အောက်တိုဘာ ၁၂၊ ၂၀၁၅
M-Media
– ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ရာမာလာမြို့အနီး စစ်ဆေးရေးဂိတ်တွင် ယမန်နေ့က ပါလက်စတိုင်းပြည်သူများနှင့် အစ္စရေးစစ်တပ်တို့ ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း အသက် ၁၃ နှစ်အရွယ် ပါလက်စတိုင်း ကလေးငယ်တစ်ဦး ပစ်သတ်ခံခဲ့ရသည်။
အဟ်မဒ်ရှာရာကာဆိုသည့် အဆိုပါကလေးငယ်မှာ လည်ပင်းတွင် ကျည်ဆံမှန်၍ သေဆုံးခြင်းဖြစ်ပြီး အလ်- အက်ဆွာ ဗလီဝတ်ကျောင်းတော်အတွင်း အစ္စရေးစစ်တပ်နှင့် ဂျူးအစွန်းရောက်တို့ ၀င်ရောက်စီးနင်းမှုနောက်ပိုင်း ဖြစ်ပွားခဲ့သည့် မတည်ငြိမ်မှုများတွင် သေဆုံးသူ ပါလက်စတိုင်းအရေအတွက်မှာ ၂၄ ဦးအထိ ရှိလာပြီဖြစ်သည်။
ယမန်နေ့တွင် အရှေ့ဂျေရုစလင်အပါအ၀င် အစ္စရေးက ပိတ်ဆို့ထားသည့် အနောက်ဘက်ကမ်းတွင် ဆန္ဒပြမှု အများအပြား ဖြစ်ပွားခဲ့ပြီး၊ ပါလက်စတိုင်းများနှင့် ဂျူးများအကြား ဓားဖြင့်တိုက်ခိုက်မှုများမှာလည်း မြင့်တက်လာခဲ့ကာ အစ္စရေးမြောက်ပိုင်း ကမ်းရိုးတမ်းမြို့တွင် ပါလက်စတိုင်းတစ်ဦးက ဓားဖြင့်တိုက်ခိုက်သောကြောင့် ဂျူးလေးဦး ဒဏ်ရာရရှိခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.