News @ M-Media

Blog

  • ဒေါ့မွန်နည်းပြဟောင်းကလော့ပ် လီဗာပူးလ်နှင့် စာချုပ်ချုပ်ဆို

    ဒေါ့မွန်နည်းပြဟောင်းကလော့ပ် လီဗာပူးလ်နှင့် စာချုပ်ချုပ်ဆို

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media

    liver

    – ဒေါ့မွန်အသင်း၏ နည်းပြဟောင်းဖြစ်သူ ဂျာဂန်ကလော့ပ်မှာ ယမန်နေ့က တစ်နှစ်လစာ ပေါင် ၆ သန်းဖြင့် လီဗာပူးအသင်းနှင့် ၃ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီဟု သိရသည်။

    ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ဒေါ့မွန်မှ စင်းလုံးငှားလေယာဉ်ဖြင့် မာဆေးဆိုက်သို့ မိသားစုနှင့်အတူ ရောက်ရှိလာသည့် ကလော့ပ်မျာ စာချုပ်ချုပ်ဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် လီဗာပူးလ်ဥက္ကဌ တွမ်ဝါနာပါအ၀င် အသင်းတာဝန်ရှိသူများနှင် ညစာ စားခဲ့ကြသည်။

    ယနေ့မနက် ၁၀ နာရီတွင် ကလော့ပ်မှာ မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်နေ့တွင် စပါးအသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်တွင် အသင်းအား ပထမဆုံး ကိုင်တွယ်ရမည်ဖြစ်သည်။

    Ref: Dailymail

  • ၂၀၁၅ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆု ဘီလာရုဇ် စာရေးဆရာမတစ်ဦး ရရှိ

    ၂၀၁၅ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆု ဘီလာရုဇ် စာရေးဆရာမတစ်ဦး ရရှိ

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media

    nob

    – ယခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို ဆိုဗီယက်ယူနီယံအတွင်းရှိ ကြမ်းတမ်းသောဘ၀များအကြောင်း ရေးသားခဲ့သည့် ဘီလာရုဇ်မှ စာရေးဆရာမ ဆဗက်လာနာ အလက်ဇီဗစ်ခ်ျက ရရှိခဲ့သည်ဟု သိရသည်။

    နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့ဖြစ်သော ဆွီဒင်တော်ဝင်အကယ်ဒမီကမူ ပထမကမ္ဘာစစ်အတွင်း ဆီုဗီယက်အမျိုးသမီးများ၏ ဘ၀၊ ချာနိုဘီလ်တွင် ၁၉၈၆ က ဖြစ်ပွားခဲ့သည့် နျူကလီးယား ဖြစ်ရပ်ဆိုးကြီး၏ နောက်ဆက်တွဲ အဖြစ်အပျက်များနှင့် အာဖဂန်နစ္စတန်တွင် ဆိုဗီယက်စစ်တပ်များ ၀င်ရောက်ကျူးကျော်မှုများအကြောင်းကို ရေးသားခဲ့သည့် အလက်ဇီဗစ်ခ်ျ၏ ၀ထ္တုများမှာ “မိမိတို့ခေတ်တွင် ခံစားရမှုနှင့် ရဲစွမ်းသတ္တိများ၏ အထိမ်းအမှတ်များ” ဖြစ်သည်ဟု ကင်ပွန်းတပ်ခဲ့သည်။

    အလက်ဇီဗစ်ခ်ျမှာ ထို ဆိုးရွားသော အဖြစ်အပျက်များနှင့် ကြုံတွေ့ခဲ့ရသူ ရာပေါင်းများစွာအား တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ၎င်း၏ စာအုပ်များတွင် စနစ်တကျ ထည့်သွင်းရေးသားခဲ့ကာ “တေးသံသာတစ်ပုဒ် သီကုံးခြင်း” ကဲ့သို့ ပြေပြစ်ညက်ညောလှသည်ဟုလည်း နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

    “လူသားတွေရဲ့ အသံတွေကို ဂရုတစ်စိုက် သီကုံးခြင်းဆိုတဲ့ တစ်မူထူးခြားတဲ့ နည်းလမ်းနဲ့ ကျွန်တော်တို့ခေတ် တစ်ခေတ်လုံးရဲ့ သဘောပေါက်နားလည်နိုင်စွမ်းကို အလက်ဇီဗစ်ခ်ျက နက်ရှိုင်းစေခဲ့ပါတယ်” ဟု အကယ်ဒမီက ထုတ်ပြန်သည့် ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ၁၉၄၈ ခုနှစ်တွင် ယူကရိန်း၌ မွေးဖွားသည့် အလက်ဇီဗစ်ခ်ျမှာ ဘီလာရုဇ်အစိုးရအား ဝေဖန်မှုကြောင့် နိုင်ငံရပ်ခြားတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပြီး ပြီးခဲ့သည့် ၄ နှစ်အရင်က နိုင်ငံအတွင်းသို့ ပြန်လာခဲ့ကာ နိုင်ငံရေးလောကမှ ဝေးဝေးနေခဲ့သည်။

