ၂၁ ရာခိုင်နှုန်းမှ ၂၈ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးသွားမည်ဖြစ်ပြီး ထိုပမာဏမှာ ကန်ဒေါ်လာ ၁၆ ဘီလီယံအထိ ရှိလာမည်ဖြစ်သည်။ ဥရောပ ရင်းနှီးမြှုပ်နှံမှုဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အမေရိကန်ဖွံ့ဖြိုးရေးဘဏ်တိုကလည်း ရန်ပုံငွေ အသီးသီး တိုးမြှင့်ပေးရန် ကတိပြုခဲ့ကြပြီး ကန်ဒေါ်လာ ၁၅ ဘီလီယံအထိ တိုးမြှင့်ရရှိမည်ဖြစ်သည်။

    Ref: Channelnewsasia

  • ထိပ်တန်းကစားသမားဖြစ်ချင်လျှင် ကျင့်ဝတ်နှင့် အာရုံစူးစိုက်မှု ရှိရမည်ဟု ဖာဂူဆန်ပြော

    ထိပ်တန်းကစားသမားဖြစ်ချင်လျှင် ကျင့်ဝတ်နှင့် အာရုံစူးစိုက်မှု ရှိရမည်ဟု ဖာဂူဆန်ပြော

    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media

    fergi

    – ကမ္ဘာ့အဆင့်ကစားသမား ဖြစ်ချင်သူများအနေဖြင့် မှန်ကန်သည့် အလုပ်ကျင့်ဝတ်နှင့် အာရုံစူးစိုက်မှု ရှိရမည်ဖြစ်ပြီး  အသင်းအား မိမိ၏ပြောကြားခဲ့သော စကားတိုင်းတွင် ထိုသဘောထားများ ပါဝင်ခဲ့သည်ဟု မန်ယူနည်းပြဟောင်း ဖာဂူဆန်က ပြောကြားလိုက်သည်။

    “အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုက အ၀တ်လဲခန်းထဲမှာ ကိုယ့်ရဲ့ အမူအကျင့်ကို တိုးတက်အောင် လုပ်တာပါပဲ။ ကျွန်တော့်အသင်းမှာ တချို့တွေက ဒါမျိုးရှိကြပါ။ ဒါပေမယ့် ကျွန်တော့်ကိုယ် ကျွန်တော်လည်း ကြည့်ပါတယ်။ ဘယ်တော့မှအရှုံးမပေးဘူး။ ဆုံးဖြတ်ချက်ပြတ်သားတယ်၊ ကျင့်ဝတ်ရှိတယ်။ ကျွန်တော်ဟာ ကျင့်ဝတ်၊ အာရုံစူးစိုက်မှုတွေနဲ့အတူ အမြဲတမ်း အသင်းကို စကားပြောပါတယ်။ စကားပြောတိုင်းမှာလည်း ဒါတွေနဲ့ပဲ ကျွန်တော် အဆုံးသတ်ပါတယ်။ ဘာ့ကြောင်လည်းဆိုတော့ အကောင်းဆုံးကစားသမားဟာ အလုပ်နဲ့ဆိုင်တဲ့ ကျင့်ဝတ်မျိုးမရှိဘူးဆိုရင် ကစားသမားကောင်း ဖြစ်မှာမဟုတ်ပါဘူး”

    အိုးထရက်ဖို့ဒ်၌ ၂၇ နှစ်တာကာလအတွင်း ဖလားပေါင်း ၄၉ လုံး ရရှိခဲ့သည့် ဖာဂူဆန်မှာ မန်ယူအတွက် ကစားပေးပြီး အသက်အရွယ်ကြီးရင့်သွားကာ ထိပ်တန်းခြေစွမ်း မပြနိုင်တော့သည့် ကစားသမားများ အကြောင်းကိုလည်း ပြောကြားခဲ့ပြီး ၎င်းတို့မှာ အသင်း၌ ဆက်နေချင်ကြသော်လည်း မိမိက ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပင် ပြောဆိုကာ အခြားအသင်းသို့ ပြောင်းရွှေ့စေခဲ့ကြောင်း၊ ထို့အတွက် ထိုကစားသမားများမှာလည်း ပြောင်းရွှေ့ကြေးမှ အမြတ်များရကာ ပျော်ရွှင်ကြကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဆီးရီးယားသူပုန်များအား လေ့ကျင့်ပေးမှုကို အမေရိကန် ရပ်ဆိုင်းမည်

    ဆီးရီးယားသူပုန်များအား လေ့ကျင့်ပေးမှုကို အမေရိကန် ရပ်ဆိုင်းမည်

    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media

    – IS အားတိုက်ခိုက်နေသော ဆီးရီးယားမှ အလယ်အလတ်ဝါဒီ သူပုန်များအား လေ့ကျင်ပေးမှုများကို အမေရိကန်က ရပ်တန့်တော့မည်ဖြစ်ပြီး ထိုအစား သူပုန်ခေါင်းဆောင်များနှင့် မြေပြင်တွင် အမှန်တကယ် တိုက်ပွဲဝင်နေသော ၎င်းတို့၏ တပ်ဖွဲ့များအား လက်နက်ခဲယမ်း ထောက်ပံ့မှုကိုသာ ပြုလုပ်သွားမည်ဟု အမေရိကန်အစိုးရက ယမန်နေ့တွင် ကြေငြာခဲ့သည်။

    ယခုနှစ်တွင် စတင်ခဲ့ပြီး ကန်ဒေါ်လာ သန်း ၈၅၀ ခန့် ကုန်ကျမည့် ဆီးရီးယားသူပုန်များအား လေ့ကျင့်ပေးရေးနှင့် လက်နက်ထောက်ပံ့ရေး မအောင်မြင်သော အစီအစဉ်ကို လူအများက ဝေဖန်ခဲ့ပြီးနောက် ယခုကဲ့သို့ ပင်တဂွန်၏ ကြေငြာမှု ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

    လက်နက်များထောက်ပံ့မှုတွင်လည်း သူပုန်များမှာ အကြမ်းဖက်အဖွဲ့များနှင့် မပတ်သက်ကြောင်း အမေရိကန်က စီစစ်ပြီးမှသာ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။ လေးနှစ်ကျော် ကြာပြီဖြစ်သည့် ဆီးရီးယားပြည်တွင်းစစ်တွင် ရုရှားက ပါဝင်လာပြီးနောက်ပိုင်း အမေရိကန်၏ ဆီးရီးယားမဟာဗျူဟာနှင့် ဒေသတွင်း လွှမ်းမိုးမှုများအပေါ် မေးခွန်းများ မြင့်တက်လာခဲ့သည်။

    Ref: Reuters