    နိုဘယ်ဆုရရှိကြောင်း ကြေငြာခံရပြီးနောက်ပိုင်းတွင် အလက်ဇီဗစ်ခ်ျမှာ ဘီလာရုဇ်၏ သဘောထားတင်းမာသော ခေါင်းဆောင် အလက်ဇန်ဒါ လူကာရှန်ကိုအား ဝေဖန်ခဲ့ကာ ယူကရိန်းကို ရုရှားမှ ကျူးကျော်မှုကိုလည်း ရှုတ်ချခဲ့သည်။

    “ဒါဟာ မတရားသိမ်းပိုက်မှုပါ။ နိုင်ငံတစ်နိုင်ငံကို ကျူးကျော်မှုပါ။ ကောင်းမွန်တဲ့ ရုရှားနိုင်ငံကြီး၊ လူသားချင်းစာနာထောက်ထားတဲ့ ရုရှားနိုင်ငံကြီးကို ကျွန်မ ချစ်ပါတယ်။ ဒါပေမယ့် ဘီရီယာ(စတာလင်ခေတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် တာဝန်ရှိသူ လုံခြုံရေး အကြီးအကဲ)၊ စတာလင်နဲ့ ရှီဂူ (လက်ရှိ ရုရှားကာကွယ်ရေးဝန်ကြီး) တို့ရဲ့ ရုရှားနိုင်ငံကြီးကိုတော့ ကျွန်မ မုန်းပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် အလက်ဇီဗစ်ခ်ျက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • လစ်ဗျားပြဿနာဖြေရှင်းရေး ညီညွတ်သောအစိုးရဖွဲ့စည်း

    လစ်ဗျားပြဿနာဖြေရှင်းရေး ညီညွတ်သောအစိုးရဖွဲ့စည်း

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media

    libya

    – အစိုးရနှစ်ခုဖြစ်နေပြီး မငြိမ်မသက်ဖြစ်နေသည့် လစ်ဗျားပြဿနာ ပြီးဆုံးရေးအတွက် ညီညွတ်သော အစိုးတစ်ရပ်ကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီဟု ကုလသမဂ္ဂက ကိုယ်စားလှယ် ဘာနာဒီနို လီယွန်က ယမန်နေ့တွင် ကြေငြာလိုက်သည်။

    မော်ရိုကိုတွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ထိုကဲ့သို့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၀န်ကြီးချုပ်အဖြစ် ထရီပိုလီအခြေစိုက် အုပ်ချုပ်ရေးအဖွဲ့ဝင် ဖယက်ဇ် ဆာရာဂ်ျကို ခန့်အပ်ထားကာ၊ နိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းတို့ကို ကိုယ်စားပြုထားသည့် လက်ထောက်ဝန်ကြီးချုပ် ၃ ဦး၊ သမ္မတကောင်စီတွင် နောက်ထပ် ၀န်ကြီး ၂ ဦး ပါဝင်မည်ဖြစ်သည်။

    ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြိုင်ဘက်အဖွဲ့များက ထိုညီညွတ်သောအစိုးရသစ်အား လက်ခံခဲ့သော်လည်း ၎င်းတို့အစိုးရအဖွဲ့များ၏ ပါလီမန်များက လက်ခံကြောင်း အတည်ပြုရမည်ဖြစ်သည်။

    Ref: Aljazeera

  • အမေရိကန်ရှိ ချက်ပဲဟေးလ်မြို့တွင် ဗလီဝတ်ကျောင်းတော်တစ်လုံး ဖွင့်လှစ်တော့မည်

    အမေရိကန်ရှိ ချက်ပဲဟေးလ်မြို့တွင် ဗလီဝတ်ကျောင်းတော်တစ်လုံး ဖွင့်လှစ်တော့မည်

    အောက်တိုဘာ ၈၊ ၂၀၁၅
    M-Media

    us

    – မြင့်တက်လာသော အစ္စလာမ်ဘာသာဝင် အရေအတွက်နှင့်အတူ ၎င်းတို့၏ ဘာသာရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချက်ပဲလ်ဟေးလ်မြို့တွင် ပထမဆုံး ဗလီဝတ်ကျောင်းတော်ကို လာမည့် သီတင်းပတ်အနည်းငယ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၅ နှစ်ကြာ စောင့်ဆိုင်းခဲ့ရသည့် မွတ်စလင်များ၏ အိပ်မက်များမှာလည်း အကောင်အထည် ပေါ်လာတော့မည်ဖြစ်သည်။

    “မတူညီတဲ့ ဘာသာတရားတွေကို ကြိုဆိုမှုကြောင့် ချက်ပဲလ်ဟေးလ်က ကျော်ကြားပါတယ်။ ဗလီဝတ်ကျောင်းတော်ဟာ မွတ်စလင် လူ့အဖွဲ့အစည်းအတွက် လိုအပ်တဲ့အရာတစ်ခုပါ။ အနီးဆုံး ဗလီဝတ်ကျောင်းတော်က ဒူရ်ဟမ်မြို့မှာ ရှိပါတယ်။ တစ်ချို့ဆိုရင် ရာလေးလ်မြို့အထိ သွားရပါတယ်” ဟု ချက်ပဲဟေးလ် အစ္စလာမ့်လူ့အဖွဲ့စည်း CHIS မှ အတွင်းရေးမှူး ဆိုဟေးလ်ခန်းက Daily Tarheel သို့ အောက်တိုဘာ ၇ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

    မြို့အတွင်း၌ ခရစ်ယာန်ဘုရားကျောင်း ၅၀ ကျော်ရှိပြီး၊ ဂျူးဘုရားကျောင်းတစ်ခုနှင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၂ ကျောင်းလည်း ရှိလေသည်။ သို့သော်လည်း ဗလီဝတ်ကျောင်းတော် မရှိသည့်အတွက် ချက်ပဲဟေးလ်မှ မွတ်စလင်များမှာ မိမိတို့အိမ်တွင် ၀တ်ပြုခြင်း၊ အခြားမြို့သို့ သွားရောက်၍ ၀တ်ပြုခြင်းနှင့် မွတ်စလင်များ တစ်နေရာတွင် တွေ့ဆုံကာ ၀တ်ပြုရခြင်း စသဖြင့် ၎င်းတို့၏ နေ့စဉ် ဘာသာရေးတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေရသည်။

    “ဒူရ်ဟမ်မှာ ဗလီသုံးလုံး ရှိပါတယ်။ ကျွန်တော့်မှာ ကားရှိတဲ့အတွက်ကြောင့် ကျွန်တော်က အဲဒီကို သွားလို့ရပါတယ်” ဟု မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်တွင် အဟာရဗေဒ အထူးပြုဖြင့် ပညာသင်ကြားနေသော အိုမာရ် ရဇက်က ပြောကြားခဲ့သည်။ ရဇက်မှာ ငယ်ရွယ်စဉ်ကတည်းက ဒူရ်ဟမ်မြို့သို့ သွားရောက်၍ ၀တ်ပြုခဲ့သူဖြစ်သည်။

    “ကျောင်းက တစ်ချို့ကျောင်းသားတွေဟာ ကားမရှိဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါ့ကြောင့် ဗလီမရှိတာဟာ သူတို့အတွက် ထိခိုက်မှုရှိပါတယ်”

    မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်တွင် မွတ်စလင်များအတွက် ၀တ်ပြုဆောင်တစ်ခုရှိပြီး နေ့စဉ် နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်သည်။ သောကြာနေ့ဝတ်ပြုမှုကိုလည်း ထိုဝတ်ပြုဆောင်တွင်ပင် ပြုလုပ်လေ့ရှိသည်။

    စိန်ခေါ်မှုများ

    ချက်ပဲဟေးလ်တွင် ဗလီဝတ်ကျောင်းတော် ရရှိရေးကို ၂၀၁၀ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး CHIS မှာ အိပ်ခန်းလေးခန်းပါ အိမ်တစ်လုံးနှင့် မြေ ၁ ဧက အကျယ်ရှိ ခြံဝန်းတစ်ခုကို ၀ယ်ယူကာ ၀တ်ပြုရာနေရာ ပြုလုပ်ရန်အတွက် ဆောင်ရွက်ခဲ့သည်။

    ၂၀၁၄ ခုနှစ်တွင် ချက်ပဲဟေးလ် အိမ်ယာစီမံကိန်းကော်မရှင်က ထိုမြေနေရာအား အပြောင်းအလဲအနည်းငယ် ပြုလုပ်၍ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရန် ခွင့်ပြုခဲ့သည်။

    “ဒါက လိုအပ်တာထက်ပိုကြာတဲ့ လုပ်ငန်းစဉ်ပါပဲ။ တကယ်တော့ ၂၀၁၄ ခုနှစ် ဇွန်လမှာ ကျွန်တော်တို့ကို ကနဦး ခွင့်ပြုခဲ့ပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းကို ချက်ခြင်း လုပ်ခွင့်ပေးသေးပါဘူး။ နောက်ထပ် ခွင့်ပြုချက်ကလေးတွေ ထပ်ယူရသေးပြီး တစ်နှစ်လောက်ကြာမှ ဆောက်လုပ်ခွင့်ပါမစ် ပေးပါတယ်” ဟု ခန်းက ပြောကြားခဲ့သည်။

    ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရန်အတွက် ရန်ပုံငွေရှာဖွေမှုမှာ ချက်ပဲဟေးလ်မွတ်စလင်များအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ခဲ့သည်။

    “ဒီလိုပြောင်းလဲမှုတွေအားလုံးဟာ အချိန်တွေ၊ ငွေတွေ သိသိသာသာ ကုန်ကျခဲ့ပါတယ်။ ကျွန်တော်တို့က လူနည်းတယ်။ ငွေရဖို့ဆိုတာ ကျွန်တော်တို့အတွက် အမြဲတမ်း စိန်ခေါ်မှု ဖြစ်ခဲ့ပါတယ်”

    ထို့နောက် အလှူငွေများကို ကောက်ခံခဲ့ကာ ကန်ဒေါ်လာ ၁၅၀၀၀၀ အထိ ရရှိခဲ့ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်နိုင်ခဲ့သည်။ အဆိုပါ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်မှုမှာ လာမည့် နိုဝင်ဘာလတွင် ပြီးဆုံးမည်ဟု ခန့်မှန်းထားသည်။

    ချက်ပဲဟေးလ်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက မွတ်စလင် ပရဟိတသမားများဖြစ်သော ဒီယာ ရှက်ဒီ ဘရကသ်၊ ၎င်း၏ ဇနီး မိုဟာမက် အဘူဆလ်ဟာနှင့် ဆလ်ဟာ၏ ညီမဖြစ်သူ ရာဇန် မိုဟာမက် အဘူ ဆလ်ဟာတို့မှာ သေနတ်ဖြင့် ပစ်သတ် ခံခဲ့ရသည်။

    Ref: Onislam

  • နိုင်ငံတကာငွေပေးချေစနစ် တရုတ်စတင်

    နိုင်ငံတကာငွေပေးချေစနစ် တရုတ်စတင်

    အောက်တိုဘာ ၈၊ ၂၀၁၅
    M-Media

    china

    – ယွမ်ငွေအား နိုင်ငံတကာသုံး ငွေကြေးအဖြစ် ဆောင်ရွက်ရန် ရှေ့တစ်လှမ်းတိုးမှုအဖြစ် တရုတ်နိုင်ငံမှာ နိုင်ငံတကာ ငွေပေးချေစနစ် (CIMPS) ကို စတင်လိုက်ပြီဟု နိုင်ငံပိုင်မီဒီယာက ယနေ့တွင် ဖော်ပြခဲ့သည်။

    အဆိုပါစနစ်ကို ရှန်ဟိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ငွေသားပေးချေမှုများ၊ ပြည်တွင်းနှင့် ပြည်ပမှ ဘဏ္ဏာရေးဆိုင်ရာ အဖွဲ့အစည်းများ၏ အရောင်းအ၀ယ်နှင့် ဆက်သွယ်ဆောင်ရွက်များအတွက် ယွမ်ငွေဆိုင်ရာ ၀န်ဆောင်မှုများကို ပေးအပ်သွားမည်ဖြစ်သည်။

    ထို ငွေပေးချေစနစ်က ငွေလဲရာတွင် ကုန်ကျစားရိတ်နှင့် လုပ်ငန်းကြာချိန်ကို လျော့ကျစေခြင်းအားဖြင့် တရုတ်ယွမ်ငွေကို တစ်ကမ္ဘာလုံးအသုံးပြုရာတွင် အလွယ်တကူဖြစ်စေပြီး၊ ယွမ်ငွေသုံးစွဲမှုလည်း မြင့်တက်လာစေမည်ဟု တရုတ်ပြည်သူ့ဘဏ် ဒုတိယ ဥက္ကဌ ဖန်ယီဖိုင်က ပြောကြားခဲ့သည်။

    Ref: Channelnewsasia